Wednesday, November 23, 2022

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး ဦးဆောင်ကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေး (၅/၂၀၂၂)သို့ တက်ရောက်အမှာစကားပြောကြား

 

နေပြည်တော် နိုဝင်ဘာ ၂၃

တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး ဦးဆောင်ကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေး (၅/၂၀၂၂)ကို ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ရာ တရားမဝင် ကုန်သွယ်မှုတိုက်ဖျက်ရေး ဦးဆောင်ကော်မတီဥက္ကဋ္ဌ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း တက်ရောက်အမှာစကား ပြောကြားသည်။

အစည်းအဝေးသို့ ဦးဆောင်ကော်မတီ ဒုတိယဥက္ကဋ္ဌ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းရှိန်၊ အဖွဲ့ဝင်များဖြစ်ကြသည့် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအောင်နိုင်ဦး၊ ကာကွယ်ရေးဝန်ကြီးဌာနနှင့် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနတို့မှ ဒုတိယဝန်ကြီးများ၊ တာဝန်ရှိသူများ တက်ရောက်ကြပြီး တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးမှ တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး အထူးအဖွဲ့ဥက္ကဋ္ဌများက Video Conferencing ဖြင့် တက်ရောက်ကြသည်။

ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ်က အမှာစကား ပြောကြားရာတွင် တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး ဦးဆောင်ကော်မတီ ပြင်ဆင်ဖွဲ့စည်းပြီး (၉)လကျော်ကာလအတွင်း တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး အထူးအဖွဲ့နှင့် OSS (One Stop Service) အဖွဲ့ဝင်ဌာနများသည် တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး လုပ်ငန်းများတွင် ယခင်ကထက် ပိုမိုထိထိရောက်ရောက် အကောင်အထည်ဖော်လာနိုင်သည်ကို တွေ့ရကြောင်း၊ ထိုသို့အကောင်အထည်ဖော်နိုင်ရန် တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် ပါဝင်သည့် အဖွဲ့အစည်းများနှင့် ဌာနဆိုင်ရာများ၏ ပူးပေါင်းဆောင်ရွက်မှုကြောင့် ပိုမိုလျင်မြန် ထိရောက်လာသည်ကို တွေ့ရကြောင်း။

အထူးအလေးထား မှာကြားလိုသည်မှာ ကုန်သွယ်မှုလမ်းကြောင်း တစ်လျှောက်ရှိ တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေးအထူးအဖွဲ့များအနေဖြင့် သက်ဆိုင်ရာ ဒေသအတွင်း ရှောင်ကွင်းလမ်းများအပါအဝင် နည်းလမ်းစုံအသုံးပြု ရှောင်ကွင်းသွားသည့် တရားမဝင် ကုန်သွယ်မှုများကို လမ်းကြောင်းတစ်လျှောက် မိမိဒေသနှင့်ထိစပ်နေသည့် ဘေးနံ တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေးအထူးအဖွဲ့များထံ ချိတ်ဆက်သတင်းပေးပို့ တားဆီးစစ်ဆေးနိုင်ရေး ပူးပေါင်းဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်း။

နိုင်ငံတော်ဝန်ကြီးချုပ်နှင့် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များအသင်းချုပ်နှင့် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းရှင်များနှင့် တွေ့ဆုံပွဲတွင် ပြည်တွင်းထုတ်ကုန် တိုးတက်ရေးအတွက် တရားမဝင် ကုန်စည်တင်သွင်းမှုများကို ထိရောက်စွာ အရေးယူဆောင်ရွက်ရန် လိုအပ်သည်ကို လုပ်ငန်းရှင်များက တင်ပြခဲ့ကြကြောင်း၊ ပြည်တွင်းရှိ အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများအနေဖြင့် ပြည်ပမှ အကောက်ခွန်မဲ့ ဝင်ရောက်လာသည့် ကုန်စည်များနှင့် ဈေးနှုန်းအရ ယှဉ်ပြိုင်နိုင်ခြင်း မရှိသည့်အတွက် ရေရှည်ရပ်တည်ရန် ခက်ခဲလာသည့် အခြေအနေကို တင်ပြခြင်းဖြစ်ကြောင်း၊ ထို့ကြောင့် MSME လုပ်ငန်းများ ရှင်သန်ရပ်တည်မှုကို ဖျက်ဆီးနေသည့် တစ်နည်းအားဖြင့် နိုင်ငံ၏စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကို အဟန့်အတားဖြစ်စေသည့် တရားမဝင် ကုန်စည်တင်သွင်းမှုများကို ထိထိရောက်ရောက် တားဆီးစစ်ဆေးကာ ဟန့်တားတိုက်ဖျက် သွားရမည်ဖြစ်ကြောင်း။

၂၀၂၂ ခုနှစ်၊ ဇန်နဝါရီလမှ စက်တင်ဘာလအထိ (၉)လအတွင်း ဖမ်းဆီးရမိမှု စုစုပေါင်း အမှုတွဲ (၃၀၉၅)မှု၊ ခန့်မှန်းတန်ဖိုးကျပ် (၄၅ ဒသမ ၆) ဘီလီယံဖြစ်ပြီး ယခင် နှစ်ကာလတူ ဖမ်းဆီးရမိမှု စုစုပေါင်း အမှုတွဲ(၁၅၅၈)မှုနှင့် ခန့်မှန်းတန်ဖိုးသည် ကျပ်(၆ ဒသမ ၆၂၆) ဘီလီယံ ဖြစ်သည့်အတွက် ကာလတူတွင် အမှုတွဲ(၁၅၃၇)မှုနှင့် ခန့်မှန်းတန်ဖိုးကျပ် (၃၈ ဒသမ ၉၇၄) ဘီလီယံ ပိုမိုဖမ်းဆီးနိုင်ခဲ့ကြောင်း၊ တိုင်းဒေသကြီးနှင့် ပြည်နယ်အလိုက် ဖမ်းဆီးရမိမှုကို ကြည့်မည်ဆိုပါက ဩဂုတ်လနှင့် အောက်တိုဘာလအတွင်း မန္တလေးတိုင်းဒေသကြီးက ဖမ်းဆီးရမိမှုအများဆုံးဖြစ်ပြီး စက်တင်ဘာလအတွင်းတွင် ကရင်ပြည်နယ်က ဖမ်းဆီးရမိမှု အများဆုံးဖြစ်ကြောင်း။

အထူးအဖွဲ့များအနေဖြင့် တရားမဝင်တင်သွင်းလာသည့် အမိုနီယမ်နိုက်ထရိတ်များကို လုံခြုံရေးအသိဖြင့် ဖိဖိစီးစီးစစ်ဆေးရမည်ဖြစ်သကဲ့သို့ တစ်ဖက်တွင်လည်း စိုက်ပျိုးသူ တောင်သူများလက်သို့ လိုအပ်သည့် စိုက်ပျိုးရေးသွင်းအားစုများ အချိန်မီ တရားဝင် အတားအဆီးမရှိ ရောက်ရှိရေး အတားအဆီးမဖြစ်စေရေး စီမံဆောင်ရွက်ထားကြရမည်ဖြစ်ကြောင်း၊ တရားမဝင်ကုန်သွယ်မှု တားဆီးရာတွင် တရားမဝင် ကုန်စည်များကိုသာမက မူးယစ်ဆေးဝါး၊ ပေါက်ကွဲစေတတ်သည့် ပစ္စည်းများ၊ လက်နက်ခဲယမ်းများ၊ ဆက်စပ်ပစ္စည်းများကိုလည်း ဖမ်းဆီးရမိခဲ့သည်ကို တွေ့ရှိရကြောင်း၊ ထို့ပြင် တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး အထူးအဖွဲ့များနှင့် ဌာနဆိုင်ရာများအနေဖြင့် တရားမဝင်ကုန်သွယ်မှုများကို စစ်ဆေးရာတွင် တရားမဝင်လက်နက် ခဲယမ်းများ၊ ပေါက်ကွဲစေတတ်သည့်ပစ္စည်းများ ခိုးဝှက်သယ်ဆောင်ခြင်း မရှိစေရေး အလေးထား စစ်ဆေးသွားကြရမည်ဖြစ်ကြောင်း။

နိုင်ငံအတွင်း အရည်အသွေးပြည့်မီသည့် စားသုံးဆီဖူလုံစေရေး၊ ဈေးနှုန်း တည်ငြိမ်စေရေးအတွက် နိုင်ငံတော်အစိုးရက စနစ်တကျ စီမံဆောင်ရွက်ပေးလျက်ရှိကြောင်း၊ ထိုသို့ဆောင်ရွက်ပေးနေချိန် အကောက်ခွန်မဲ့ တရားမဝင် စားသုံးဆီများ တင်သွင်းသယ်ဆောင်မှုများရှိနေကြောင်း၊ ထို့ကြောင့် အထူးအဖွဲ့များအနေဖြင့် တရားမဝင်စားသုံးဆီ တင်သွင်းမှုများကိုလည်း ထိထိရောက်ရောက် စစ်ဆေးတားဆီး ဖော်ထုတ်ကြရမည်ဖြစ်ကြောင်း။

တရားမဝင်ကုန်သွယ်မှုများ ရှင်သန်ကြီးထွားနေသည့် အကြောင်းခြင်းရာများစွာ ရှိသည့်အနက် သိုဝှက်ရှောင်ကွင်း သယ်ဆောင်မှုများကြောင့် လွတ်သွားခြင်းများရှိသကဲ့သို့ ဝန်ထမ်းအချို့၏ ငွေကြေးရယူခွင့်ပြုမှုများကြောင့် တားဆီးနိုင်မှုမရှိခြင်းများလည်း ရှိကြောင်း၊ ဝန်ထမ်းများအနေဖြင့် သစ္စာရှိရှိ တာဝန်ကျေပွန်စွာ ထမ်းဆောင်သွားကြရန် တိုက်တွန်းမှာကြားလိုကြောင်း၊ ဒေသဆိုင်ရာ အကောက်ခွန်သက်သာခွင့် အစီအစဉ်များအရ အခြားနိုင်ငံများတွင် မရရှိနိုင်သည့် အကောက်ခွန် သက်သာခွင့်မျိုး မိမိတို့နိုင်ငံက ရရှိထားသည်ကိုတွေ့ရကြောင်း၊ မိမိတို့နိုင်ငံထွက်ကုန်စည်များကိုသာ သီးခြားကင်းလွတ်သက်သာခွင့်များ ပေးထားကြောင်း၊ နိုင်ငံတကာ စည်းမျဉ်းစည်းကမ်း၊ ကတိကဝတ်များကို လေးစားလိုက်နာမှုနှင့် မိမိတို့နိုင်ငံအပေါ် အခြားနိုင်ငံများ၏ ယုံကြည်မှုကိုပါ မထိခိုက်စေရေး ဆောင်ရွက်ရန်လိုကြောင်း။

တရားမဝင်ကုန်သွယ်မှုကို လုံးဝပပျောက်အောင် ဆောင်ရွက်ရန် ယခုအချိန်ကာလအထိ မဖြစ်နိုင်သေးသော်လည်း ဖြစ်နိုင်သမျှ နည်းလမ်းများဖြင့် ကာကွယ်တားဆီးဖမ်းဆီးခြင်းများကို အရှိန်အဟုန်မြှင့် ဆက်လက်ဆောင်ရွက်ကြရမည်ဖြစ်ကြောင်း၊ တရားမဝင်ကုန်စည်များ တားဆီးဖမ်းဆီးရေးတွင် တာဝန်ကျေပွန်စွာ ပါဝင်ထမ်းဆောင်ကြသည့် နိုင်ငံ့ဝန်ထမ်းများနှင့် တာဝန်သိစိတ်ဖြင့် သတင်းအချက်အလက်များပေးပို့သော ပြည်သူများကိုလည်း ထိုက်သင့်သည့် အသိအမှတ်ပြုမှု၊ ချီးမြှင့်မှုအနေဖြင့် ဆုကြေးငွေခွဲဝေပေးခြင်းကိုလည်း သတ်မှတ်ချက်နှင့်အညီ မြန်မြန်ဆန်ဆန် ဆောင်ရွက်ပေးကြရမည်ဖြစ်ကြောင်းဖြင့် ပြောကြားသည်။

ထို့နောက် ဦးဆောင်ကော်မတီအတွင်းရေးမှူး ဒုတိယဝန်ကြီး ဦးညွန့်အောင်က တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး ဦးဆောင်ကော်မတီ (၄/၂၀၂၂) ကြိမ်မြောက် လုပ်ငန်းညှိနှိုင်း အစည်းအဝေး ဆုံးဖြတ်ချက်များအပေါ် ဆောင်ရွက်ပြီးစီးမှုများနှင့် တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး ဦးဆောင်ကော်မတီ၏ လုပ်ငန်းဆောင်ရွက်မှုများကို ရှင်းလင်းတင်ပြသည်။

ယင်းနောက် ဦးဆောင်ကော်မတီရုံးလုပ်ငန်းအဖွဲ့ခေါင်းဆောင် ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးအောင်သွင်ဦး၊ အကောက်ခွန်ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးသိန်းဆွေ၊ ကုန်သွယ်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမြင့်သူရ၊ အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာခင်ဇော်၊ ပဲခူးတိုင်းဒေသကြီးနှင့် ကရင်ပြည်နယ်တို့မှ တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး အထူးအဖွဲ့ဥက္ကဋ္ဌများ၊ ဗဟိုစက်ပစ္စည်း စာရင်းအင်းနှင့် စစ်ဆေးရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဟန်ဝင်းအောင်၊ မြန်မာ့မီးရထား ဦးဆောင်ညွှန်ကြားရေးမှူး သူရအောင်မျိုးမြင့်တို့က တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး ဦးဆောင်ကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေး (၅/၂၀၂၂) အမှာစာများကို ဖတ်ကြားတင်ပြကြသည်။

ထို့နောက် ဦးဆောင်ကော်မတီဒုတိယဥက္ကဋ္ဌ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းရှိန်၊ အဖွဲ့ဝင်များဖြစ်ကြသည့် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအောင်နိုင်ဦး၊ ကာကွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးနှင့် တက်ရောက်လာကြသူများက တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေးနှင့်စပ်လျဉ်း၍ သက်ဆိုင်ရာ ကဏ္ဍအလိုက် အသီးသီး ရှင်းလင်းတင်ပြကြသည်။

ယင်းနောက် ဦးဆောင်ကော်မတီရုံးလုပ်ငန်း အဖွဲ့ခေါင်းဆောင်က တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး ဦးဆောင်ကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေး (၅/၂၀၂၂) ဆုံးဖြတ်ချက်(မူကြမ်း)ကို ဖတ်ကြားတင်ပြသည်။

ထို့နောက် တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး ဦးဆောင်ကော်မတီဥက္ကဋ္ဌ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ်က ရှင်းလင်းတင်ပြချက်များအပေါ် ပေါင်းစပ်ညှိနှိုင်းပေးပြီး နိဂုံးချုပ်အမှာစကားပြောကြားကာ အစည်းအဝေးကို ရုပ်သိမ်းခဲ့ကြောင်း သတင်းရရှိသည်။

No comments:

Post a Comment