Saturday, November 19, 2022

ရှမ်းပြည်နယ်(မြောက်ပိုင်း)အတွင်း ပန်းခင်းစီမံချက်ဖြင့် ဆောင်ရွက်ပြီးဖြစ်သည့် အိမ်ထောင်စု လူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားပေးအပ်ပွဲ ကျင်းပ

 


နေပြည်တော် နိုဝင်ဘာ ၁၈

ရှမ်းပြည်နယ်(မြောက်ပိုင်း)အတွင်း ပန်းခင်းစီမံချက်ဖြင့် ဆောင်ရွက်ပြီးဖြစ်သည့် အိမ်ထောင်စု လူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားပေးအပ်ပွဲကို ယနေ့နံနက် ၉ နာရီတွင် လားရှိုးမြို့ မြို့တော်ခန်းမ၌ကျင်းပရာ အခမ်းအနားသို့ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်၊ အရှေ့မြောက် တိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်နိုင်နိုင်ဦး၊ “ဝ” ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်းဥက္ကဋ္ဌ ဦးညီနပ်၊ ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဥက္ကဋ္ဌ ဦးမြင့်ဆွေ၊ ပလောင်ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသဥက္ကဋ္ဌ ဦးတာ သိန်းဇော်၊ ရှမ်းပြည်နယ်အစိုးရအုပ်ချုပ်ရေးအဖွဲ့ခွဲ ဥက္ကဋ္ဌ ဦးမျိုးအောင်နှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ဒေသခံတိုင်းရင်းသားယဉ်ကျေးမှုအဖွဲ့ဝင်များနှင့် ဒေသခံပြည်သူများ တက်ရောက်ကြသည်။

အစီအစဉ်အရ ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်က ယခုနိုင်ငံတော်အစိုးရ တာဝန်ယူစဉ်ကာလတွင် ပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေး ကတ်ပြား ထုတ်ပေးခြင်းလုပ်ငန်းကို စီမံချက်ရေးဆွဲဆောင်ရွက်ခဲ့ပါကြောင်း၊ ပန်းခင်းစီမံချက်သည် နောင်ကျင်းပမည့် ရွေးကောက်ပွဲတွင် မဲပေးပိုင်ခွင့်ရှိသူနိုင်ငံသားတိုင်း ၎င်းတို့၏ နိုင်ငံသားဖြစ်မှု အရည်အချင်းအရ ကိုင်ဆောင်သင့်သည့် ကတ်ပြားတစ်မျိုးမျိုး ကိုင်ဆောင်မဲပေးနိုင်ရေး ရည်ရွယ်ဆောင်ရွက်ခြင်းဖြစ်ပါကြောင်း၊ တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် မဲပေးပိုင်ခွင့်ရှိသူ ၃ ဒသမ ၄ သန်းကျော်ကို လုပ်ငန်းကာလ ၁၈ လတာ သတ်မှတ်ကာလဆောင်ရွက်ခဲ့ရာ ပြီးခဲ့သည့် နိုဝင်ဘာ ၃ ရက်တွင် စီမံချက်ကာလပြည့်ပြီးဖြစ်သော်လည်း နယ်မြေ ဒေသလုံခြုံရေးအခြေအနေအရ လည်းကောင်း၊ ထပ်မံ၍ အသက် ၁၈ နှစ်ပြည့်ပြီးသူများ ရှိလာ၍ လည်းကောင်း၊ နိုင်ငံသားကတ် ထုတ်ပေးရန်ကျန်ရှိနေသူများအတွက် ပန်းခင်းစီမံချက်အဆင့်(၂) ဆက်လက်ဆောင်ရွက်ပေးနိုင်ရေး စီစဉ်ဆောင်ရွက် လျက်ရှိပါကြောင်း။

ရှမ်းပြည်နယ်(မြောက်ပိုင်း)တွင်လည်း “ဝ” အထူးဒေသမှလွဲ၍ ကျန်မြို့နယ်များတွင် သတ်မှတ် လျာထားချက် ပြည့်မီအောင်ဆောင်ရွက်ပြီးဖြစ်ရာ ဆောင်ရွက်ရန် ကျန်ရှိသည့် “ဝ” အထူးဒေသကို မကြာမီကာလတွင် ပန်းခင်းစီမံချက် အဆင့်(၂)ဖြင့် ကွင်းဆင်းဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊ ယခု ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မြို့နယ်ကိုးမြို့နယ်၌ ထပ်မံဆောင်ရွက်ပြီးဖြစ်သည့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်တို့ကို ကာယကံရှင် ပြည်သူများ လက်ဝယ်သို့ ပေးအပ်ခြင်းဖြစ်ပါကြောင်း၊ နိုင်ငံသားစိစစ်ရေးကတ်ပြားသည် နိုင်ငံသား တစ်ဦးအတွက် နိုင်ငံသားအခွင့်အရေး အပြည့်အဝရရှိနိုင်သည့် အထောက်အထားတစ်ခု ဖြစ်ပါကြောင်း၊ နိုင်ငံသားကတ်သည် နိုင်ငံသားတစ်ဦးအတွက် လူမှုဘဝဆောင်ရွက်မှုတိုင်း၌ မရှိမဖြစ်လိုအပ်ပြီး ၎င်း၏ အသုံးဝင်တန်ဖိုးကို သိရှိနားလည်ကာ စနစ်တကျကိုင်တွယ် ထိန်းသိမ်းကြရန် လိုအပ်ပါကြောင်း၊ နိုင်ငံသားကတ်ရရှိသည့် နိုင်ငံသားတစ်ဦး အနေဖြင့်လည်း နိုင်ငံသားတစ်ယောက်၏ တာဝန်ကို ကျေပွန်စွာ ထမ်းဆောင်ကြရန်နှင့် မိမိတို့ ရပ်ရွာ/မြို့နယ် ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် တစ်တပ်တစ်အား ဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက်ကြရန် တိုက်တွန်းပါကြောင်း အကျယ်တဝင့် ရှင်းလင်းပြောကြားသည်။

ယင်းနောက် ရှမ်းပြည်နယ်(မြောက်ပိုင်း)အတွင်း ပန်းခင်းစီမံချက်ဖြင့် ဆောင်ရွက်ပြီးဖြစ်သော အိမ်ထောင်စု လူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများကို ပြည်ထောင်စုဝန်ကြီး၊ တိုင်းမှူး၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ တိုင်း/ဒေသဥက္ကဋ္ဌများနှင့် တာဝန်ရှိသူများက မြို့နယ်အလိုက် ဒေသခံ တိုင်းရင်းသား ကိုယ်စားလှယ်များထံ ပေးအပ်ကြသည်။

အဆိုပါ အခမ်းအနားတွင် ရှမ်းပြည်နယ် (မြောက်ပိုင်း)အတွင်း ပန်းခင်းစီမံချက်ဖြင့် လားရှိုး၊ သိန္နိ၊ ကွမ်းလုံ၊ ကျောက်မဲ၊ သီပေါ၊ နောင်ချို၊ တန့်ယန်း၊ မိုင်းရယ်နှင့် ကွတ်ခိုင် စသည့် မြို့နယ် ကိုးမြို့နယ်ရှိ ဒေသခံတိုင်းရင်းသားများအား အိမ်ထောင်စု လူဦးရေ စာရင်း ၃၀ နှင့် နိုင်ငံသားစိစစ်ရေးကတ်ပြား စုစုပေါင်း ၁၃၆၂ ကတ်တို့ကို ထုတ်ပေးနိုင်ခဲ့ကြောင်း သိရသည်။

သတင်းစဉ်

No comments:

Post a Comment