ရန်ကုန် နိုဝင်ဘာ ၁၅
ပဉ္စမအကြိမ်မြောက် သမုဒ္ဒရာနှင့်ကမ္ဘာမြေသိပ္ပံဆိုင်ရာ သုတေသနညီလာခံ စာတမ်းဖတ်ပွဲအခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက ဒဂုံမြို့သစ် အရှေ့ပိုင်းမြို့နယ်ရှိ ဒဂုံတက္ကသိုလ်(ဘွဲ့နှင်းသဘင်ခန်းမ)၌ ကျင်းပသည်။
ရည်ရွယ်ကျင်းပ
အဆိုပါ စာတမ်းဖတ်ပွဲကို မြန်မာနိုင်ငံပညာရေးဝန်ကြီးဌာနနှင့် အခြားဝန်ကြီးဌာနများရှိဦးစီးဌာနများမှ အသိပညာရှင်၊ အတတ်ပညာရှင်များ၊ ဆရာ၊ ဆရာမများ၊ ကျောင်းသား ကျောင်းသူများ သုတေ သနပြုလုပ်ရာတွင် နိုင်ငံတကာသုတေသန အတွေ့အကြုံကောင်းများရရှိစေရန် တရုတ်ပြည်သူ့သမ္မတ နိုင်ငံမှ ပညာရှင်များ၊ အခြားနိုင်ငံမှ ပညာရှင်များနှင့် ချိတ်ဆက်ပြီး အသိပညာ၊ အတတ်ပညာများ ဖလှယ် ခွင့်ရရှိစေရန်၊ ထိုမှတစ်ဆင့် အနာဂတ်ပညာရေး အဆင့်အတန်း ပိုမိုတိုးတက်မြင့်မားလာစေရန်၊ သုတေသန တွေ့ရှိ ချက်များကို လက်တွေ့အသုံးချမည့်ပညာရှင်များ ပေါ်ထွန်းလာစေရန် စသည့်ရည်ရွယ်ချက်များဖြင့် ကျင်းပခြင်းဖြစ်သည်။
ယင်းအခမ်းအနားတွင် ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးစိုးသိန်း၊ ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာဇော်မြင့်နှင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံ သဘာဝအရင်းအမြစ်ဝန်ကြီးဌာန ကွမ်ကျိုးအဏ္ဏဝါဘူမိသိပ္ပံဆိုင်ရာ ဒုတိယဥက္ကဋ္ဌ ဒေါက်တာဂူဝင်ဟေးတို့က အမှာစကားပြောကြားကြပြီး မြန်မာနိုင်ငံဘူမိသိပ္ပံအသင်း ဒုတိယဥက္ကဋ္ဌ ဦးကြည်ထွန်းနှင့် ဒဂုံတက္ကသိုလ်ပါမောက္ခချုပ် ဒေါက်တာသာထွန်းမောင်တို့က ကျေးဇူးတင်ဝမ်းမြောက်စကားပြောကြားခဲ့ကြကာ The 5th International Conference on Substantial Scientific Collaboration of Ocean and Earth Science between Myanmar and China (SSCOE-2022) သုတေသနညီလာခံ ကျင်းပရေးအဖွဲ့ဥက္ကဋ္ဌ ဒေါက်တာစိုးမိုးလွင်က SSCOE သမိုင်းကြောင်းကို ရှင်းလင်းတင်ပြသည်။
ထို့ပြင် တိုင်းဒေသကြီးဝန်ကြီးချုပ်က ရန်ကုန် တိုင်းဒေသကြီး အစိုးရအဖွဲ့ကိုယ်စား ငွေကျပ်သိန်း ၃၀ ကို ဒဂုံတက္ကသိုလ်ပါမောက္ခချုပ်ထံ သုတေသနညီလာခံ အခမ်းအနားကျင်းပနိုင်ရေးအတွက် ထောက်ပံ့ပေးအပ်ပြီး ဖြစ်မြောက်ရေးအတွက် ပံ့ပိုးကူညီပေးကြသူများကို ဂုဏ်ပြုလက်ဆောင်များ ပေးအပ်သည်။
စာတမ်းပေါင်း ၁၄၃ စောင်ဖတ်ကြား
သုတေသနညီလာခံ စာတမ်းဖတ်ပွဲကို နိုဝင်ဘာ ၁၄ ရက်မှ ၁၅ ရက်အထိ ဒဂုံတက္ကသိုလ်၌ ကျင်းပခဲ့ပြီး တရုတ်ပြည်သူ့သမ္မတနိုင်ငံရှိ တက္ကသိုလ်များမှ ဆရာ ဆရာမ သုတေသနပညာရှင်များ၊ ဥရောပနှင့် အရှေ့တောင်အာရှမှ ဆရာ ဆရာမ သုတေသန ပညာရှင်များ၊ မြန်မာနိုင်ငံရှိ တက္ကသိုလ်များမှ ဆရာ ဆရာမ သုတေသန ပညာရှင်များက သုတေသနစာတမ်းပေါင်း ၁၄၃ စောင်ကို တင်သွင်းဖတ်ကြားခဲ့ကြောင်း သိရသည်။
သတင်းစဉ်

No comments:
Post a Comment