Thursday, November 24, 2022

“ကလောင်ဆိုတာက ဓားသွားထက်ထက်ပါတယ်။ ဒီကလောင်သွားဟာ တိုင်းပြည်နဲ့လူမျိုးအပေါ်ကို စေတနာမှန်မှန်ကန်ကန် တည့်တည့် မတ်မတ်ထားမှသာ တန်ဖိုးရှိမှာဖြစ်ပါတယ်” အကြီးကိုကို(ကသာ)

 

နိုင်ငံ့အကျိုး၊ ပြည်သူ့အကျိုးနှင့် မြန်မာစာပေအကျိုးတို့ကို ထူးချွန်ပြောင်မြောက်စွာ တစ်သက်တာလုံး အားထုတ်ရေးသားပြုစုခဲ့သော ဆောင်ရွက်ချက်များကို နိုင်ငံတော်က အသိအမှတ်ပြုသည့်အနေဖြင့် ယနေ့တွင် အမျိုးသားစာပေတစ်သက်တာဆု၊ အမျိုးသားစာပေဆုနှင့် စာပေဗိမာန်စာမူဆု ဆုနှင်းသဘင်အခမ်းအနားကို ပြည်ထောင်စုနယ်မြေ နေပြည်တော်၌ ခမ်းခမ်းနားနားကျင်းပပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော် ဝန်ကြီးချုပ် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ကိုယ်တိုင်တက်ရောက်၍ စာပေဆုများကို ချီးမြှင့်ပေးအပ်ခဲ့သည်။





ထိုသို့ချီးမြှင့်ပေးအပ်ရာတွင် ဆုရရှိခဲ့ကြသည့် စာပေပညာရှင်ကြီးများ၊ အခမ်းအနားသို့ တက်ရောက်လာကြသည့် အနုပညာရှင်များ၏ ရင်တွင်း ပီတိစကားသံများကို အောက်ပါအတိုင်း ဖော်ပြလိုက်ရပါသည်။

ဦးအုန်းမောင်(မြင်းမူမောင်နိုင်မိုး) ၂၀၂၁ ခုနှစ် အမျိုးသားစာပေတစ်သက်တာဆုရှင်

ကျွန်တော့်အနေနဲ့ စာပေလောကကိုရောက်ရှိခဲ့တာ နှစ်ပေါင်း ၆၀ ရှိပါပြီ။ ၁၉၆၅ ခုနှစ်ကတည်းက ကဗျာတွေ ရေးခဲ့တာ ဖြစ်ပါတယ်။ ကျွန်တော် ၁၉၈၁ ခုနှစ်ကစပြီး ၂၀၁၁ ခုနှစ်အတွင်းမှာ အမျိုးသားစာပေဆု ခုနစ်ကြိမ် ရရှိခဲ့ပါတယ်။ အမျိုးသားစာပေတစ်သက်တာဆုကို မမျှော်လင့်ဘဲ အခုလိုရရှိခဲ့တဲ့အတွက် အတိုင်းမသိ ဝမ်းသာပီတိဖြစ်မိပါတယ်။ နိုင်ငံတော်က စာပေပညာရှင်တွေကို အရေးတယူ ချီးမြှင့်မြှောက်စားပေးနေတာက နိုင်ငံတော်ဖွံ့ဖြိုးတိုးတက် ရေးအတွက် စာပေလောကသားတွေရဲ့ စွမ်းအားတွေကို အားကိုးပြီး ယုံကြည်လေးစားမှုနဲ့ အဆင့်ဆင့်သော ဘဝတွေကို မြှင့်တင်ပေးနေမှုက အင်မတန်ခွန်အား ဖြစ်စေပါတယ်။ ကျွန်တော်တို့ စာပေလောကမှာရှိနေတဲ့ ဝတ္ထု၊ ကဗျာ၊ ဆောင်းပါးရေးတဲ့သူတွေ အားလုံးကလည်း အခုလို စာပေဆုတွေချီးမြှင့်ပေးတဲ့အပေါ်မှာ နိုင်ငံတော်ကို အထူးပဲ ကျေးဇူးတင်ရှိပါတယ်။ စာပေလောကမှာရှိတဲ့ ဘာသာရပ်တွေထဲက မိမိတို့စိတ်ဝင်စားတဲ့ ဘယ်ဘာသာရပ်ကိုမဆို စွမ်းစွမ်းတမံ ကြိုးစားအားထုတ်ပြီး တစိုက်မတ်မတ် ရေးသားပြုစုမယ်ဆိုရင် တစ်နေ့နေ့မှာ အောင်မြင်မှုရနိုင်ပါတယ်။ မြန်မာစာပေကို ချစ်မြတ်နိုးစွာနဲ့ မြန်မာ့ ဂန္ထဝင်ကဗျာတွေ၊ မြန်မာ့ရသမြောက် ဝတ္ထုတို၊ ဝတ္ထုရှည်တွေကို ရေးသားကြဖို့ လူငယ်တွေကို တိုက်တွန်းပြောကြား လိုပါတယ်။

ဒေါက်တာမျိုးသန့်တင် ၂၀၂၁ ခုနှစ် အမျိုးသားစာပေတစ်သက်တာဆုရှင်

အခုရရှိတဲ့ဆုက ကျွန်တော့်ဘဝကြီး နဲ့ရင်းပြီး ရတဲ့ဆုလို့ ပြောလို့ရပါတယ်။ စာပေနဲ့ပတ်သက်လို့ Ph.D ဘွဲ့ရပြီး မြန်မာနိုင်ငံကို ပြန်လာပြီးစာပေကို သုတေသနလုပ်ဖို့ကြိုးစားရင်း မြန်မာ့သမိုင်းနဲ့သက်ဆိုင်တဲ့ မြန်မာ့သိပ္ပံသမိုင်းနဲ့ သက်ဆိုင်တာတွေကို ဆောင်ရွက်ဖို့ စိတ်ကူးရတာနဲ့ စပြီး ရှာဖွေပါတယ်။ ကျွန်တော် ရာသီဥတုဖောက်ပြန်မှုကို လျှော့ချပေးနိုင်တဲ့ မီးဖိုကို လုပ်ပါတယ်။ အခုရာသီဥတုဖောက်ပြန်လို့ တစ်ကမ္ဘာလုံး၊ တစ်နိုင်ငံလုံးမှာ အလွန်ကို ဒုက္ခတွေ ရောက်နေကြပါတယ်။ အဲဒီအတွက် ၂၀၁၃ ခုနှစ်မှာစပြီး ၂၀၁၈ ခုနှစ်မှာ ရာသီဥတု ဖောက်ပြန်မှုလျှော့ချရေးအတွက် ဆောင်ရွက်ဖို့ အဖွဲ့ဖွဲ့လိုက်ပါတယ်။ နိုင်ငံခြားသားတွေကလည်း အိန္ဒိယနဲ့ ကိုရီးယားကနေ လှမ်းပြီးကူညီပါတယ်။ ဒီမီးဖိုကို နှစ်သန်းအထိ ထုတ်လုပ် လို့ ပြီးပါပြီ။ ကျေးရွာမှာရှိတဲ့သူတွေကို အခမဲ့ပေးပါတယ်။ ဒီဟာက မြန်မာနိုင်ငံအတွက်နဲ့ ကျွန်တော်ရဲ့ သိပ္ပံသမိုင်းပြုစုရင်းနဲ့ လက်တွေ့ဘဝတွေမှာ အကျိုးပြုနိုင်တယ်ဆိုတဲ့ လုပ်ငန်းလေးပါ။ ဒီလုပ်ငန်းလေးကို လုပ်နေရင်းနဲ့ ကျွန်တော်တို့နိုင်ငံရဲ့ အမြင့်ဆုံးဆုဖြစ်တဲ့ အမျိုးသားစာပေ တစ်သက်တာဆုကို ရရှိခဲ့ပါတယ်။ အရင်တုန်းကလည်း အမျိုးသားစာပေဆု နှစ်ဆုကိုလည်းရရှိ ထားပါတယ်။ ကျွန်တော့်တစ်သက်တာလုံးမှာလည်း နိုင်ငံအတွက် ကြိုးစားပြီးဖြစ်လာတော့ ဒီဆုကို ရလိုက်တဲ့အတွက် ဘဝနဲ့ရင်းပြီး ကြိုးစားရကျိုးနပ်ပြီလို့ ခံယူပါတယ်။

အကြီးကိုကို (ကသာ) ၂၀၂၁ ခုနှစ် အမျိုးသားစာပေဆုရှင်

ကျွန်တော့်အနေနဲ့ အမျိုးသားစာပေဆုပေးပွဲမှာ လူငယ်စာပေဆုယူမှာဖြစ်ပါတယ်။ ကျွန်တော်ဆုရရှိပုံကို ပြောရမယ်ဆိုရင် ကိုဗစ်ရောဂါဖြစ်ပွားနေတဲ့ကာလမှာ တစ်နိုင်ငံလုံး သေခြင်းတရားတွေကို ရင်ဆိုင်ရပြီး ထိတ်လန့်နေကြရပါတယ်။ စိတ်နှလုံး မငြိမ်းချမ်းတဲ့လူတွေကို စိတ်နှလုံးငြိမ်းချမ်းအောင် ဘာလုပ်ပေးရမလဲဆိုပြီး စေတနာအတွေးလေးတစ်ခု တွေးမိပါတယ်။ ဒါကြောင့် လူငယ်စကားဝိုင်းလေးကို စတင်လုပ်ဖြစ်ပါတယ်။ အဲဒီစကားဝိုင်းတွေကနေ ကောင်းနိုးရာရာမေးခွန်း ၁၀၀ ကိုစုပြီး စာအုပ်လေးလုပ်ဖြစ်ပါတယ်။ ဒီစာအုပ်ဟာ လူတွေအပေါ်မှာထားတဲ့ ကျွန်တော့်ရဲ့ စေတနာတရားဖြစ်ပါတယ်။ ကျွန်တော် ၂၀၁၇ ခုနှစ်မှာ ပခုက္ကူ ဦးအုံးဖေစာပေဆုကို ရရှိခဲ့ပါတယ်။ ၂၀၂၁ ခုနှစ်ကတော့ ကျွန်တော့်အတွက် အင်မတန်ကံကောင်းတဲ့နှစ်လို့ ပြောရမှာပါ။ လာအိုနိုင်ငံမှာ သွားယူရမယ့် မဲခေါင်စာပေဆု ရရှိပါတယ်။ အခု အမျိုးသားစာပေဆုဖြစ်တဲ့ လူငယ်စာပေ ဆုရရှိခဲ့ပါတယ်။

ကျွန်တော့်အနေနဲ့ နိုင်ငံတော်နဲ့ ပြည်သူလူထုကို အကျိုးပြုတဲ့စာအုပ်တွေ ရေးနေတာကို နိုင်ငံတော်က အသိအမှတ် ပြုတယ်လို့ခံယူပါတယ်။ အဲဒီအတွက် လည်း ဝမ်းသာပီတိဖြစ်မိပါတယ်။ ဒီထက်ပိုပြောရမယ်ဆိုရင် စာပေမြင့်မှ လူမျိုးတင့်မည်ဆိုတဲ့အတိုင်း စာရေးဆရာတွေရဲ့ လူနေမှုဘဝတွေကိုလည်း နိုင်ငံတော်အစိုးရအနေနဲ့ ဒီထက်ပိုပြီး ပံ့ပိုးမယ်ဆိုရင် နိုင်ငံတော်အနာဂတ် ပန်းတိုင်ကို ချီတက်တဲ့အချိန်မှာ ပိုမိုကောင်းမွန်မယ်လို့လည်း မြင်မိပါတယ်။ နောက်ပြီး စာပေဆုတွေ လုပ်ပေးတဲ့အပြင် အမုန်းတရားပါတဲ့ စာရေးဆရာ တွေ၊ လူငယ်တွေအတွက် အကျိုးပြုနေ တဲ့ စာရေးဆရာတွေကို လူငယ်တွေနဲ့ တွေ့ဆုံပေးတဲ့ ဟောပြောပွဲမျိုးတွေ ဖန်တီးမယ်ဆိုရင် ပိုပြီးကောင်းမယ်လို့ပြောချင်ပါတယ်။ ကလောင်ဆိုတာက ဓားသွားထက် ထက်ပါတယ်။ ဒီကလောင် သွားဟာ တိုင်းပြည်နဲ့ လူမျိုးအပေါ်ကို စေတနာမှန်မှန်ကန်ကန် တည့်တည့်မတ်မတ်ထားမှသာ တန်ဖိုးရှိမှာဖြစ်ပါ တယ်။ ဒီကလောင်သွားဟာ အမုန်းတရားတွေ အငြိုးတရားတွေ ရှိနေမယ်ဆိုရင် တိုင်းပြည်အတွက် အန္တရာယ်ရှိပါတယ်။ ဒါကြောင့် စာပေပညာရှင်တွေ၊ စာရေး ဆရာတွေကို အခုလို ဂုဏ်ပြုတာဟာ နိုင်ငံရဲ့အနာဂတ်အရေးကို အထောက် အကူပြုပြီး ကမ္ဘာနဲ့ရင်ပေါင်တန်းနိုင်တဲ့ အထိဖြစ်လာမယ်လို့ ကျွန်တော် ယုံကြည်ပါတယ်။ စာရေးဆရာတွေရဲ့ ကဏ္ဍဟာ နိုင်ငံတော်အတွက် အင်မတန် အရေးကြီးတယ်လို့ မြင်ပါတယ်။ လူငယ်တွေအနေနဲ့လည်း စာပေဖတ်ရှုကြပါလို့ ပြောချင်ပါတယ်။

ပန်းတနော်ခင်မောင်မြင့် ၂၀၂၁ ခုနှစ် အမျိုးသားစာပေဆုရှင်

ကျွန်တော် အမျိုးသားစာပေဆုရတာကတော့ ရာမညဆိုတဲ့စာအုပ်နဲ့ရရှိတာ ဖြစ်ပါတယ်။ ဒီစာအုပ်ဟာ မွန်လူမျိုး တိုင်းရင်းသားတွေရဲ့ သမိုင်းကြောင်းကို သုတေသနပြုရေးသားထားခြင်း ဖြစ်ပါ တယ်။ ရာမညစာအုပ်က လွန်ခဲ့တဲ့နှစ်ပေါင်းများစွာက မြန်မာနိုင်ငံကို ပထမဦးဆုံး မွန်တိုင်းရင်းသားတွေ ဝင်ရောက်လာပုံ၊ မြန်မာနိုင်ငံအောက်ပိုင်း မှာ မြို့ပြနိုင်ငံတွေ တည်ထောင်ပြီး ကိုယ့်ထီး၊ ကိုယ့်နန်းနဲ့နေခဲ့တဲ့ လူမျိုးတွေဖြစ်ပြီး ဗုဒ္ဓဘာသာ သာသနာ ပထမဦး ဆုံးရောက်ရှိတဲ့ နေရာဒေသဖြစ်ပါတယ်။ အဲဒီအချိန်မှာ မွန်ဒေသက တိုင်းရင်းသားတွေအားလုံးက ယဉ်ကျေးပြီးတော့ မြန်မာပြည်မှာ ပထမဦးဆုံး ယဉ်ကျေးမှုကိုစတင်တဲ့ လူမျိုးများလို့ သတ်မှတ်တာ တွေ့ရပါတယ်။ အဲဒီအကြောင်းကို သုတေသနပြုပြီး ရေးသားခဲ့ပါတယ်။ ဒါကြောင့် ဒီစာအုပ်ဟာဆိုရင် မျိုးဆက်သစ် လူငယ်တွေအားလုံးက သမိုင်းအထောက် အထားတွေရရှိပြီး မြန်မာနိုင်ငံ သမိုင်း ကြောင်းကို မှန်မှန်ကန်ကန် နားလည်ဖို့ အတွက် ရေးသားပြုစုထားခြင်းဖြစ်ပါတယ်။ အမျိုးသားစာပေဆုဆိုတာ မြန်မာနိုင်ငံမှာ အမြင့်ဆုံးဆုဖြစ်တဲ့အတွက် ကျွန်တော်တို့ စာရေးဆရာတွေ ဒီဆုကိုရရှိတဲ့အတွက် အားလုံးက အလွန်ဝမ်းသာကြပါတယ်။ နိုင်ငံတော်အနေနဲ့ အမျိုးသားစာပေဆုကြေးတွေကိုလည်း သိန်း ၃၀ အထိ တိုးမြှင့်ပေးလိုက်တဲ့အတွက် စာရေးဆရာတွေအနေနဲ့လည်းများစွာ အထောက်အကူ ပြုပါတယ်။ အခုလို နိုင်ငံတော်အစိုးရကနေ ချီးမြှင့်တဲ့အတွက် နိုင်ငံတော်အစိုးရ၊ သက်ဆိုင်ရာ ဝန်ကြီးဌာနနဲ့ တာဝန်ရှိပုဂ္ဂိုလ်တွေ အားလုံးကို ကျေးဇူးတင်ပါတယ်။

မင်းခိုက်စိုးစန် ၂၀၂၁ ခုနှစ် အမျိုးသားစာပေဆုရှင်

ကိုဗစ်ကာလ အိမ်တွင်းအောင်းနေရတဲ့အချိန်မှာ ဝတ္ထုတိုလေးတွေ ရေးဖြစ်ပါတယ်။ အဲဒီဝတ္ထုတိုလေးတွေကို စုစည်းပြီး ဂျစ်ကန်ကန် ဝတ္ထုတိုများဆိုပြီးတော့ နာမည်ပေးခဲ့ပါတယ်။ နာမည် ပေးရတာကလည်း အဲဒီထဲမှာပါတဲ့ ဝတ္ထုတစ်ပုဒ်ရဲ့ ခေါင်းစဉ်မှာပါတဲ့ ဂျစ်ကန်ကန် ဆရာဝန်ဆိုတဲ့ ခေါင်းစဉ်နဲ့ရေးသားဖြစ်တဲ့ ဝတ္ထုတိုတစ်ပုဒ်ကြောင့် ပါ။ အဲဒီစာအုပ်ကို ရေးသားပြီး ကိုဗစ်ကာလအလွန်မှာ ထုတ်ဝေဖြစ်ခဲ့ပါတယ်။ အခုဆုရရှိခဲ့တာ ဒီစာအုပ်ပဲ ဖြစ်ပါတယ်။ အခုအသက်အရွယ်မှာ ပျော်စရာတွေ၊ ဝမ်းနည်းစရာတွေ၊ အောင်မြင်တာတွေ၊ ကျရှုံးတာတွေ အရာအားလုံးကို ဖြတ်သန်း ပြီးတဲ့အခါမှာ ဘယ်လိုအရာမျိုးမဆို အားလုံးဟာ ပုံသဏ္ဌာန်အမျိုးမျိုးနဲ့ လာ တယ်ဆိုပေမယ့် ခေါင်းစဉ်က တစ်ခုတည်းပဲဆိုတာကို နားလည်သွားပါပြီ။ အဲဒီ ခေါင်းစဉ်က ဘာလဲဆိုတော့ လောကဓံပါပဲ။ ပျော်စရာလည်း လောကဓံပါပဲ၊ ဝမ်းနည်းစရာလည်း လောကဓံပါပဲ၊ အောင်မြင်တယ် ဆိုတာကလည်း လောကဓံပါပဲ၊ ကျရှုံးတယ်ဆိုတာကလည်း လောကဓံပါပဲ၊ ကျွန်တော်တို့ အားလုံးဖြတ်သန်းခဲ့ရတာ လောကဓံပါပဲ ဒီလိုပဲခံစားရပါတယ်။

ရေနံ့သာ မောင်ကျော်ညွန့် ၂၀၂၁ ခုနှစ် စာပေဗိမာန် စာမူဆုရှင်

ကျွန်တော်က ၂၀၂၁ ခုနှစ် စာပေဗိမာန်စာမူဆုကို ရေအဆန်လေထန် ကြမ်းပေမယ့် ကမ်းရောက်ခဲ့ပြီစာမူနဲ့ လူငယ်စာပေ ဒုတိယဆုရခဲ့တာ ဖြစ်ပါတယ်။ ကျွန်တော်တို့ ဖြတ်သန်းခဲ့ရတာက ကျောင်းပေါ့။ သင်ယူခဲ့ရတဲ့ ကျောင်းသင်ခန်းစာတွေက ဘဝအတွက် သင်ခန်းစာတွေ အများကြီးပါပါတယ်။ ကျောင်းသင်ခန်းစာကို အခြေပြုပြီးတော့မှရေအဆန် လေထန်ကြမ်းပေမယ့် ကမ်းရောက်ခဲ့ပြီဆိုတဲ့ လူငယ်ဝတ္ထုပေါင်းချုပ်ကို ရေးခဲ့တာဖြစ်ပါတယ်။ အခုလို ဆုရရှိတဲ့အတွက် အင်မတန် ပျော်ရွှင်ရပါတယ်။ ဒီဝတ္ထုရဲ့ ဇာတ်လမ်းကတော့ ကျွန်တော်တို့ရဲ့ငယ်ဆရာ မူလတန်းပြဆရာကြီး ဦးသာအေးကျေးဇူးနဲ့ သင်ကြားပေးခဲ့တဲ့ပုံရိပ်တွေကို ပြန်ပြီးတော့ စာတစ်အုပ်အဖြစ် ဖန်တီးခွင့်ရပါတယ်။ ဆရာကြီးကိုလည်း ကျေးဇူးဆပ်ရာ ရောက်ပါတယ်။ နောက်ပြီးတော့ မျိုးဆက်သစ်လူငယ်တွေ ရှေးတုန်းက ဆရာကြီးတွေ ဘယ်လိုမျိုး သင်ခဲ့သလဲ၊ သင်တဲ့အခါမှာလည်း ဘယ်လောက်အထိ ထိရောက်သလဲဆိုတာကို ဒီစာအုပ်မှာ မီးမောင်းထိုးပြထားတာ ဖြစ်ပါတယ်။ ဆိုလိုချင်တဲ့ သဘောကတော့ ကျောင်းသင်ခန်းစာက ဘဝသင်ခန်းစာဖြစ်တယ် ဆိုတာကို ဒီစာအုပ်ထဲမှာ ရေးသားထားတာ ဖြစ်ပါတယ်။

ရန်အောင် (အနုပညာရှင်)

ချီးကျူးထိုက်တဲ့သူကို ချီးကျူးတယ်၊ ဂုဏ်ပြုထိုက်သူကို ဂုဏ်ပြုတယ်ဆိုတာ အင်မတန် မင်္ဂလာရှိပါတယ်။ ဒီနေ့ဆိုရင် စာပေဗိမာန် ဆုချီးမြှင့်ပွဲမှာ တစ်သက်တာဆု၊ စာပေနဲ့ပတ်သက်တဲ့ ဂုဏ်ပြုတဲ့ ဆုတွေဆိုတော့ ဘယ်လိုပဲဖြစ်ဖြစ် စာပေပညာရှင်တွေက လိုချင်ကြမှာပါ။ ကျွန်တော်တို့ အနုပညာရှင်တွေဆိုရင်လည်း အကယ်ဒမီဆိုရင် လိုချင်ကြသလို ပါပဲ။ ဆုရရှိတဲ့သူတွေအတွက် ကျွန်တော်တို့ ဂုဏ်ယူပါတယ်။ ကျွန်တော်တို့က စာမရေးနိုင်တဲ့အတွက် တော်တော် အားကျရပါတယ်။ ဒီပွဲကို တက်ရောက် အားပေးတာကလည်း ကိုယ်မလုပ်နိုင်တဲ့ အလုပ်တစ်ခုကို နိုင်ငံတော်က ချီးမြှင့် ပေးတာကိုကြည့်ပြီး ပီတိဖြစ်သလို ကြိုးစားချင်စိတ်တွေလည်း ပေါက်ပါတယ်။  

တွေ့ဆုံမေးမြန်း

ဟိန်းမင်းစိုး၊ သန်းမင်းအောင်၊ အောင်ရဲသွင်

ဓာတ်ပုံ - မျိုးဆက်သစ်

No comments:

Post a Comment