နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌက တိုင်းပြည်သာယာဝပြောရေး၊ စားရေရိက္ခာပေါများရေး အမျိုးသားရေးလုပ်ငန်းစဉ်(၂)ရပ်ကို ချမှတ်ပေးထားသည်။ အဆိုပါအမျိုးသားရေး လုပ်ငန်းစဉ်နှင့်ပတ်သက်၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က နိုဝင်ဘာလ ၁ ရက်နေ့တွင်ပြုလုပ်သော ပြည်ထောင်စုအစိုးရအဖွဲ့အစည်းအဝေး အမှတ်စဉ် (၈/၂၀၂၂)တွင် ရှင်းလင်းပြောကြားခဲ့သည်။
ချမှတ်ပေးထားသော အမျိုးသားရေးလုပ်ငန်းစဉ်(၂)ရပ်သည်
နိုင်ငံတော်နှင့် နိုင်ငံသားများအားလုံးအတွက် ပကတိလိုအပ်ချက်ဖြစ်သည်။ နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးနှင့်
တိုင်းပြည်အေးချမ်းသာယာရေးအတွက် အောင်မြင်အောင်အကောင်အထည်ဖော် ဆောင်ရွက်ရမည့် အချက်များဖြစ်သည်။
အမျိုးသားရေးလုပ်ငန်းစဉ်မူဝါဒနှင့် ပတ်သက်၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌက
မကြာခဏလမ်းညွှန်မှာကြားလေ့ရှိပြီး အကောင်အထည်ပေါ်အောင်မြင်အောင် သက်ဆိုင်ရာတာဝန်ရှိသူများက
ပြည်သူများနှင့်ပူးပေါင်း လက်တွဲ၍ အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသည်။
စားရေရိက္ခာပေါများရေးအတွက် တစိုက်မတ်မတ်ကြိုးပမ်းဆောင်ရွက်လျက်ရှိရာ
တစ်နှစ်ကျော် ကာလအတွင်း အလားအလာကောင်းများ ပေါ်ထွက်နေပြီဖြစ်သည်။ စားရေရိက္ခာတွင် အဓိကကျသော
ဆန်အထွက်နှုန်းမှာ လုံလောက်ပိုလျှံလာပြီး ပြည်ပသို့ စဉ်ဆက်မပြတ် တင်ပို့နိုင်ခဲ့သည်။
ဆီထွက်သီးနှံနှင့် ပဲမျိုးစုံမှာလည်း ပြည်တွင်း၌ လုံလောက်မှုရှိလာပြီး ပြည်ပသို့ပင်
တင်ပို့နေသည်ကို မြင်တွေ့ရမည်။ ထိုထက်မက ပိုမိုထွက်ရှိပြီး ရောင်းချနိုင်ရန် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌက
အကြံပြုလမ်းညွှန်မှာကြားထားသည်။ လမ်းညွှန်မှာကြားချက်နှင့်အညီ တက်ညီလက်ညီ အကောင်အထည်ဖော်ဆောင်ရွက်နိုင်ပါက
မျှော်မှန်းထားသည့် ရည်မှန်းချက်ပန်းတိုင်သို့ ရောက်ရှိနိုင်မည်ဖြစ်သည်။
မြန်မာနိုင်ငံတွင် စိုက်ပျိုးမြေဧက ၃၃
သန်းရှိရာ အဆိုပါစိုက်ဧက ၃၃ သန်းတွင် သီးထပ်၊ သီးညှပ်များကိုဖြစ်ထွန်းအောင် စိုက်ပျိုးနိုင်မည်ဆိုပါက
သီးနှံအထွက်နှုန်းများ များစွာပိုလာမည်ဖြစ်သည်။ နိုင်ငံတော်၏ မူဝါဒမှာစိုက်ဧကများကို
ထပ်မံမတိုးချဲ့ဘဲ သီးထပ်၊ သီးညှပ် စိုက်ပျိုးနိုင်ရန်ဖြစ်သည်။ လက်ရှိစိုက်ပျိုးနေသော
စိုက်ဧကများကို မထိခိုက်စေဘဲ စိုက်ပျိုးကြရန်နှင့် လိုအပ်ပါက သီးခြားစိုက်ပျိုးမြေကို
အသစ်ဖော်ထုတ်ပြီး လုပ်ကိုင်ကြရန်ဖြစ်သည်။ ဆောင်ရွက်ရာတွင် တစ်ဧကအထွက်နှုန်း ပန်းတိုင်ရည်မှန်းချက်ဖြင့်
လုပ်ကိုင်ကြရမည်ဖြစ်သည်။ သီးထပ်တိုးအောင်၊ အထွက်တိုးအောင် လုပ်ဆောင်ခြင်းဖြင့် စိုက်ပျိုးသီးနှံအထွက်တိုးကာ
တိုင်းပြည်ဝင်ငွေ တိုးတက်ရရှိလာမည်ဖြစ်သည်။
မြန်မာနိုင်ငံသည် စိုက်ပျိုးရေးကိုအခြေခံကာ
စီးပွားရေးကို အဓိကလုပ်ကိုင်ဆောင်ရွက်ကြသည့် နိုင်ငံဖြစ်သည်။ စိုက်ပျိုးထွက်ကုန်အထွက်တိုးလာပြီး
တိုးတက်ရောင်းချနိုင်ပါက ပြည်သူလူထု ဝင်ငွေပိုမိုရရှိလာကာ စီးပွားရေးတိုးတက်လာမည်။
ပြည်သူလူထုစားရေရိက္ခာ လောက်ငဖူလုံပြီး အလုပ်အကိုင်အခွင့်အလမ်းများ ပွင့်လန်းလာကာ စီးပွားရေးတိုးတက်ကောင်းမွန်လာပြီးနောက်
တရားဥပဒေစိုးမိုးရေးကို ထိရောက်စွာဆောင်ရွက်ပေးနိုင်ပါက တိုင်းပြည်အေးချမ်း သာယာဝပြောလာမည်ဖြစ်သည်။
တိုင်းပြည်နှင့် ပြည်သူလူထု စီးပွားရေးကောင်းမွန်လာပြီး လုံခြုံစိတ်ချစိတ်အေးချမ်းသာယာမှုရှိစေရန်အတွက်
တရားဥပဒေစိုးမိုးရေးသည် အရေးကြီးသည့်အချက်ဖြစ်သည်။
ပြည်သူလူထု စားဝတ်နေရေးအဆင်ပြေအောင် ဆောင်ရွက်ပေးနိုင်သော်လည်း
လုံခြုံစိတ်ချမှုမရှိပါက ပြည်သူပြည်သားများ စိတ်ချမ်းသာမည်မဟုတ်ပေ။ ထို့ကြောင့် နိုင်ငံတော်အစိုးရက
စားရေရိက္ခာပေါများရေးနှင့် တိုင်းပြည်သာယာဝပြောရေး အမျိုးသားရေးရည်မှန်းချက်ကို ချမှတ်ကာအလေးထားအကောင်အထည်ဖော်
ဆောင်ရွက်နေခြင်းဖြစ်သည်။ ယခုအခါတွင် စိုက်ပျိုးရေးကိုအခြေခံသည့် ထွက်ကုန်များ တိုးတက်ထွက်ရှိလာသဖြင့်
စီးပွားရေးတိုးတက်လာသည်။ မြန်မာနိုင်ငံ၏ စီးပွားရေးကို ကြည့်မည်ဆိုလျှင် ယခုနှစ်ဧပြီလမှ
စက်တင်ဘာလ ခြောက်လတာကာလအတွင်း ကုန်သွယ်မှုပိုငွေ ၃၅ ဒသမ ၅၁ သန်းရှိခဲ့သည်။ ပြည်ပသွင်းကုန်များအား
ဆက်လက်လျှော့ချနိုင်ရန်အတွက် ပြည်တွင်းထုတ်ကုန်လုပ်ငန်းများ မြင့်မားတိုးတက်လာအောင်
အားပေးမြှင့်တင်ကူညီဆောင်ရွက်ပေးလျက်ရှိသည်။
သို့ဖြစ်ရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏
အမျိုးသားရေးလုပ်ငန်းစဉ်(၂)ရပ်ဖြစ်သည့် တိုင်းပြည်သာယာဝပြောရေး၊ စားရေရိက္ခာပေါများရေးကို
အောင်မြင်စွာ အကောင်အထည်ပေါ် လာအောင် ဆောင်ရွက်နိုင်ရေးအတွက် တရားဥပဒေစိုးမိုးရေးကို
ထိရောက်စွာဆောင်ရွက်နိုင်ရန် ပူးပေါင်းဆောင်ရွက်ကြပြီး စိုက်ပျိုးရေးကိုအခြေခံသည့်
ကုန်ထုတ်လုပ်ငန်းများ တိုးတက်လာအောင် ကြိုးပမ်းဆောင်ရွက်ကြရမည်ဖြစ်ပါကြောင်း။
။
ကြေးမုံအယ်ဒီတာ့အာဘော်
No comments:
Post a Comment