နေပြည်တော် နိုဝင်ဘာ ၂၇
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် သည် ယနေ့နံနက်ပိုင်းတွင် ညှိနှိုင်းကွပ်ကဲရေးမှူး (ကြည်း၊ ရေ၊ လေ)ဗိုလ်ချုပ်ကြီး မောင်မောင်အေးနှင့် တပ်မတော်အရာရှိကြီးများ၊ မကွေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင့်လွင်၊ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်ကိုကိုဦးနှင့် တာဝန်ရှိသူများလိုက်ပါ၍ ယနေ့နံနက်ပိုင်းတွင် တပ်မတော်ဝါစိုက်ပျိုးရေးတပ်(ပွင့်ဖြူ)သို့ သွားရောက်ကြည့်ရှုစစ်ဆေးသည်။
ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ
တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် အဖွဲ့ဝင်များအား
စစ်လက်နက်ပစ္စည်းညွှန်ကြားရေးမှူးရုံး၊ ညွှန်ကြားရေးမှူး ဗိုလ်ချုပ် ဝင်းလွင်က
တပ်မတော်ဝါစိုက်ပျိုးရေးတပ်(ပွင့်ဖြူ) တပ်သမိုင်းအကျဉ်း၊ ရည်မှန်းချက်တာဝန်နှင့်
စိုက်ပျိုးရာသီအလိုက် လုပ်ငန်းစီမံချက်ဇယားချမှတ်၍ ဆောင်ရွက်လျက်ရှိမှု၊
တပ်မတော်ဝါ စိုက်ပျိုးရေးတပ်(လွန်ကျော်)၏ လုပ်ငန်းဆောင်ရွက်နေမှုအခြေအနေများနှင့်
စိုက်ဧကအလိုက် စိုက်ပျိုးရေ လုံလောက်စွာရရှိရေး ဆောင်ရွက်လျက်ရှိသည့် အခြေအနေများကို
ရှင်းလင်းတင်ပြသည်။
ရှင်းလင်းတင်ပြမှုများနှင့်ပတ်သက်၍
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်က
မကွေးတိုင်းဒေသကြီးသည် ဝါထွက်ရှိသည့် ဒေသတစ်ခုဖြစ်ပြီး
တပ်မတော်ဝါစိုက်ပျိုးရေးတပ်များအနေဖြင့်လည်း တပ်မတော်စက်ရုံများအတွက် လိုအပ်သည့်
ဝါဂွမ်းများကို ပြည့်မီအောင် စိုက်ပျိုးထုတ်လုပ်ပေးနိုင်ရမည်ဖြစ်ကြောင်း၊
တစ်ဧကအထွက်နှုန်းထားသည် နည်းပါးနေသေးသည်ကိုတွေ့ရှိရပြီး တစ်ဧကအထွက်နှုန်း
တိုးတက်အောင် ဆောင်ရွက်ကာ တပ်မတော်၏ ဝါဂွမ်းလိုအပ်ချက် ပြည့်မီအောင်
ဆောင်ရွက်ရန်နှင့် ပိုလျှံစိုက်ဧကများကို မွေးမြူရေးလုပ်ငန်းများ ဆောင်ရွက်ခြင်းဖြင့်
တိရိစ္ဆာန်စွန့်ပစ်ပစ္စည်းများမှ မြေဩဇာ ရရှိနိုင်မည်ဖြစ်ကြောင်း၊
စိုက်ပျိုးရေးတွင် အဓိကလိုအပ်သည့် မျိုးကောင်းမျိုးသန့်ရရှိရေး၊
မြေဆီမြေလွှာကောင်းမွန်အောင် မြေပြုပြင်ရေး၊ စိုက်ပျိုးရေလုံလောက်စွာရရှိရေး၊
စိုက်နည်းစနစ်များ မှန်ကန်စေရေးတို့ကို မှန်မှန်ကန်ကန် ဆောင်ရွက်ခြင်းဖြင့်
အထွက်နှုန်းကောင်းမွန်အောင် ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ စိုက်ပျိုးဧရိယာပတ်လည်အား
အရိပ်ရလေကာပင်များ စိုက်ပျိုးခြင်းအားဖြင့် စိမ်းလန်းစိုပြေရေးကိုလည်း ဆောင်ရွက်ရန်လိုကြောင်း၊
လုပ်ငန်းဆောင်ရွက်မှုများကို လက်တွေ့ကျကျဖြင့် အောင်မြင်အောင် ဆောင်ရွက်ကြရမည် ဖြစ်ကြောင်းဖြင့်
မှာကြားသည်။
ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် အဖွဲ့ဝင်များသည် တပ်မတော်ဝါစိုက်ပျိုးရေးတပ်(ပွင့်ဖြူ)အတွင်း ဝါစိုက်ပျိုးထားရှိမှုများနှင့် ဝါဂွမ်းထုတ်လုပ်နေမှု အခြေအနေများကို လိုက်လံကြည့်ရှုစစ်ဆေးကာ တာဝန်ရှိသူများ၏ တင်ပြချက်များအပေါ် လိုအပ်သည်များ မှာကြားခဲ့ကြောင်း သတင်းရရှိသည်။
No comments:
Post a Comment