နေပြည်တော် နိုဝင်ဘာ ၂၇
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ယနေ့နံနက်ပိုင်းတွင် ဇနီး ဒေါ်ကြူကြူလှ၊ ကောင်စီတွဲဖက်အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး ရဲဝင်းဦးနှင့် ဇနီး၊ ပြည်ထောင်စုဝန်ကြီးများ၊ ညှိနှိုင်းကွပ်ကဲရေးမှူး(ကြည်း၊ ရေ၊ လေ) နှင့် ဇနီး၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တပ်မတော်အရာရှိကြီးများနှင့် ဇနီးများ လိုက်ပါ၍ မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူး(စကု)မြို့နယ်ရှိ မန်းရွှေစက်တော်ရာဘုရားသို့ သွားရောက်ဖူးမြော် ကြည်ညိုသည်။
ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ
နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များအား မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ်
ဦးတင့်လွင်၊ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ကိုကိုဦး၊
ဂေါပကအဖွဲ့ဥက္ကဋ္ဌ ဦးဝင်းဌေးနှင့် အဖွဲ့ဝင်များက ကြိုဆိုနှုတ်ဆက်ကြသည်။ ထို့နောက်
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့်
ဇနီးတို့သည် အဖွဲ့ဝင်များနှင့်အတူ မန်းရွှေစက်တော်ဘုရား၊ ပါဒစေတီတော်၊
အောက်ခြေတော်ရာမြတ်အား ဖူးမြော်ကြည်ညိုပြီး ပန်း၊ ရေချမ်းနှင့် ရွှေသင်္ကန်းများ
ကပ်လှူပူဇော်ကြသည်။ ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ
နိုင်ငံတော်ဝန်ကြီးချုပ်က စေတီတော်မြတ် ဧည့်သည်တော် မှတ်တမ်းစာအုပ်တွင်
လက်မှတ်ရေးထိုးပူဇော်ပြီး ဘက်စုံအလှူငွေများ ပေးအပ်လှူဒါန်းရာ
ဂေါပကအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များက လက်ခံရယူပြီး ဓမ္မလက်ဆောင်များ ပြန်လည်ပေးအပ်သည်။
ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ
နိုင်ငံတော်ဝန်ကြီးချုပ်သည် ပါဒစေတီတော်၊ အောက်ခြေတော်ရာမြတ်အား
လာရောက်ဖူးမြော်ကြည်ညိုကြသည့် ဘုရားဖူးပြည်သူများ အဆင်ပြေ ချောမွေ့စွာ သွားလာနိုင်ရန်အတွက်
ပါဒစေတီတော်၊ အောက်ခြေတော်ရာမြတ်သို့ သွားရောက်သည့် ယာယီချောင်းကူး တံတားအား
ရေအမြင့်နှင့်လျော်ညီပြီး ဘုရားရင်ပြင်တော်ထက် မမြင့်သည့် ယာယီဘေလီ သံတံတားနှင့်
စေတီတော်သွား လျှောက်လမ်းတစ်ခု တည်ဆောက်ရန်၊ ချောင်းရေအား သင့်တော်သည့်
ရေအမြင့်ရှိစေရေး ရေထိန်းနံရံငယ်တစ်ခု တည်ဆောက်ရန်နှင့် ဘုရားပတ်ဝန်းကျင် သန့်ရှင်းသာယာလှပရေးနှင့်
သာသနိကအဆောက်အဦများ ရေရှည်တည်တံ့ ခိုင်မြဲရေးအတွက် စနစ်တကျ ထိန်းသိမ်းဆောင်ရွက်ရန်
တာဝန်ရှိသူများကို လမ်းညွှန်မှာကြားသည်။
ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့်ဇနီး၊
အဖွဲ့ဝင်များသည် အထက်စက်တော်ရာသို့ရောက်ရှိကြပြီး ပထမရွှေစေတီတော်မြတ်အား ပန်း၊
ရေချမ်းနှင့် ရွှေသင်္ကန်းများ ကပ်လှူပူဇော်ကြသည်။ ယင်းနောက် စေတီတော်မြတ်ကြီး ဘက်စုံပြုပြင်မွမ်းမံရန်အတွက်
ဂေါပကအဖွဲ့ထံ အလှူငွေများ ပေးအပ် လှူဒါန်းသည်။
ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ
နိုင်ငံတော်ဝန်ကြီးချုပ်သည် မန်းရွှေစက်တော် ဘုရားအတွင်း လှည့်လည်ကြည့်ရှုပြီး
ဘုရားကြီးအား ရှေးမူမပြတ်စေဘဲ ရေရှည်တည်တံ့အောင် ထိန်းသိမ်းဆောင်ရွက်ကြရန်
တာဝန်ရှိသူများကို မှာကြားခဲ့သည်။
အဆိုပါ မန်းရွှေစက်တော်ဘုရား၊ ပါဒစေတီတော်၊
အောက်ခြေတော်ရာမြတ်အား သဘာဝဘေးအန္တရာယ်ဒဏ်ခံနိုင်ရန်၊
ရေရှည်တည်တံ့ခိုင်မြဲစေရန်နှင့် ဘုရားဖူးလာ ပြည်သူများ ရာသီမရွေး
လာရောက်ဖူးမြော်နိုင်ရန်အတွက် ၂၀၁၄ ခုနှစ်၊ ဇူလိုင် လ ၁၀ ရက်နေ့တွင်
တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ကြီးမှူး၍
တပ်မတော်(ကြည်း၊ ရေ၊ လေ) မိသားစုများနှင့် အလှူရှင်များက အမြင့် ၅ ပေ၊ အထူ ၃ လက်မ၊
အလေးချိန် ၃ တန်ရှိ အလင်းပေါက်ဖန်အုပ်ဆောင်းကို လှူဒါန်းပူဇော်ခဲ့ကြခြင်း
ဖြစ်ကြောင်းနှင့် တာဝန်ရှိသူများက ဆက်လက်ထိန်းသိမ်း ဆောင်ရွက်လျက်ရှိကြသည်။
ဆက်လက်ပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ
နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် မွန်းလွဲပိုင်းတွင် ပွင့်ဖြူမြို့နယ်၊
လယ်ကိုင်းကျေးရွာအုပ်စု၊ သက်သာပန်းတောင်းကျေးရွာ၊ ရွာဦးဘုန်းတော်ကြီးကျောင်းတိုက် ဝတ္ထုကံတော်အတွင်းရှိ
စကြာပန်းတောင်း စေတီတော်မြတ်ကြီးအား သွားရောက်ဖူးမြော်ကြည်ညိုပြီး ပန်း၊ ရေချမ်း
ဆက်ကပ်လှူဒါန်းကာ လက်ယာရစ် လှည့်လည်ဖူးမြော်ကြည်ညိုသည်။ ထို့နောက်
စေတီတော်ကြီးအတွက် ဘက်စုံအလှူငွေများကို ပေးအပ်လှူဒါန်းရာ ဂေါပကအဖွဲ့ဝင်များက
လက်ခံရယူကြသည်။
ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ
နိုင်ငံတော်ဝန်ကြီးချုပ်သည် အဖွဲ့ဝင်များ လိုက်ပါ၍
လယ်ကိုင်းကျေးရွာသို့ရောက်ရှိကြပြီး ရွှေပြည်အေးဘုရားနှင့် ဓမ္မာရုံ
ပြန်လည်ပြုပြင် မွမ်းမံထားရှိမှု အခြေအနေများအား ကြည့်ရှု၍ ကျေးရွာရပ်မိရပ်ဖများ
ဒေသခံပြည်သူများနှင့် တွေ့ဆုံကာ ဒေသစီးပွားရေးအခြေအနေများနှင့် ဒေသဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာများအား
မေးမြန်းဆွေးနွေးသည်။ ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ
နိုင်ငံတော်ဝန်ကြီးချုပ်က ကျေးရွာဖွံ့ဖြိုးတိုးတက်ရေး ရန်ပုံငွေကျပ်သိန်း ၅၀
ကိုပေးအပ်ရာ ရပ်မိရပ်ဖ ဦးစိန်ထွန်းအောင်နှင့် ရပ်မိရပ်ဖများက လက်ခံရယူကြသည်။
ဆက်လက်ပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ
နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် မင်းဘူးမြို့ရှိ ရှင်ပင်စက္ကိန်းတဲ
စေတီတော်သို့ ရောက်ရှိကြရာ ဂေါပကအဖွဲ့ဥက္ကဋ္ဌ ဦးကျော်သိန်းနှင့် အဖွဲ့ဝင်များက
ကြိုဆိုနှုတ်ဆက်ကြသည်။ ထို့နောက် စေတီတော်အတွင်းရှိ ဗုဒ္ဓရုပ်ပွားတော်မြတ်အား
ဖူးမြော်ကြည်ညိုကြည်ညိုကာ ပန်းရေချမ်း ကပ်လှူပူဇော်ကာ စေတီတော်ကြီးအတွက်
ဘက်စုံအလှူငွေများ ပေးအပ်လှူဒါန်းသည်။
ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ
နိုင်ငံတော်ဝန်ကြီးချုပ်သည် စေတီတော် ပုရိဝုဏ်အတွင်းရှိ ရတနာသုခဓမ္မာရုံအတွင်း၌
မင်းဘူးမြို့နှင့် စကုမြို့တို့မှ ရပ်မိရပ်ဖများအား တွေ့ဆုံသည်။ ဦးစွာရပ်မိရပ်ဖများက
တစ်ဦးချင်း မိတ်ဆက်ကြပြီး ဒေသတွင်း စီးပွားရေးလုပ်ငန်း ဆောင်ရွက်မှုအခြေအနေများနှင့်
ဒေသလိုအပ်ချက်များကို ဆွေးနွေးတင်ပြကြသည်။
ဆွေးနွေးတင်ပြမှုများနှင့် ပတ်သက်၍
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က
ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် စိုက်ပျိုးရေးနှင့် မွေးမြူရေးကို အခြေခံသည့်
ကုန်ထုတ်လုပ်မှုလုပ်ငန်းများကို အားပေးဆောင်ရွက်ရမည်ဖြစ်ကြောင်း၊
စိုက်ပျိုးမွေးမြူရေးအတွက် လိုအပ်သည့် ရေများ လုံလောက်စွာရရှိရေး
နေရောင်ခြည်စွမ်းအင်သုံး လျှပ်စစ်မြစ်ရေတင်လုပ်ငန်းများဖြင့် ဆောင်ရွက်ရန်လိုကြောင်း၊
ပွင့်ဖြူတွင် စိုက်ပျိုးရေးသိပ္ပံ ရှိပြီးဖြစ်ပြီး စကု၌ မွေးမြူရေးသိပ္ပံတစ်ခု
ဖွင့်လှစ်ပေးနိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း၊ ဝယ်လိုအားနှင့် ရောင်းလိုအား မမျှတမှု၊
ကုန်ထုတ်လုပ်မှုစရိတ်များ ကြီးမြင့်မှုတို့ကြောင့် ကုန်ဈေးနှုန်းကြီးမြင့်မှုကို
ဖြစ်စေနိုင်ကြောင်း၊ ထို့ကြောင့် မိမိတို့ဒေသတွင်းမှ ထွက်ရှိသည့် ကုန်ကြမ်းများကို
အခြေခံသည့် ကုန်ထုတ်လုပ်မှုလုပ်ငန်းများကို အားပေးဆောင်ရွက်ကြရမည် ဖြစ်ကြောင်း၊
စိုက်ပျိုးမွေးမြူရေးအတွက် လိုအပ်သည့် သွင်းအားစုများကြောင့် ကုန်ဈေးနှုန်းကြီးမြင့်
မှုများကို အတတ်နိုင်ဆုံး လျှော့ချနိုင်ရေး ကြိုးပမ်းဆောင်ရွက်ကြရမည်ဖြစ်ကြောင်း။
ဒေသတွင်း၌ ဆေးဝါးထုတ်ကုန်များ၊
အခြေခံလူသုံးကုန်ပစ္စည်းများ စားသောက်ကုန်ပစ္စည်းများ ထုတ်လုပ်မှုကို
ဖွံ့ဖြိုးတိုးတက်အောင်ဆောင်ရွက်ပြီး ပြည်ပသွင်းကုန်များ လျှော့ချနိုင်ရန် လိုအပ်ကြောင်း၊
စက်သုံးဆီများကိုလည်း ချွေတာသုံးစွဲခြင်းဖြင့် နိုင်ငံခြားငွေ သုံးစွဲမှုများကို
လျှော့ချနိုင်မည်ဖြစ်ကာ ပြည်တွင်း၌ ငွေကြေးလည်ပတ်မှု အားကောင်းလာမည်ဖြစ်ကြောင်း၊
အလားတူ စားသုံးဆီများ သုံးစွဲရာတွင်လည်း ကျန်းမာရေးနှင့် ညီညွတ်သည့်
စားသောက်မှုပုံစံဖြင့် စားသုံးရန်လိုကြောင်း၊ အစိုးရမှကျောင်းများ၊ ကောလိပ်များ၊
တက္ကသိုလ်များကို အဆင့်ဆင့် ဖွင့်လှစ်ပေးထားပြီးဖြစ်သဖြင့် ကျောင်းသား ကျောင်းသူများ
ပညာရည်မြင့်မားရေးအတွက် အားလုံးက ဝိုင်းဝန်းအားပေး ဆောင်ရွက်ကြရန်လိုကြောင်း၊
ဒေသတွင်း သက်ဆိုင်ရာ ပညာရပ်များအလိုက် ပညာတတ်များ ပေါကြွယ်ဝမှသာလျင်
ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများကို ပိုမိုလျင်မြန်စွာ ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း။
ထို့အပြင် ဒေသတွင်း သန့်ရှင်းသာယာလှပရေးအတွက်လည်း
ဒေသခံပြည်သူလူထုနှင့် ဒေသတွင် လာရောက်တာဝန်ထမ်းဆောင်သည့် ဝန်ထမ်းများက ဝိုင်းဝန်းဆောင်ရွက်ကြရမည်ဖြစ်ကြောင်း၊
ဒေသ သာယာလှပပြီး ဒေသမှ ထွက်ရှိသည့် ဒေသထုတ်ကုန်များ နာမည်ရလာပါက ဒေသသို့
လာရောက်လည်ပတ်သူများ များပြားလာမည်ဖြစ်ပြီး ဒေသတွင်း ငွေကြေးလည်ပတ်မှု အားကောင်းကာ
စီးပွားရေးလည်း ဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်ကြောင်းဖြင့် ဆွေးနွေးပြောကြားပြီး
ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် လိုအပ်ချက်များကို
ညှိနှိုင်းဖြည့်ဆည်းဆောင်ရွက်ပေးသည်။
ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ
နိုင်ငံတော်ဝန်ကြီးချုပ်က ဒေသဖွံ့ဖြိုးရေး အတွက် ရန်ပုံငွေကျပ်သိန်း
၁၀၀ နှင့်
မင်းဘူးဘိုးဘွားရိပ်သာ တည်ဆောက်ရေးအတွက် အလှူငွေ ကျပ်သိန်း ၁၀၀ တို့အားပေးအပ်ရာ
ရပ်မိရပ်ဖများက လက်ခံရယူကြသည်။
ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ
နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် စေတီတော်ကြီးအား လက်ယာရစ်လှည့်လည် ဖူးမြော်ကြည်ညိုခဲ့ကြသည်။
ထို့နောက် ညနေပိုင်းတွင်
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့်
ဇနီးတို့သည့် အဖွဲ့ဝင်များနှင့်အတူ မကွေးမြို့ရှိ မကွေးမြို့ ကျက်သရေဆောင်
မကွေးမြသလွန် စေတီတော်မြတ်ကြီးသို့ သွားရောက်ဖူးမြော်ကြည်ညိုကြရာ ဂေါပကအဖွဲ့ဝင်များက
ကြိုဆိုနှုတ်ဆက် ကြသည်။ ထို့နောက် မြသလွန်စေတီတော်မြတ်ကြီးအား ဖူးမြော်ကြည်ညို၍
ပန်း၊ ရေချမ်း ကပ်လှူပူဇော်ပြီး နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ
နိုင်ငံတော်ဝန်ကြီးချုပ်က စေတီတော်မြတ်ကြီး ဧည့်သည်တော်မှတ်တမ်းစာအုပ်တွင် လက်မှတ်ရေးထိုး
ပူဇော်သည်။ ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့်
ဇနီးတို့သည့် စေတီတော်မြတ်ကြီးအတွက် ဘက်စုံအလှူငွေများ ပေးအပ်လှူဒါန်းရာ ဂေါပကအဖွဲ့က
လက်ခံရယူခဲ့ကြသည်။
၎င်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ
နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် မကွေးမြို့
ကမ်းနားလမ်းရောက်ရှိကြပြီး ကမ်းနားလမ်းတစ်လျှောက် သန့်ရှင်းသပ်ရပ်သော လူအများ အပန်းဖြေနေရာ
Public Area ဆောင်ရွက်ထားရှိမှု အခြေအနေများကို ကြည့်ရှုကာ တာဝန်ရှိသူများ၏
တင်ပြချက်များအပေါ် လိုအပ်သည်များ လမ်းညွှန်မှာကြားခဲ့ကြောင်း သတင်းရရှိသည်။
No comments:
Post a Comment