တရားဥပဒေစိုးမိုးရေးနှင့် အေးချမ်းသာယာရေးတို့မှာ တစ်ဆက်တစ်စပ်တည်းဖြစ်သည်။ တရားဥပဒေစိုးမိုးလျှင် ရပ်ရွာအေးချမ်းသာယာမည်ဖြစ်ပြီး တရားဥပဒေစိုးမိုးမှုကင်းမဲ့ပါက ရပ်ရွာပူမည်ဖြစ်သည်။ အများပြည်သူအကျိုးအတွက် ပြဋ္ဌာန်းထားသည့် တရားဥပဒေက လူ့ရပ်လူ့ရွာ၊ လူ့အဖွဲ့အစည်းတို့ကို တည်ငြိမ်အောင်၊ အေးချမ်းအောင် ထိန်းသိမ်းပေးထားခြင်း ဖြစ်ရာ တရားဥပဒေစိုးမိုးမှုမပျက်ပြားစေရန် ဝိုင်းဝန်းထိန်းသိမ်းကြရန်လိုသည်။
“တိုင်းပြည်သာယာဝပြောတယ်ဆိုတာ ငွေချမ်းသာဖို့လည်းရှိလိမ့်မယ်။
စိတ်ချမ်းသာဖို့လည်းလိုတယ်။ ငွေချမ်းသာဖို့ စိတ်ချမ်းသာဖို့လိုတယ်။ တရားဥပဒေစိုးမိုးရေးဖြစ်ဖို့လည်းလိုတယ်။
ဒါမှ တိုင်းပြည်သာယာဝပြောမှာပေါ့။ ဒါမှမဟုတ်ရင် ကျွန်တော်တို့က တပူပူနဲ့။ ငွေကတော့
ချမ်းသာပါတယ်။ လုံခြုံမှုမရှိလို့ရှိရင် အထုပ်ပိုက်ပြီးတော့ ကင်းစောင့်ပြီးအိပ်နေရမှာပေါ့”
ဟူ၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး
မင်းအောင်လှိုင်က ပြည်ထောင်စုအစိုးရအဖွဲ့အစည်းအဝေး အမှတ်စဉ်(၈/၂၀၂၂)တွင် အမှာစကား၌
ထည့်သွင်းပြောကြားခဲ့ရာ ဥစ္စာဓနကြွယ်ဝချမ်းသာရေးအတွက် ကြိုးပမ်း ဆောင်ရွက်ခြင်းနှင့်အတူ
တရားဥပဒေစိုးမိုးရေးအတွက်လည်း ဟန်ချက်ညီစွာ တည်ဆောက်သွားကြရန်ပင်ဖြစ်သည်။
လက်ရှိအခြေအနေတွင် အကြမ်းဖက်မှုများကြောင့်
လူ့အဖွဲ့အစည်းအတွင်း မတည်မငြိမ်ဖြစ်ပေါ် နေမှုကို အခွင့်ကောင်းယူကာ ဒုစရိုက်သမားများ
ခေါင်းထောင်ထကြွလာပြီး အမှုအခင်းများ ဖြစ်ပွားလျက်ရှိသည်ကို တွေ့ရသည်။ ပြီးခဲ့သည့်
အစိုးရလက်ထက်တွင် “တရားဥပဒေစိုးမိုးရေး၊ နိုင်ငံတော်တည်ဆောက်ရေးတို့အတွက် အနှောင့်အယှက်ဖြစ်စေသော
မှုခင်းကျဆင်းရေး” အမြန်ဆုံးဖော်ဆောင်ရန် ပြည်ထောင်စုအစိုးရသို့ တိုက်တွန်းသည့်အဆိုကို
လွှတ်တော်တွင် လွှတ်တော်ကိုယ်စားလှယ်များက တင်သွင်းခဲ့ကြပြီး အမှုအခင်းများ တိုးတက်များပြားနေခြင်းနှင့်
တရားဥပဒေစိုးမိုးရေး အားနည်းနေခြင်းတို့အပေါ် ဝေဖန်သုံးသပ်ဆွေးနွေးခဲ့ကြသည်။ ယင်းသို့
ဆွေးနွေးရာတွင် တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်များက “တရားစွဲအဖွဲ့အစည်း များနှင့်
ပြည်သူအားလုံးပါဝင်ကာ အမျိုးသားရေးအသွင်ဖြင့် စနစ်တကျပူးပေါင်းပါဝင်ရန် လိုအပ်ကြောင်း၊
အမျိုးသားရေးအသွင်ဖြင့် ပူးပေါင်းပါဝင်နိုင်မှသာ မှုခင်းများလျော့နည်း ကျဆင်းနိုင်ကြောင်း၊
တရားဥပဒေစိုးမိုးမှုရှိမည်ဖြစ်ကြောင်း” ဆွေးနွေးခဲ့ကြသည်။
တရားဥပဒေစိုးမိုးရေးဟုဆိုရာတွင် ရဲတပ်ဖွဲ့၊
ဥပဒေ အရာရှိ၊ တရားသူကြီး၊ ရှေ့နေရှေ့ရပ်များနှင့်သာ သက်ဆိုင်သည့်ကိစ္စမဟုတ်ဘဲ ပြည်သူတစ်ရပ်လုံးနှင့်ပါ
သက်ဆိုင်သည့် အရေးဖြစ်သည်။ မိမိတို့နေထိုင်ရာ ရပ်ရွာဒေသများ အေးချမ်းသာယာရေးအတွက် တရားဥပဒေစိုးမိုးရေး
ဆောင်ရွက်ရာတွင် လူတိုင်းပါဝင်ကြ ရမည်ဖြစ်ပြီး တစ်ဦးချင်းမှသည် တစ်ရပ်တစ်ရွာလုံး တာဝန်ယူဆောင်ရွက်နိုင်ကြသည်နှင့်အမျှ
အမှုအခင်းတို့လျော့နည်းကင်းစင်ကာ ရပ်ရွာတို့ မုချအေးချမ်းသာယာနိုင်မည်ဖြစ်ပါကြောင်း။ ။
မြန်မာ့အလင်းအယ်ဒီတာ့အာဘော်
No comments:
Post a Comment