အရှင်ရေဝတ(ရွှေကွမ်းသား)
နိုင်ငံ့အကျိုး၊ ပြည်သူ့အကျိုးနှင့် မြန်မာစာပေအကျိုးတို့ကို ထူးချွန်ပြောင်မြောက်စွာ တစ်သက်တာလုံး အားထုတ်ရေးသားပြုစုခဲ့သော ဆောင်ရွက်ချက်များကို နိုင်ငံတော်က အသိအမှတ်ပြုသည့်အနေဖြင့် ယနေ့တွင် အမျိုးသားစာပေ တစ်သက်တာဆု၊ အမျိုးသားစာပေဆုနှင့် စာပေဗိမာန်စာမူဆု ဆုနှင်းသဘင်အခမ်းအနားကို ပြည်ထောင်စုနယ်မြေ နေပြည်တော်၌ ခမ်းခမ်းနားနားကျင်းပပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကိုယ်တိုင် တက်ရောက်၍ စာပေဆုများကို ချီးမြှင့်ပေးအပ်ခဲ့သည်။ ထိုသို့ချီးမြှင့်ပေးအပ်ခဲ့ရာ ဆုရရှိခဲ့ကြသည့် စာပေပညာရှင်ကြီးများ၊ အခမ်းအနားသို့ တက်ရောက်လာကြသည့် အနုပညာရှင်များ၏ ရင်တွင်းပီတိစကားသံများကို အောက်ပါအတိုင်း ဖော်ပြလိုက်ရပါသည်။
အလင်္ကာကျော်စွာ စည်သူဦးကျော်ဇင်ညွန့်(တက္ကသိုလ်မြတ်သူ) ၂၀၂၁
ခုနှစ် အမျိုးသားစာပေ တစ်သက်တာဆုရှင်
စာပေတစ်သက်တာဆုဆိုတဲ့အတိုင်း ကျွန်တော့်တစ်သက်လုံးကလည်း စာပေနဲ့နေလာခဲ့တာပါ။
အသက် ၁၃ နှစ်ကတည်းက ကဗျာရေးဖို့စပြီး ကြိုးစားခဲ့ပါတယ်။ ဒီနေ့အထိဆိုရင် အသက်က ၉၂
နှစ်ထဲရောက်ပြီး စာရေးသက်က ၇၇ နှစ်ရှိပါပြီ။ သတင်းစာတိုက် ကိုးတိုက်မှာ သတင်းထောက်ကနေ
အယ်ဒီတာချုပ်အထိလုပ်ခဲ့တာ ဖြစ်တဲ့အတွက် သတင်းစာအသက်ကလည်း ၆၆ နှစ်ရှိပါပြီ။
တစ်သက်လုံးမှာ ရသစာပေလို့ပြောတဲ့ ကဗျာ၊ ဝတ္ထု၊ ပြဇာတ်တွေကိုလည်း ရေးခဲ့ပါတယ်။ သုတစာပေဖြစ်တဲ့
သတင်းစာပညာကျမ်း စသဖြင့် အခုထိမှတ်မိနေတုန်းပါ။ ဒီမှတ်မိတာတွေ၊ ကိုယ်သိတာတွေကို နောက်ဘဝယူသွားလို့မရတဲ့အတွက်ထားခဲ့ဖို့
သင်တန်းမှန်သမျှ လိုက်ပြောတယ်၊ စာတွေရေးတယ်။ နိုင်ငံပိုင်သတင်းစာတွေမှာ ၈
လေးလုံးပြီးတော့ ရေးတဲ့သူ ရှားသွားတာနဲ့ တစ်နေ့တည်း လေးငါးပုဒ်ရေးတော့ ကလောင်နာမည်တွေက
ပွားပွားသွားတယ်။ ကလောင်နာမည်ခွဲက ၁၉၇ ခုရှိတယ်။ အပုဒ်ရေ နှစ်သောင်းကျော်နဲ့ သတင်းစာ
အယ်ဒီတာခေါင်းကြီးပိုင်း တစ်ထောင်ကျော် ရေးခဲ့ပြီးပါပြီ။ ဝတ္ထုစာအုပ် ၁၈ အုပ်၊
ကဗျာစာအုပ် တစ်အုပ် နဲ့ သုတစာအုပ် ၆၀ ကျော် ရေးခဲ့ပါတယ်။ အခုလည်း
တစ်နေ့တစ်ပုဒ်တော့ ပုံမှန်ရေးနေပါတယ်။ မရေးရရင်ကို မနေနိုင်ဘူး။ ဒီလိုအမျိုးသားစာပေ
တစ်သက်တာဆုကို ရရှိခဲ့တဲ့အတွက် ဝမ်းသာပါတယ်။ အခုလို ဆုချီးမြှင့်ပေးတဲ့အတွက်
နိုင်ငံတော်ဝန်ကြီးချုပ်နဲ့တကွ တာဝန်ရှိသူအားလုံးကို ကျေးဇူးတင်ပါတယ်။
ဦးစိုးတင့် (စိုးတင့်-ဧရာဝတီ) ၂၀၂၁ ခုနှစ် အမျိုးသားစာပေဆုရှင်
ကျွန်တော်ရရှိတဲ့ဆုကတော့ အမျိုးသားစာပေဆု စာပဒေသာဆု ဖြစ်ပါတယ်။
ကျွန်တော်က ငယ်ငယ်လေးကတည်းက စာရေးတာကို ဝါသနာပါခဲ့ပါတယ်။ ၉ တန်းကတည်းက နံရံကပ်စာစောင်တွေမှာစတင်ပြီး
ဆောင်းပါးလေးတွေရေးရင်းကနေ တဖြည်းဖြည်း ဝါသနာပါလာတာဖြစ်ပါတယ်။ ၁၀ တန်းအောင်လို့
တပ်ထဲရောက်တော့ တပ်ထဲမှာ ဒုတိယဗိုလ်ကနေ ဒုတိယဗိုလ်မှူးကြီးအဆင့်အထိ တာဝန်ထမ်းဆောင်တဲ့ကာလမှာ
စာပေနဲ့ အဆက်ပြတ်သလို ဖြစ်သွားပါတယ်။ ပထမဆုံးစက်မှု (၂)ကနေ ပို့ဆောင်ရေးကို
အထွေထွေမန်နေဂျာနဲ့ ရောက်သွားပြီးနောက်မှာ ဌာနရဲ့ကောင်းရာကောင်းကျိုးတွေကို မီဒီယာသမားတွေနဲ့
စာအုပ်စာပေတွေရေးရင်းကနေစပြီး များများစားစား ရေးဖြစ်တယ်။ မဂ္ဂဇင်းတွေနဲ့ နှစ်ပတ်လည်မဂ္ဂဇင်းတွေထုတ်တယ်။
ဌာနရဲ့အကြောင်းကို သတင်းစာတွေထဲမှာ ထည့်တယ်။ တချို့မှတ်သားသင့်တဲ့ အချက်အလက်တွေကို
စွယ်စုံကျမ်းကိုပို့ပြီး အလုပ်တွေလုပ်ရင်း စာပေသမားတွေနဲ့ရင်းနှီးပြီး ကိုယ်ကိုယ်တိုင်လည်း
စာပေကို လုပ်ဖြစ်လာပါတယ်။ ပင်စင်ယူပြီးနောက်ပိုင်းမှာ ပိုပြီးတော့ စာတွေရေးဖြစ်လာပါတယ်။
ကိုဗစ်ကာလရောက်တဲ့အချိန် မေမြို့မှာနေရင်း
“ဖိုးထောင်ဇာတ်လမ်းစုံ” စာအုပ်ကို ရေးဖြစ်ပါတယ်။ အရင်ရေးတုန်းကလည်း “ချစ်သောဧရာဝတီနှင့်
ကျွန်တော် ဘဝမှတ်တမ်းများ” စာအုပ်နဲ့ ၂၀၁၆ ခုနှစ်မှာ ပခုက္ကူဦးအုန်းဖေ
စာပေဆုကိုရရှိခဲ့ပါတယ်။ အခုကတော့ ဒုတိယအကြိမ် ရရှိတာဖြစ်ပါတယ်။ နိုင်ငံတော်ကနေ
အသိအမှတ်ပြုတဲ့အတွက် ဝမ်းသာပါတယ်။ ကျွန်တော်တို့မှာလည်း တာဝန်ကြီးသွားပြီလို့
ခံယူပါတယ်။ နောက်တစ်ခုကလည်း ခေတ်ကာလ အခြေအနေနဲ့ ပြောရမယ်ဆိုရင် ဒီလိုမျိုးတွေ
များများလုပ်ပေးရမှာ ဖြစ်ပါတယ်။ လူငယ်တွေဟာ ကိုယ့်စာပေ၊ ကိုယ့်လူမျိုး၊ ကိုယ့်ယဉ်ကျေးမှုဓလေ့
တွေကို သိရှိနားလည်ပြီး ချစ်မြတ်နိုးမှ ကျွန်တော်တို့ တိုင်းပြည်ရဲ့ အဘက်ဘက်ကနေ လိုအပ်နေတဲ့
အရာတွေကို ကာကွယ်တဲ့အပြင် ဖွံ့ဖြိုးတိုးတက်အောင် လုပ်နိုင်မှာဖြစ်ပါတယ်။ တိုင်းချစ်
ပြည်ချစ် မျိုးချစ်စိတ်ဓာတ်ကို ဖြစ်ပေါ်စေတဲ့ ဒီစာပေကတော့ မဖြစ်မနေ ဦးစားပေးပြီး ဆောင်ရွက်ရမယ့်
အနေအထား ဖြစ်ပါတယ်။ အခုလို စာပေဆုပေးပွဲကြီးကို နိုင်ငံတော်အကြီးအကဲနဲ့ နိုင်ငံတော်ကနေ
အသိအမှတ်ပြုပြီး ဆောင်ရွက်ပေးတဲ့အတွက် အထူးကျေးဇူးတင်ပါတယ်။
မျိုးဆက်သစ်လူငယ်တွေကို ပြောချင်တာက ကျွန်တော်တို့
တိုင်းပြည်ရဲ့အနေအထားက ကုန်းပိုင်းမှာဆို အရှေ့တောင်အာရှ အာဆီယံမှာဆိုရင်
အကြီးဆုံးဖြစ်ပါတယ်။ ကျွန်းမှာဆိုရင် အင်ဒိုနီးရှားက အကြီးဆုံးပေါ့နော်။ ကုန်းပိုင်းမှာ
အကြီးဆုံးဖြစ် တဲ့ ပတ်ဝန်းကျင်နိုင်ငံတွေကလည်း တရုတ်၊ ဘင်္ဂလားဒေ့ရှ်၊ အိန္ဒိယ၊
ယိုးဒယားတို့ စတဲ့နိုင်ငံတွေနဲ့ ထိတွေ့ပြီးတော့ ဈေးကွက်ကလည်း ကြီးတယ်။ သယံဇာတနဲ့ လူဦးရေ
အင်မတန်မျှတတယ်။ မြန်မာဟေ့လိုဆိုပြီး ကျယ်ကျယ်ဝန်းဝန်းနဲ့ ကိုယ့်ဘာသာသာသနာနဲ့နေနိုင်တဲ့
နိုင်ငံဖြစ်တဲ့အတွက် ရှေးကနောင်တော်တွေကို ကျေးဇူးတင်ရမှာ ဖြစ်ပါ တယ်။ ဒီလို တန်ဖိုးထားသင့်တဲ့အရာတွေကို
တန်ဖိုးထားပြီး ဆက်လက်ထိန်းသိမ်းဖို့ဆိုတာ စာပေကနေပဲရမှာဖြစ်တယ်။ စာပေတွေကို
မဖတ်တဲ့အခါ ဒီသမိုင်း၊ ဗဟုသုတတွေကို မသိတော့ မျိုးချစ်စိတ်လည်းမရှိဘူးလို့ အကြမ်းဖျင်းပြောရမှာ
ဖြစ်ပါတယ်။ စာပေဖတ်ခြင်းအားဖြင့် တဖြည်းဖြည်း မျိုးချစ်စိတ်တွေ ပို၍ ထက်သန်လာပြီး တိုင်းပြည်အတွက်
သားကောင်းရတနာတွေ ဖြစ်လာမှာ ဖြစ်ပါတယ်။ အဲဒီလိုတိုင်းပြည်ရဲ့ သားကောင်းရတနာတွေနဲ့ တိုင်းပြည်ကိုချစ်တဲ့
လူငယ်တွေက တကယ်ကိုရိုးသားပြီး အဖွဲ့အစည်းတစ်ခုကို တည်ထောင်နိုင်ရင်တော့ ကျွန်တော်တို့ရရှိထားပြီး
သဘာဝကပေးထားတဲ့ တန်ဖိုးရှိတဲ့အရာတွေကို ပေါင်းစပ်မယ်ဆိုရင် တကယ်ဖွံ့ဖြိုးတိုးတက်မယ့်နိုင်ငံတစ်ခု
မလွဲမသွေဖြစ်မယ်လို့ ကျွန်တော်ယုံကြည်ပါတယ်။ ဒါကြောင့် စာကိုဖတ်စေချင်ပါတယ်။ လူငယ်တွေစာဖတ်ကြပါ။
တိုင်းပြည်ကိုချစ်ကြပါ။ နိုင်ငံတိုင်းမှာ ကိုယ့်တိုင်းပြည် ကိုယ့်လူမျိုးကို ချစ်ကြတယ်။
ကျွန်တော်တို့လည်း ချစ်မှဖြစ်မယ်ဆိုတာကိုတော့ ခေါင်းထဲမှာ အမုန်းတရားတွေဖယ်ပြီး ရှင်းရှင်းလင်းလင်းသိအောင်လုပ်ပြီး
တိုင်းပြည်ကို တစ်ထောင့် တစ်နေရာကနေ လူငယ်တွေက ဖွံ့ဖြိုးတိုးတက်အောင် လုပ်ဆောင်ပေးကြပါလို့
အထူးတိုက်တွန်း လိုပါတယ်။
ဦးမော်သာထွေး ၂၀၂၁ ခုနှစ် အမျိုးသားစာပေဆုရှင်
ဒီဆုကိုရရှိတဲ့ စာအုပ်ကတော့ ငါးအုပ်မြောက်ရေးတဲ့ စာအုပ်ဖြစ်ပါတယ်။
နောက်မှာလည်း နှစ်အုပ် ထပ်ရေးသားထားပါတယ်။ ဆုချီးမြှင့်ပွဲတွေကို
နှစ်တိုင်းကျင်းပတာကတော့ ဂုဏ်ပြုကြသူများကို ဂုဏ်ပြုခြင်း၊ ဆုပေးအပ်သူများကို ဆုပေးခြင်း
ဖြစ်ပါတယ်။ ကျွန်တော်ပိုပြီး သတိထားမိလာတာ ကတော့ မနှစ်ကနဲ့ ဒီနှစ်မှာ
အရှိန်အဟုန်နဲ့ ဆောင်ရွက်လာတာ မြင်ရပါတယ်။ အားကစားဆိုလည်း အားကစား၊ ယဉ်ကျေးမှုဆိုလည်း
ယဉ်ကျေးမှု၊ အနုပညာဆိုလည်း အနုပညာ၊ စာပေဆိုလည်း စာပေပိုပြီးတော့ အလေးနက်ထား အားပေးလာတယ်။
နိုင်ငံတော်အကြီးအကဲကိုယ်တိုင်က Video Clip လောက်နဲ့တင် နှုတ်ဆက်တာ မဟုတ်တော့ဘဲ နေရာတိုင်းကို
အရောက်သွားပြီး နိုင်ငံရဲ့ဖွံ့ဖြိုးမှုတွေကို အထူးအာရုံစိုက်ချင်တဲ့အတွက်ကြောင့်
အပင်ပန်းခံပြီးတော့ လုပ်နေတာ တွေ့ရပါတယ်။ အဓိကတော့ အဲဒီထဲမှာ ကျွန်တော်တိုနဲ့ သက်ဆိုင်တဲ့
အမျိုးသားစာပေ၊ နိုင်ငံတော်စာပေ မြှင့်တင်ရေးအတွက် အားသွန်ခွန်စိုက်လုပ်နေတာ တွေ့ရတဲ့အတွက်
ဝမ်းသာပါတယ်။
ကျွန်တော်ရေးတိုင်း ကျွန်တော့်ရဲ့ စာပေအားနည်းချက်လို့
ပြောလို့ရတဲ့ အချစ်ဝတ္ထု၊ သာမန် ဖန်တီးတဲ့ ဝတ္ထုတွေကို မရေးတတ်ပါဘူး။ ကျွန်တော်လုပ်ငန်းနဲ့
ဘဝကရခဲ့တဲ့ အတွေ့အကြုံတွေ၊ စာဖတ် အားတွေနဲ့ပေါင်းပြီး ပြည်သူကို ဗဟုသုတရစေချင်တဲ့စာတွေကိုပဲ
ဦးစားပေးပြီး ရေးပါတယ်။ အခုဆုရရှိတဲ့စာအုပ်ကို ဘာဖြစ်လို့ရေးရသလဲဆိုရင်
နိုင်ငံတော်က လျှပ်စစ်နဲ့စွမ်းအင်အကျပ်အတည်း ဖြစ်တော့မယ်ဆိုတာကို ကျွန်တော်ကကြိုမြင်တယ်။
ဘာကြောင့်လည်းဆိုတော့ ကမ္ဘာ့နိုင်ငံ အသီးသီးကို လေ့လာကြည့်တယ်။ မြန်မာနိုင်ငံအရေး၊
အရှေ့၊ အနောက်အရေးတွေကို ခြုံငုံသုံးသပ်ပြီး ရှေ့မီ၊ နောက်မီ၊ အလယ်မီဆိုတဲ့
အနေအထားမှာ သိစေ ချင်တဲ့အတွက် ကိန်း၊ ဂဏန်း ၊ ဇယား ၊ မှတ်တမ်းအပြည့်အစုံနဲ့ စာမျက်နှာ
၄၅၀ လောက်ရှိပါတယ်။ မြန်မာနိုင်ငံက လျှပ်စစ်နဲ့ စွမ်းအင်အကျပ်အတည်းကို ရုန်းထွက်ဖို့ဆိုရင်
ဒီစာအုပ်ကို ပြည်သူတွေ လက်ထဲကို ရောက်စေချင်တယ်။ ဒါကြောင့် အားလုံးကို ခြုံငုံပြီး
ပြည်သူတွေဖတ်လို့ ၊ နားလည်လို့ လွယ်အောင် ကျွမ်းကျင်မှုဘာသာရပ်တွေကို
သာမန်လူတွေနားလည်နိုင်အောင်အထိ ချပြီးတော့ ရေးထားတာ ဖြစ်ပါတယ်။ ဒီစာအုပ်နဲ့ ပတ်သက်
ပြီးတော့ ဆုရတဲ့အတွက်ကြောင့် ကျွန်တော်နဲ့ ကျွန်တော်ရဲ့ စာဖတ်ပရိသတ်ကြီးအတွက်ပါ
ဝမ်းသာကြောင်းပြောလိုပါတယ်။ အခုစာအုပ်ကတော့ အင်္ဂလိပ်လို ရေးသားထားတာ ဖြစ်ပါတယ်။
ဒီစာအုပ်ရဲ့ရှေ့မှာ မြန်မာလို ရေးသားထားတဲ့ စာအုပ်ကတော့ ထွန်းဖောင်ဒေးရှင်းဆုပဲ
ရရှိပါတယ်။
ဆရာဇော်ဂျီရဲ့ စကားလေးကို ကျွန်တော် မှတ်ထားပါတယ်။
စာကောင်းပေကောင်း ဖြစ်ချင်ရင် စိတ်ကောင်းအရင်ထားပါ။ အဲဒီစကားလေးက
တန်ဖိုးသိပ်ရှိပါတယ်။ ပြည်သူတွေကို ဘယ်လို အကျိုးရှိစေချင်တာလည်းဆိုတဲ့ စိတ်လေးထားပါ။
ပြည်သူတွေကို အသိဉာဏ်ဗဟုသုတပေးချင်တယ် ဆိုတဲ့ စိတ်လေးနဲ့ပဲ ရေးခဲ့တာဖြစ်တဲ့အတွက်ကြောင့်
အချို့စာရေးဆရာကြီးတွေလို အကွန့်အညွန့် အဖွဲ့အနွဲ့လေးတွေ အားနည်းကောင်း အားနည်းနိုင်
ပါတယ်။ ဒါပေမယ့် ဖြစ်ချင်တဲ့အချက်အလက်၊ ကိန်းဂဏန်းနဲ့ စေတနာကိုတော့ အဲဒီထဲမှာ ထည့်ထားပါတယ်။
မျိုးဆက်သစ်စာရေးဆရာများနဲ့ ကိုယ့်ထက်ကြီးတဲ့ နောင်တော်ကြီးများ၊ ညီအစ်ကို
မောင်နှမများအနေနဲ့ အားထုတ်ပြီး ပြည်သူတွေ အကျိုးရှိအောင် စိတ်ကောင်းစေတနာကောင်းနဲ့ရေးကြဖို့
အာရုံစိုက်ပေးကြပါလို့ ကျွန်တော်က မေတ္တာရပ်ခံလိုပါတယ်။
ဒေါက်တာ သန်းထိုက် ၂၀၂၁ ခုနှစ် အမျိုးသားစာပေဆုရှင်
ကျွန်တော် ဒီဆုကိုရရှိတဲ့အတွက် ဝမ်းသာပါ တယ်။ နောက်ပိုင်းမှာ
အကျိုးရှိတဲ့ စာပေတွေကို ရေးနိုင်အောင် ကြိုးစားနေပါတယ်။ အခုက အသုံးချသိပ္ပံကိုပဲ ဦးစားပေးနေပါတယ်။
တကယ်ကို အကျိုးရှိမယ့် လုပ်ငန်းရှင်တွေအတွက်အကျိုးရှိမယ့် အရာတွေကိုရွေးပြီးတော့
ရေးလေ့ရေးထ ရှိပါတယ်။ ဆုရရှိမယ်လို့လည်း မမျှော်လင့်ပါဘူး။ စာပေသမားလောကကြားမှာ
အခုလိုစပြီးတော့ ဆုရရှိတဲ့အတွက် လည်း ကျေးဇူးတင်ပါတယ်။ အခုဆုရတဲ့စာအုပ်က
စားသောက်ကုန်လုပ်ငန်းရှင်၊ တက္ကသိုလ်၊ အသေးစားစက်မှုလက်မှုလုပ်ငန်းတွေကို
ပညာပေးဖို့ ရေးသားထားတဲ့ စာအုပ်ဖြစ်တဲ့အတွက် ဝမ်းသာပါတယ်။ နောက်ထပ်စာတွေကို
ဆက်ရေးဖို့ ခွန်အားပေးတဲ့ သဘောဖြစ်ပါတယ်။
အရှင်ရေဝတ(ရွှေကွမ်းသား) ၂၀၂၁ ခုနှစ်
စာပေဗိမာန်စာမူဆုရှင်
ဆရာတော်က သုတပဒေသာ (ဝိဇ္ဇာ) ဒုတိယဆုကို လာရောက်ယူတာ ဖြစ်ပါတယ်။
သမိုင်းတွေကို အဓိကထားရေးသားတာဖြစ်ပါတယ်။ တွံတေးသမိုင်းလည်း ရေးထားသေးတယ်။ အခုလက်ရှိရတာ
ကတော့ ဘိုကလေးရဲ့ မှတ်တမ်းဇာတ်လမ်းအလင်္ကာ သမိုင်းဖြစ်ပါတယ်။ ဘာကြောင့်လည်းဆိုတော့
နိုင်ငံမှာ သမိုင်းတွေပျောက်သွားရင် လူမျိုးတွေ ပျောက်ဖို့ပဲရှိတော့တယ်။
ဦးပဉ္စင်းတို့က ကိုယ့်နိုင်ငံရဲ့ သမိုင်းတွေ မပျောက်ပျက်အောင်၊
မျိုးချစ်စိတ်ဓာတ်တွေ ရှင်သန်အောင်၊ ကိုယ့်လူမျိုး၊ ကိုယ့်ဘာသာ သာသနာကို
ထိန်းသိမ်းတတ်လာအောင် ဒါတွေကို ရှေးရှုပြီးတော့ ရေးသားတာများပါတယ်။ အခုလို
နိုင်ငံတော်အကြီးအကဲတွေက ဆုတွေနဲ့ ချီးမြှောက်တာကိုလည်း ဝမ်းမြောက်ဝမ်းသာဖြစ်မိပါတယ်။
မျိုးဆက်သစ်လူငယ်တွေ သမိုင်းတွေကို မပျောက်ပျက်အောင် ကိုယ့်လူမျိုး၊ ကိုယ့်ဘာသာ၊
သာသနာကို စောင့်ရှောက်လာအောင်၊ ကိုယ့်ယဉ်ကျေးမှုကို ထိန်းသိမ်းနိုင်အောင် ကြိုးစားစေချင်ပါတယ်။
အရင်တုန်းက အခုလိုဆုမျိုးမရပါဘူး။ သာမည ဆုလေးပဲ ရရှိဖူးပါတယ်။ ဒီဆုကတော့ ပထမဦးဆုံး
ဆုဖြစ်ပါတယ်။ ယဉ်ကျေးမှုတွေ မပျောက်ပျက်မှ လူမျိုးမပျောက်မှာ ဖြစ်တယ်။ လူမျိုးမပျောက်မှ
တိုင်းပြည်မပျောက်မှာဖြစ်တယ်။ တိုင်းပြည်နဲ့ လူမျိုးကိုစောင့်ရှောက်တဲ့ စာပေတွေများများ
ပေါ်ထွန်းဖို့ အရေးကြီးပါတယ်။
ဒါရိုက်တာ ဦးကြည်စိုးထွန်း
ဘယ်အနုပညာ လုပ်ငန်းပဲဖြစ်ဖြစ်၊ ဘယ်လုပ်ငန်းဖြစ်ဖြစ် စာပေက
အဓိကကြပါတယ်။ ဆရာတို့ ရုပ်ရှင်ဆိုရင်လည်း စာပေကအရေးကြီးသလို ဂီတဆိုရင်လည်း စာပေက
အရေးကြီးပါတယ်။ အစစအရာရာ စာပေကိုတော့ မြှင့်တင်ပေးရမှာ ဖြစ်ပါတယ်။ မျိုးဆက်သစ်လူငယ်တွေအနေနဲ့
စာဖတ်ဖို့ လိုပါတယ်။ ဒါမှသာ စာပေရဲ့ အနှစ်သာရ ကို သိမယ်။ စာပေက အသိတရားတွေကိုလည်း ရမယ်။
အဲဒါကြောင့် လူငယ်တွေအနေနဲ့ စာဖတ်ဖို့လိုပါတယ်။ စာပေဆုရွေးချယ်တဲ့
ပုဂ္ဂိုလ်တွေထဲမှာလည်း ဆရာကပါနေတယ်။ ပြဇာတ်စာပေက မထွန်းကားဘူး။ တစ်အုပ်၊
နှစ်အုပ်တောင် မတွေ့ရဘူး။ ဒါကြောင့် ပြဇာတ်စာပေတွေကို ဝါသနာရှိ
တဲ့သူတွေကရေးကြပါလို့ ပြောချင်ပါတယ်။ ဒီနှစ်ဆုပေးပွဲမှာလည်း ဆုရရှိတဲ့ထဲမှာ
ပြဇာတ်စာပေဆု မပါတာကို တွေ့ရပါလိမ့်မယ်။ ပြဇာတ်စာပေတွေကို အမွေပေးနိုင်အောင် ပြဇာတ်စာပေရေးကြပါ။
ပြဇာတ်စာပေကိုလည်း အားပေးကြပါလို့ ပြောချင်ပါတယ်။
တွေ့ဆုံမေးမြန်- ဟိန်းမင်းစိုး၊ သန်းမင်းအောင်၊
အောင်ရဲသွင်
No comments:
Post a Comment