Monday, November 7, 2022

မြန်မာ့အသံနှင့်ရုပ်မြင်သံကြား ဝန်ထမ်းမိသားစုများ၏ တန်ဆောင်တိုင်ပွဲတော်ကျင်းပ

နေပြည်တော် နိုဝင်ဘာ ၇

မြန်မာ့အသံနှင့်ရုပ်မြင်သံကြား ဝန်ထမ်းမိသားစုများ၏ တန်ဆောင်တိုင်ပွဲတော်ကို ယနေ့ညနေပိုင်းတွင် တပ်ကုန်းမြို့ရှိ မြန်မာ့အသံနှင့်ရုပ်မြင်သံကြား၌ စည်ကားသိုက်မြိုက်စွာ ကျင်းပသည်။














အဆိုပါပွဲတော်သို့ ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းနှင့်ဇနီး ဒေါ်ခင်ဆွေဝင်း၊ ဌာနဆိုင်ရာ အကြီးအကဲများ၊ ဖိတ်ကြားထားသည့် ဧည့်သည်တော်များ၊ အနုပညာရှင်များ၊ ဝန်ထမ်းများနှင့် ၎င်းတို့၏မိသားစုဝင်များ တက်ရောက်၍ ပျော်ရွှင်စွာဆင်နွှဲကြသည်။

ပွဲတော်မစတင်မီ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် မြန်မာ့အသံနှင့်ရုပ်မြင်သံကြားရှိ မဟာဗောဓိဂြိုလ်ရှစ်ခွင်ဘုရား ဆီမီးတစ်ထောင်ပူဇော်ပွဲသို့ တက်ရောက်ပြီး ပန်း၊ ရေချမ်းနှင့် ဆီမီးတို့ကို ကပ်လှူပူဇော်သည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့်ဇနီးတို့က MRTV ပန်းခြံ၌ကျင်းပသည့် မြန်မာ့အသံနှင့်ရုပ်မြင်သံကြား မိသားစုတန်ဆောင်တိုင်ပွဲတော်ကို ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးပြီး ဝန်ထမ်းမိသားစုများကို ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်သည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့်ဇနီးတို့က မြတ်စွာဘုရားရှင်နှင့် တာဝတိံသာနတ်ပြည်ရှိ စူဠာမဏိစေတီတော်အား ရည်မှန်း၍ ဆီမီးနံ့သာများဖြင့် စုစည်းပူဇော်ရန် မီးထွန်းညှိပေးကြပြီး MRTV ရုံးချုပ်နှင့် ဌာနခွဲများ၊ Channel များအလိုက် မီးပုံးပျံ (၁၁) လုံး လွှင့်တင်မှုကို ကြည့်ရှုအားပေးသည်။

ယင်းနောက် တန်ဆောင်တိုင်ပွဲတော်အလှူ ဝန်ထမ်းမိသားစုများအား ကံစမ်းမဲဖောက်ပေးပြီး မဲပေါက်သည့်ပစ္စည်းများအား လှူဒါန်းဝေငှခြင်း၊ တန်ဆောင်တိုင်ရိုးရာ မဲဇလီဖူးသုပ်နှင့် ကြာဇံဟင်းခါး စတုဒိသာ ကျွေးမွေးခြင်းနှင့် မီးရှူး၊ မီးပန်းများပစ်ဖောက်ခြင်း၊ မီးပုံးပျံ (၆၃) လုံးလွှတ်တင်ခြင်းနှင့် နိဗ္ဗာန်ဈေးပွဲတော်တွင် တိုင်းရင်းသားရိုးရာ အစားအစာများ ရောင်းချခြင်းတို့ကို စည်ကားသိုက်မြိုက်စွာ ဆက်လက်ကျင်းပရာ ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့က လှည့်လည်ကြည့်ရှုအားပေးသည်။

ထို့နောက် မြန်မာ့အသံနှင့်ရုပ်မြင်သံကြားမှ ဝန်ထမ်းများ၏ တေးဂီတဖျော်ဖြေပွဲ၊ ဝန်ထမ်းများနှင့် မိသားစုများ၏ သီချင်းဆိုပြိုင်ပွဲသို့ တက်ရောက်ကြည့်ရှုအားပေးကာ ဆုများချီးမြှင့်ပေးအပ်ခဲ့သည်။

သတင်းစဉ်

No comments:

Post a Comment