Monday, November 7, 2022

ရွှေကျင်မြို့နယ်၌ အကြမ်းဖက်သမားများက လမ်းပန်းဆက်သွယ်ရေးပြတ်တောက်စေရန် ရည်ရွယ်၍ သံကူကွန်ကရစ်တံတားတစ်စင်းအား မိုင်းထောင်ဖောက်ခွဲဖျက်ဆီး

နေပြည်တော် နိုဝင်ဘာ ၇

ပဲခူးတိုင်းဒေသကြီး၊ ရွှေကျင်မြို့နယ်၌ အကြမ်းဖက်သမားများက လမ်းပန်းဆက်သွယ်ရေး ပြတ်တောက်စေရန် ရည်ရွယ်၍ သံကူကွန်ကရစ်တံတားတစ်စင်းအား မိုင်းထောင်ဖောက်ခွဲ ဖျက်ဆီးခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်မှာ နိုဝင်ဘာလ ၆ ရက်နေ့ နံနက် ၆ နာရီခွဲအချိန်တွင် ပဲခူးတိုင်းဒေသကြီး၊ ရွှေကျင်မြို့နယ်၊ ညောင်အိုင်ကျေးရွာနှင့် ကျောက်တန်းကျေးရွာတို့အား ဆက်သွယ်ဖောက်လုပ်ထားသည့် ကျောက်တန်း-ညောင်အိုင်ကျေးရွာသွားလမ်းပေါ်ရှိ အလျား ၄၄၀ ပေ၊ အကျယ် ၂၀ ပေခန့်ရှိသည့် သံကူကွန်ကရစ်အမျိုးအစား ညောင်အိုင်ချောင်းကူးတံတားအား အကြမ်းဖက်အဖွဲ့(စိစစ်ဆဲ)က မိုင်းထောင်ဖောက်ခွဲဖျက်ဆီးသွားခဲ့ကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက် စစ်ဆေးခဲ့ရာ အဆိုပါတံတားတွင် မိုင်းပေါက်ကွဲမှုကြောင့် ကျောက်တန်းကျေးရွာဘက်ခြမ်းမှ တံတား ၆၀ ပေခန့်တွင် ဝဲဘက်ကြမ်းခင်း ၄ ပေပတ်လည်ခန့်၊ တံတား လက်ရမ်းတိုင် ၃ တိုင်နှင့် တံတား ထောက်တိုင်အမှတ် P-10 အပေါ်ရှိ သံဘောင်ပျက်စီးနေသည်ကို တွေ့ရှိရပြီး မော်တော်ယာဉ် ဖြတ်သန်းသွားလာမှုများ ပြတ်တောက်မှုမရှိကြောင်းနှင့် တာဝန်ရှိသူများက တံတားအား ပြန်လည် ပြုပြင်ခြင်းများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ထိုသို့ အများပြည်သူများသွားလာရေး အဆင်ပြေချောမွေ့စေရန် ဆောက်လုပ်ထားသည့် သံကူကွန်ကရစ် ချောင်းကူးတံတားအား မိုင်းထောင်ဖောက်ခွဲဖျက်ဆီးခဲ့သူ အကြမ်းဖက်သမားများ ဖော်ထုတ်ဖမ်းဆီးအရေးယူ နိုင်ရေး လုံခြုံရေးတပ်ဖွဲ့ဝင်များက ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။

No comments:

Post a Comment