ကောင်းမြင့်ခိုင်
အာဆီယံနဲ့ပတ်သက်ရင် စာရေးသူရင်ထဲမှာ ခံစားချက်ရှိနေပါတယ်။ စာရေးသူမှမဟုတ်ပါဘူး။ အများပြည်သူများမှာလည်း ကျွန်တော့်လိုမျိုးခံစားချက်ရှိပါတယ်။ မြန်မာနိုင်ငံဟာ အာဆီယံ အဖွဲ့အစည်းကို ၁၉၉၇ ခုနှစ် ဇူလိုင် ၂၃ ရက်မှာ ပါဝင်ခဲ့ပါတယ်။ ဒီလိုပါဝင်ဖြစ်တဲ့ အကြောင်းရင်းကလည်း မြန်မာတို့အနေနဲ့ဆန္ဒရှိသလို အခြားအာဆီယံနိုင်ငံ အားလုံး ကလည်း မြန်မာနိုင်ငံရဲ့ ပထဝီဝင်အနေအထား အချက်အချာကျမှု သိရှိတဲ့အတွက် မြန်မာကို အာဆီယံမှာ ပါဝင်စေချင်ကြပါတယ်။ ဒါကြောင့်လည်း မြန်မာတို့ အာဆီယံကို ဝင်ဖြစ်ခဲ့ပါတယ်။
မြန်မာနိုင်ငံနှင့် အာဆီယံ
အာဆီယံအဖွဲ့ဝင်ဖြစ်ပြီးတဲ့နောက်ပိုင်းမှာ မြန်မာနိုင်ငံအနေနဲ့
အာဆီယံနဲ့ပတ်သက်တဲ့ ပဋိညာဉ်တွေ၊ သတ်မှတ်ချက်တွေကို တက်တက်ကြွကြွ ပူးပေါင်းဆောင်ရွက်လျက်ရှိပါတယ်။
ဒီကနေ့ အာဆီယံ အလှည့်ကျဥက္ကဋ္ဌဖြစ်တဲ့ ကမ္ဘောဒီးယားနိုင်ငံသည်ပင် အာဆီယံအဖွဲ့ဝင်အဖြစ်
၁၉၉၉ ခုနှစ် ဧပြီ ၃၀ ရက်မှာ ဖြစ်ခဲ့တာပါ။ အရှေ့တောင်အာရှနိုင်ငံများအသင်း (အာဆီယံ) ကို ၁၉၆၇ ခုနှစ် ဩဂုတ် ၈ ရက်က ဘန်ကောက်မြို့မှာ စတင်ဖွဲ့စည်းခဲ့တာပါ။
အာဆီယံပဋိညာဉ်စာတမ်းဆိုတာ ၂၀၀၇ ခုနှစ် နိုဝင်ဘာ ၂၀ ရက်မှ
စတင်ပေါ်ပေါက်ခဲ့တာပါ။ အဲဒီနေ့က စင်ကာပူနိုင်ငံမှာကျင်းပခဲ့တဲ့ (၁၃) ကြိမ်မြောက် အာဆီယံထိပ်သီး အစည်းအဝေးကာလ အတွင်းမှာ မြန်မာနိုင်ငံအပါအဝင် အခြားအာဆီယံ
ခေါင်းဆောင်တွေ သဘောတူ လက်မှတ်ရေးထိုးခဲ့တာဖြစ်ပါတယ်။ အာဆီယံပဋိညာဉ်စာတမ်းကို အဖွဲ့ဝင်
၁၀ နိုင်ငံက အတည်ပြုပြီးနောက် ၂၀၀၈ ခုနှစ် ဒီဇင်ဘာ ၁၅ ရက်မှာ အာဏာသက်ဝင်ခဲ့ပါတယ်။ အဲဒီကစလို့
အာဆီယံဟာ စည်းမျဉ်းစည်းကမ်းတွေကို အခြေခံတဲ့အဖွဲ့အစည်းတစ်ရပ် ဖြစ်လာတာပါ။
တာဝန်သိအဖွဲ့ဝင်နိုင်ငံတစ်နိုင်ငံ
မြန်မာနိုင်ငံဟာ အာဆီယံအဖွဲ့ဝင်နိုင်ငံ ဖြစ်လာခဲ့ပြီးနောက်ပိုင်းမှာ
နိုင်ငံရေး၊ လုံခြုံရေး၊ လူမှုရေးနဲ့ ယဉ်ကျေးမှုနယ်ပယ်ဆိုင်ရာ အာဆီယံပူးပေါင်း ဆောင်ရွက်မှုကဏ္ဍအသီးသီးမှာ
တက်ကြွစွာ ပါဝင်ဆောင်ရွက်ခဲ့ပါတယ်။ မြန်မာနိုင်ငံအနေနဲ့ လွတ်လပ်တက်ကြွ၍ ဘက်မလိုက်တဲ့
နိုင်ငံခြားရေးမူဝါဒကို ဆက်လက်ကျင့်သုံးနေသလို ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ရေး
မူကြီး (၅)
ရပ်ကို အခြေခံလျက် နိုင်ငံအားလုံးနဲ့ချစ်ကြည်ရင်းနှီးစွာ ဆက်ဆံလျက်ရှိပါတယ်။
ကမ္ဘာ့အသိုက်အဝန်းအတွင်း တာဝန်သိအဖွဲ့ဝင်နိုင်ငံတစ်နိုင်ငံအဖြစ် ခိုင်မာစွာရပ်တည်နေပြီး
အာဆီယံအပါအဝင် ဒေသ တွင်းနဲ့ နိုင်ငံတကာအဖွဲ့အစည်းတွေမှာ တက်တက်ကြွကြွ ပူးပေါင်းဆောင်ရွက်နေပါတယ်။
မြန်မာနိုင်ငံဟာ အာဆီယံပဋိညာဉ်စာတမ်းအရ တာဝန်ရှိ အာဆီယံအဖွဲ့ဝင်
နိုင်ငံတစ်နိုင်ငံ ဖြစ်သည်နှင့်အညီ အာဆီယံအလှည့်ကျဥက္ကဋ္ဌ တာဝန်ကို ၂၀၁၄ ခုနှစ်မှာ
တာဝန်ယူခဲ့ပါတယ်။ အာဆီယံဥက္ကဋ္ဌ တာဝန်တွေကို မြန်မာနိုင်ငံက တာဝန်ကျေပွန်စွာနဲ့ အကောင်းဆုံး
ထမ်းဆောင်ခဲ့ပါတယ်။ မူဝါဒပိုင်းဆိုင်ရာ ဦးဆောင်ဦးရွက်ပြုခြင်း၊ ပူးပေါင်းညှိနှိုင်း
ခြင်း၊ တူညီဆန္ဒရယူခြင်းနဲ့ ပူးပေါင်းဆောင်ရွက်ခြင်းတို့ဖြင့် အာဆီယံအသိုက်အဝန်းတစ်ရပ်
တည်ထောင် ရေးကြိုးပမ်းမှုတွေအပါအဝင် အာဆီယံရဲ့အကျိုးစီးပွားနဲ့ ကောင်းကျိုးချမ်းသာကို
တက်ကြွစွာ တိုးမြှင့်ဆောင်ရွက်ခဲ့ပါတယ်။ အာဆီယံအပေါင်း နိုင်ငံများနဲ့လည်း ပိုမိုနီးကပ်တဲ့
ဆက်ဆံရေးကို ခိုင်မာတိုးတက်စေဖို့ ဆောင်ရွက်ပေးခဲ့ပါတယ်။ ၂၀၁၄ ခုနှစ် အာဆီယံအလှည့်ကျဥက္ကဋ္ဌ
မြန်မာနိုင်ငံရဲ့ စွမ်းဆောင်ချက်တွေက ဖော်ပြလို့မဆုံးနိုင်ပါဘူး။
မြန်မာတို့အနေနဲ့ အာဆီယံနဲ့ပတ်သက်လာရင် (၂၇) ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲ (ဆီးဂိမ်း)
ကို အိမ်ရှင်အဖြစ် ၂၀၁၃ ခုနှစ် ဒီဇင်ဘာ ၁၁ ရက်မှ ၂၂ ရက်အထိ အောင်အောင်မြင်မြင်
လက်ခံကျင်းပပေးခဲ့ပါတယ်။ ဆီးဂိမ်းဖွင့်ပွဲ ပိတ်ပွဲအခမ်းအနားကြီးကို နေပြည်တော်ဝဏ္ဏသိဒ္ဓိ
အားကစားကွင်းကြီးမှာ ခမ်းနားစွာ ကျင်းပနိုင်ခဲ့ပါ တယ်။ နိုင်ငံပေါင်း ၁၁ နိုင်ငံမှ
အားကစားသမားပေါင်း ၆၀၀၀ ကျော် ဝင်ရောက်ယှဉ်ပြိုင်ခဲ့တဲ့ အရှေ့တောင် အာရှဒေသရဲ့ အကြီးမားဆုံး
အားကစားပြိုင်ပွဲကြီးဖြစ်ပါတယ်။ ဒါဟာမြန်မာနိုင်ငံက အာဆီယံနဲ့ပတ်သက်တဲ့ ပူးပေါင်းဆောင်ရွက်မှုတွေထဲက
အောင်မြင်မှုတွေ ဖြစ်ပါတယ်။ မြန်မာတို့အနေနဲ့ ဘယ်နိုင်ငံကိုမှ ခွဲခြားဆက်ဆံခဲ့တာ မရှိပါဘူး။
မြန်မာ့ပြည်တွင်းရေးကို ဘာကြောင့်ဝင်စွက်နေ
အဓိကအချက်အနေနဲ့ကတော့ မြန်မာနိုင်ငံ အနေနဲ့ မည်သည့်အာဆီယံအဖွဲ့ဝင်နိုင်ငံရဲ့
ပြည်တွင်းရေးကိုမျှ ဝင်ရောက်စွက်ဖက်ခြင်း မပြုခဲ့တာပါဘဲ။ အာဆီယံသမိုင်းတစ်လျှောက်မှာ
မြန်မာက လွန်စွာကောင်းပါလျက်နဲ့ ယခင်နဲ့လက်ရှိအာဆီယံဥက္ကဋ္ဌတာဝန်ယူထားတဲ့နိုင်ငံတွေက
မြန်မာတို့အပေါ် ဘာကြောင့်မကောင်းနေရတာလဲ။ မြန်မာ့ပြည်တွင်းရေးကို ဘာကြောင့် ဝင်စွက်နေရတာလဲ။
မြန်မာနိုင်ငံအတွင်းမှာ မှီတင်းနေထိုင်ကြတဲ့ ဗုဒ္ဓဘာသာရဟန်း သံဃာတွေကို သတ်ဖြတ်ခြင်း၊
ကျောင်းဆရာ ဆရာမ၊ ဆေးရုံအုပ်စတဲ့ ပြည်သူ့ဝန်ထမ်းတွေကို သတ်ဖြတ် ခြင်း၊ အပြစ်မဲ့ပြည်သူတွေ
သတ်ဖြတ်ခြင်း၊ လမ်းတွေ၊ တံတားတွေ၊ လျှပ်စစ်တာဝါတိုင်၊ တယ်လီဖုန်း တာဝါတိုင်တွေကို ဖျက်ဆီးခြင်း၊
ဘုရားဖူးပြည်သူတွေကို ရက်ရက်စက်စက် ပစ်ခတ်သတ်ဖြတ်ခြင်း၊ အပြစ်မဲ့ပြည်သူတွေကို ရက်ရက်စက်စက်သတ်ဖြတ်ခြင်း
စတဲ့ အကြမ်းဖက်အဖွဲ့တွေရဲ့ လုပ်ရပ်တွေကို ဘာကြောင့်မသိကျိုးကျွံပြုနေရတာလဲ၊ ဒါတွေဟာ
အထောက်အထားခိုင်ခိုင်လုံလုံ ရှိနေတဲ့ဖြစ်ရပ်တွေပါ။ ပြစ်မှုကျူးလွန်သူတွေ၊ ဖမ်းဆီးရမိသူတွေရဲ့
ထွက်ဆိုချက်တွေကို ဘာကြောင့် မျက်ကွယ်ပြုနေရတာလဲဆိုတဲ့မေးခွန်းတွေ မေးချင်ပါတယ်။ဒါက
စာရေးသူတစ်ဦးတည်း မေးချင်တဲ့ မေးခွန်း မဟုတ်ပါဘူး။ အကြမ်းဖက်အဖွဲ့အစည်းတွေက လွဲလို့
မြန်မာနိုင်ငံပြည်သူတစ်ရပ်လုံးက မေးချင်တဲ့မေးခွန်းပါပဲ။
အာဆီယံထိပ်သီးအစည်းအဝေး
တကယ်ဆိုရင် အာဆီယံထိပ်သီးအစည်းအဝေးဆိုတာ အာဆီယံ ၁၀ နိုင်ငံက
နိုင်ငံ့အကြီးအကဲနဲ့ အစိုးရအဖွဲ့အကြီးအကဲတွေ တက်ရောက်ရတဲ့ အာဆီယံရဲ့ အဆင့်အမြင့်ဆုံး
အစည်းအဝေးကြီး ဖြစ်ပါတယ်။ အာဆီယံရဲ့ တစ်နှစ်တာကာလအတွင်း ဆောင်ရွက်ရမယ့် ကိစ္စရပ်တွေနဲ့ပတ်သက်လို့
အာဆီယံအမြဲတမ်း ကော်မတီအစည်းအဝေး၊ အာဆီယံအဆင့်မြင့် အရာရှိကြီးများအစည်းအဝေး၊ အာဆီယံဒေသဆိုင်ရာ
ဆွေးနွေးပွဲတို့မှာ ဆွေးနွေးခဲ့တဲ့ လုပ်ငန်းစဉ်တွေ၊ အာဆီယံဆိုင်ရာ သဘောတူညီချက်တွေ၊
ကြေညာချက်တွေ၊ နားလည်မှုစာချွန်လွှာ တွေနဲ့ပတ်သက်ပြီး အာဆီယံနိုင်ငံတွေမှ နိုင်ငံ့ခေါင်းဆောင်တွေနဲ့
အစိုးရအဖွဲ့ ခေါင်းဆောင်တွေက ဆွေးနွေးအတည်ပြု လက်မှတ်ရေးထိုးတဲ့ အစည်းအဝေးကြီးတစ်ခုဖြစ်ပါတယ်။
အာဆီယံပဋိညာဉ်စာတမ်းအရ ထိပ်သီးအစည်းအဝေးကို တစ်နှစ်မှာ နှစ်ကြိမ်
ကျင်းပပါ တယ်။ နိုင်ငံအချင်းချင်းတန်းတူရည်တူ နိုင်ငံ့အကြီးအကဲ သို့မဟုတ် အစိုးရခေါင်းဆောင်ကို
ဖိတ်ကြားသင့်ပါလျက် ဖိတ်ကြားခြင်းမပြုတာဟာ လွန်စွာအရုပ်ဆိုးတဲ့ လုပ်ဆောင်ချက်ဖြစ်ပါတယ်။
မြန်မာနိုင်ငံရဲ့ အိမ်နီးချင်းနိုင်ငံတွေမှာ တပ်မတော်က အာဏာယူထားတဲ့ကာလတွေမှာလည်း မြန်မာနိုင်ငံက
အာဆီယံဥက္ကဋ္ဌအနေနဲ့ သူ့နိုင်ငံရဲ့ပြည်တွင်းရေးကို မစွက်ဖက်ခဲ့ပါဘူး။ အဆင့်အတန်း တူညီစွာပဲ
အာဆီယံထိပ်သီး အစည်းအဝေးကို ဖိတ်ကြားတက်ရောက်စေခဲ့တာပါ။
အကြိမ် (၄၀) နှင့်(၄၁)
ကြိမ်မြောက် အာဆီယံထိပ်သီးအစည်းအဝေးများအပြီး ထုတ်ပြန်ခဲ့တဲ့ တူညီဆန္ဒငါးချက်
အကောင်အထည်ဖော်ခြင်းအပေါ် အာဆီယံခေါင်းဆောင်တွေရဲ့ ပြန်လည်သုံးသပ်ချက်နှင့် ဆုံးဖြတ်ချက်တွေကို
မြန်မာနိုင်ငံက ကန့်ကွက်ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာနက နိုဝင်ဘာ ၁၁ ရက်စွဲနဲ့ထုတ်ပြန်တာဟာ
မြန်မာနိုင်ငံအတွင်းမှာ မှီတင်းနေထိုင်တဲ့ပြည်သူတစ်ရပ်လုံးရဲ့ဆန္ဒအမှန်ပါပဲ။ နိုင်ငံတော်စီမံအုပ်ချုပ်ရေး
ကောင်စီအစိုးရ တစ်ရပ်အနေနဲ့ မြန်မာနိုင်ငံသူ နိုင်ငံသားတွေအတွက် ကောင်းကျိုးတွေကို
လုပ်ဆောင်နေမှန်းသိလျက် အာဆီယံအဖွဲ့ဝင်နိုင်ငံအချို့က မသိချင်ယောင်ဆောင်နေခြင်းဘဲ ဖြစ်ပါတယ်။
မြန်မာပြည်သူတွေအတွက် များစွာစိတ်ပျက်
မြန်မာနိုင်ငံအနေနဲ့ အာဆီယံရဲ့တူညီဆန္ဒ ငါးချက်အပေါ် ကြိုးစားဆောင်ရွက်နေတာတွေကို
အပြုသဘောဆောင် ဖော်ပြမှုမရှိတာ၊ အာဆီယံအဖွဲ့ဝင်နိုင်ငံဖြစ်တဲ့ မြန်မာနိုင်ငံရဲ့ ပြည်တွင်းရေး
ကို ဝင်ရောက်စွက်ဖက်နေတာ၊ ထိပ်သီးအစည်းအဝေးမှာ မြန်မာနိုင်ငံကိုချန်လှပ်ထားပြီး အာဆီယံကိုးနိုင်ငံနဲ့သာ
ဆွေးနွေးသဘောတူခဲ့တာတွေဟာ အာဆီယံ ပဋိညာဉ်စာတမ်းပါ အခြေခံမူတွေ၊ ပြဋ္ဌာန်းချက်တွေနဲ့မညီတဲ့အတွက်
မြန်မာနိုင်ငံကကန့်ကွက်ခြင်းဖြစ်ပါတယ်။ နိုင်ငံတွင်းမှာထာဝရ ငြိမ်းချမ်းရေးရရှိဖို့အတွက်
မြန်မာအစိုးရက အပစ်အခတ်ရပ်စဲရေးကို တစ်ဖက်သတ်ကြေညာတယ်။ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေကို
ဖိတ်ခေါ်တယ်။ နိုင်ငံတော်အကြီးအကဲကိုယ်တိုင် တွေ့ဆုံပြီး ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေ
ပြုလုပ်နေပါတယ်။ ဒါ့အပြင် အာဆီယံလူသားချင်း စာနာထောက်ထားမှု ကူညီရေးညှိနှိုင်းမှုဗဟိုဌာန
(AHA Centre) နှင့် ပူးပေါင်းဆောင်ရွက်နေပါတယ်။ ဒီလိုသိသာထင်ရှားတဲ့ တိုးတက်မှုတွေကို လျစ်လျူရှုထားခြင်း
ဟာ မြန်မာပြည်သူတွေအတွက် များစွာ စိတ်ပျက်ဖွယ်ဖြစ်ပါတယ်။
ဒါ့အပြင် ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့အညီ နိုင်ငံတော်တာဝန်တွေ
ထမ်းဆောင်လျက်ရှိတဲ့ မြန်မာအစိုးရ နဲ့တပ်မတော်ကို ရည်ညွှန်းဖော်ပြရာမှာမသင့်လျော်တဲ့
သုံးနှုန်းဖော်ပြချက်တွေဟာလည်း ပြင်းထန်စွာ ကန့်ကွက်ဖွယ်ရာ ဖြစ်ပါတယ်။ မြန်မာအစိုးရ
ကြိုးပမ်းဆောင်ရွက်နေမှုအပေါ် အဖျက်အမှောင့်လုပ်ရပ်တွေ၊ အကြမ်းဖက်လုပ်ရပ်တွေ လုပ်ဆောင်ကာ
ဖျက်ဆီးနေတဲ့ NUG နဲ့ PDF အမည်ခံအကြမ်းဖက်အဖွဲ့တွေနဲ့ ဆက်သွယ်ဆောင်ရွက်ဖို့
ရည်ညွှန်းပြောကြားချက်တွေဟာ အကြမ်းဖက်လုပ်ရပ်တွေကို အားပေးထောက်ခံရာ ရောက်နေပါတယ်။
အာဆီယံပဋိညာဉ်စာတမ်း စာပိုဒ် ၂ ပါ အခြေခံမူများနဲ့ အကြမ်းဖက်တိုက်ဖျက်ရေးဆိုင်ရာ အာဆီယံနှင့်
အပြည်ပြည်ဆိုင်ရာ ကွန်ဗန်းရှင်းတွေကို ဖောက်ဖျက်နေတာဖြစ်ပါတယ်။ ဒီလိုမျိုးအကြမ်းဖက်တွေနဲ့
ဆက်သွယ် ဆောင်ရွက်ဖို့ကြိုးပမ်းနေတာကို မြန်မာနိုင်ငံက ပြင်းထန်စွာ ရှုတ်ချကန့်ကွက်တာဟာ
မြန်မာပြည်သူတွေရဲ့ ဆန္ဒအမှန်ပါပဲ။
အာဆီယံအသိုက်အဝန်း တက်ကြွစွာ ပါဝင်ဆောင်ရွက်နေ
တူညီဆန္ဒငါးချက် အကောင်အထည်ဖော်ခြင်းကို အချိန်ကန့်သတ်ချက်နဲ့ဖိအားပေး၊
အကျပ်ကိုင်တဲ့ ချဉ်းကပ်မှုမျိုးဟာ အကျိုးမရှိတဲ့အပြင် လက်ရှိပူးပေါင်းဆောင်ရွက်မှုတွေအပေါ်
ဆိုးကျိုးတွေသာ သက်ရောက်စေနိုင်ပါတယ်။ ဒါကိုအကြောင်းပြပြီး မြန်မာနိုင်ငံပါဝင်မှုကို
ပိုမိုကန့်သတ်ပိတ်ပင်ရန် ကြိုးစားခြင်းဟာ အာဆီယံအသိုက်အဝန်း အကောင်အထည်ဖော်ခြင်းကို
အတားအဆီး ဖြစ်စေတဲ့အပြင် အာဆီယံရဲ့စည်းလုံးညီညွတ်မှု၊ အရေးပါအရာရောက်မှု၊ မိသားစုစိတ်ဓာတ်ကို
ပျက်ပြားစေပါတယ်။ မြန်မာနိုင်ငံအနေနဲ့ကတော့ အာဆီယံကို ဝင်ရောက်ခဲ့တဲ့အချိန်ကစပြီး ဒီကနေ့တိုင်
အာဆီယံအသိုက်အဝန်း အကောင်အထည်ဖော်မှုမှာ တက်ကြွစွာ ပါဝင်ဆောင်ရွက် နေတာဖြစ်ပါတယ်။
မြန်မာနိုင်ငံအနေနဲ့ အခုနှစ် နိုဝင်ဘာလအတွင်း အာဆီယံနဲ့ အာဆီယံအဖွဲ့ဝင်နိုင်ငံတွေနဲ့
ပတ်သက် တဲ့ဆောင်ရွက်ချက်တွေကို ဖော်ပြရမယ်ဆိုရင် နိုဝင်ဘာ ၅ ရက်မှာ ဧရာဝတီ၊ ကျောက်ဖရား၊
မဲခေါင် စီးပွားရေးပူးပေါင်းဆောင်ရွက်မှု မဟာဗျူဟာအရ ကမ္ဘောဒီးယား၊ လာအို၊ မြန်မာ၊
ထိုင်းနဲ့ ဗီယက်နမ်နိုင်ငံတွေပါဝင်တဲ့ (၅) ကြိမ်မြောက် အက်ခ်မက် (ACMECS)
ခရီးသွားလုပ်ငန်း ဝန်ကြီးအဆင့်အစည်းအဝေး၊ ကမ္ဘောဒီးယား၊ လာအို၊ မြန်မာနဲ့
ဗီယက်နမ်တို့ပါဝင်တဲ့ (၆) ကြိမ် မြောက်
စီအယ်လ်အမ်ဗွီ (CLMV) ခရီးသွားလုပ်ငန်း ဝန်ကြီးအဆင့် အစည်းအဝေးနဲ့
ဆက်စပ်အစည်း အဝေးတွေမှာ ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီး တက်ရောက်ခဲ့ပါတယ်။ ကမ္ဘောဒီးယားနိုင်ငံမှာ
ကျင်းပခဲ့တာ ဖြစ်ပါတယ်။
နိုဝင်ဘာ ၇ ရက်က လာအိုနိုင်ငံမှာ ကျင်းပပြုလုပ်တဲ့ (၁၉) ကြိမ်မြောက် အာဆီယံလေတပ် ဦးစီးချုပ်များအစည်းအဝေးကို ကာကွယ်ရေးဦးစီးချုပ်(လေ)တက်ရောက်ခဲ့ပါတယ်။ လာမယ့် ၂၀၂၃ ခုနှစ်မှာ အကြိမ်
(၂၀)မြောက် အာဆီယံလေတပ်ဦးစီးချုပ်များအစည်းအဝေးကို
မြန်မာနိုင်ငံက အိမ်ရှင်အဖြစ် ကျင်းပရမှာဖြစ်ပါတယ်။ နိုဝင်ဘာ ၇ ရက်မှာပဲ ပြည်ထောင်စုတရားသူကြီးချုပ်
ခေါင်းဆောင်တဲ့မြန်မာ ကိုယ်စားလှယ်အဖွဲ့က မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့မှာကျင်းပတဲ့
(၁၀) ကြိမ်မြောက် အာဆီယံတရားသူကြီးချုပ်များ အစည်းအဝေးကို
တက်ရောက်ခဲ့ပါတယ်။ နိုဝင်ဘာ ၆ ရက်က ကမ္ဘောဒီးယားနိုင်ငံမှာ ကျင်းပတဲ့ အာဆီယံအသိုက်
အဝန်း ၂၀၂၅ အလွန် မျှော်မှန်းချက် ရေးဆွဲရေးဆိုင်ရာ အဆင့်မြင့်လုပ်ငန်းအဖွဲ့ရဲ့ ပဉ္စမအကြိမ်မြောက်
အစည်းအဝေးကို မြန်မာကိုယ်စားလှယ်အဖွဲ့ တက်ရောက်ခဲ့ပါတယ်။
နိုဝင်ဘာ ၉ ရက်မှာ ကမ္ဘောဒီးယားနိုင်ငံက အလှည့်ကျအိမ်ရှင်အဖြစ်
ကျင်းပလျက်ရှိတဲ့(၂၁) ကြိမ်မြောက် အာဆီယံစီးပွားရေးအသိုက်အဝန်းကောင်စီအစည်းအဝေးကို
Virtual စနစ်ဖြင့် ကျင်းပရာ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန
ပြည်ထောင်စုဝန်ကြီး ပါဝင်တက်ရောက် ခဲ့ပါတယ်။ (၄၃)ကြိမ်မြောက် အာဆီယံမူးယစ်ဆေးဝါးဆိုင်ရာ အဆင့်မြင့်အရာရှိကြီးများ အစည်းအဝေးနှင့်
ဆက်စပ်အစည်းအဝေးများသို့ မြန်မာကိုယ်စားလှယ်အဖွဲ့ တက်ရောက်ခဲ့ပါတယ်။ ဒါကတော့ အောက်တိုဘာ
၃၁ ရက်မှ နိုဝင်ဘာ ၃ ရက်အထိ မလေးရှားနိုင်ငံမှာ ကျင်းပခဲ့တာ ဖြစ်ပါတယ်။ နိုဝင်ဘာ ၁၀
ရက်က ကမ္ဘောဒီးယားနိုင်ငံမှာ ကျင်းပတဲ့ အာဆီယံစီးပွားရေး အသိုက်အဝန်းကောင်စီ၊ အာဆီယံစွမ်းအင်ဝန်ကြီးများ၊
အာဆီယံ သယ်ယူပို့ဆောင်ရေး ဝန်ကြီးများနှင့် အာဆီယံလယ်ယာစိုက်ပျိုးရေးနှင့် သစ်တောဆိုင်ရာဝန်ကြီးများ
အစည်းအဝေးကိုလည်း မြန်မာကိုယ်စားလှယ်အဖွဲ့က အွန်လိုင်းဖြင့် တက်ရောက်ခဲ့ပါတယ်။
နိုဝင်ဘာ ၉ ရက်နဲ့ ၁၀ ရက်တွေမှာ ကမ္ဘောဒီးယားနိုင်ငံမှာကျင်းပတဲ့ (၂၁) ကြိမ်မြောက် အာဆီယံစီးပွားရေး အသိုက်အဝန်းကောင်စီ အစည်းအဝေးနဲ့ ဆက်စပ်အစည်းအဝေးတွေကို
မြန်မာနိုင်ငံ အာဆီယံစီးပွားရေး အသိုက်အဝန်းကောင်စီဝန်ကြီး၊ ရင်းနှီးမြှုပ်နှံမှုနှင့်
နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးဆောင်တဲ့ မြန်မာကိုယ်စားလှယ်အဖွဲ့
တက်ရောက်ခဲ့ပါတယ်။ ဒါတွေဟာ မြန်မာနိုင်ငံအနေနဲ့ အာဆီယံနဲ့ ပူးပေါင်းဆောင်ရွက်မှုတွေ
ဖြစ်ပါတယ်။
ဒီထက်ပိုပြီး ထင်ရှားတာတစ်ခုပြောရရင် အကြိမ် (၃၀) မြောက် အာဆီယံနိုင်ငံ တပ်မတော် (ကြည်း)များသေနတ်ပစ်ပြိုင်ပွဲကို နိုဝင်ဘာ ၄ ရက်မှ ၁၁ ရက်အထိ ဗီယက်နမ်နိုင်ငံမှာ ကျင်းပခဲ့ရာမှာ
မြန်မာ့တပ်မတော် သေနတ်ပစ်အသင်း ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပါတယ်။ အဲဒီပြိုင်ပွဲမှာ ရွှေတံဆိပ်
၁၂ ခု၊ ငွေတံဆိပ် ၁၂ ခု၊ ကြေးတံဆိပ် ရှစ်ခုတို့ရရှိခဲ့ပြီး နိုင်ငံအလိုက် စတုတ္ထအဆင့်မှာ
ရပ်တည်နိုင်ခဲ့ပါ တယ်။ ဒါတွေအားလုံးဟာ မြန်မာနိုင်ငံနဲ့အာဆီယံ အရပ်ဘက်၊ စစ်ဘက် ကဏ္ဍပေါင်းစုံမှာ
ပူးပေါင်းဆောင်ရွက်အောင်မြင်မှု သတင်းတွေပဲဖြစ်ပါတယ်။
အာဆီယံအလှည့်ကျဥက္ကဋ္ဌကို ဖိတ်ခေါ်
မြန်မာ့နိုင်ငံရေးအခြေအနေကို အာဆီယံအနေနဲ့ အမှန်သိစေဖို့
အာဆီယံအလှည့်ကျဥက္ကဋ္ဌကို မြန်မာနိုင်ငံလာရောက်ဖို့ ဖိတ်ခေါ်ပြီး မြန်မာနိုင်ငံအတွင်း
ဖြစ်ပျက်နေတာကို ခိုင်ခိုင်မာမာ သက်သေအထောက်အထားနဲ့ ရှင်းလင်းပြောကြားခဲ့တာကို တွေ့ရပါတယ်။
ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်
ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ရဲ့ ဖိတ်ကြားချက်အရ ကမ္ဘောဒီးယားနိုင်ငံဝန်ကြီးချုပ်
ဆမ်ဒက်အာခါ မိုဟာဆီနာပါတိုင်းတဲ့ချို ဟွန်ဆင်ဟာ ၂၀၂၂ ခုနှစ် ဇန်နဝါရီ ၇ ရက်မှ ၈ ရက်အထိ
မြန်မာ နိုင်ငံသို့ အလုပ်သဘောခရီးစဉ် လာရောက်ခဲ့ပါ တယ်။ ခရီးစဉ်အတွင်း နှစ်နိုင်ငံဆက်ဆံရေးနှင့်
ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ရေးဆိုင်ရာ ကိစ္စရပ်တွေအပြင် အာဆီယံအပါအဝင်ဒေသဆိုင်ရာ
အကျိုးတူကိစ္စရပ်တွေကို ဆွေးနွေးအမြင်ချင်း ဖလှယ်ကြောင်း သိရပါတယ်။
မြန်မာနိုင်ငံမှာ ၂၀၂၁ ခုနှစ်ဖေဖော်ဝါရီ ၁ ရက် က နိုင်ငံရေးအပြောင်းအလဲ
ဖြစ်လာခဲ့ပါတယ်။ ဖြစ်လာရခြင်းအကြောင်းရင်းမှာလည်း ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲမှာ
တစ်ပါတီတည်းက ရာနှုန်းပြည့်အနိုင်ရရှိရေးအတွက် မမှန်ကန်တဲ့ မဲမသမာမှုတွေ ပြုလုပ်ခဲ့ပါတယ်။
မသမာမှုလုပ်ရပ်တွေကို ဖြေရှင်းပေးရန် အခြားသောပါတီတွေနဲ့ တပ်မတော်က အကြိမ်ကြိမ် တောင်းဆို၊
ညှိနှိုင်းခဲ့ပါတယ်။ ညှိနှိုင်းဖြေရှင်းဖို့ အချိန်များစွာရှိခဲ့သော်လည်း လုံးဝဖြေရှင်း
ပြန်ကြား ပေးခြင်းမရှိခြင်းကြောင့် နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံဥပဒေနှင့်အညီ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ
ပေါ်ပေါက်လာရခြင်းဖြစ်ပါတယ်။
အာဆီယံနိုင်ငံ့ခေါင်းဆောင်များ အစည်းအဝေးမှာ ဆွေးနွေးခဲ့
အဲဒီဖြစ်စဉ်နဲ့ပတ်သက်လို့ အင်ဒိုနီးရှားနိုင်ငံ ဂျကာတာမြို့မှာ
၂၀၂၁ ခုနှစ် ဧပြီ ၂၄ ရက်က ကျင်းပတဲ့ အာဆီယံနိုင်ငံ့ခေါင်းဆောင်များ အစည်းအဝေးမှာ မြန်မာနိုင်ငံအကြီးအကဲက
အာဆီယံ ဒေသတွင်း ရေရှည်ကြံ့ကြံ့ခံနိုင်မှုရှိပြီး စဉ်ဆက်မပြတ် ဒေသတွင်းပြန်လည်ထူထောင်ရေး
ကြိုးပမ်းမှုလုပ်ငန်းစဉ်တွေမှာ မြန်မာနိုင်ငံအနေနဲ့ဆက်လက် ပံ့ပိုးသွားမယ့်ကိစ္စရပ်များ၊
မြန်မာနိုင်ငံအနေနဲ့ အာဆီယံရဲ့ဦးတည်ချက်တွေ အောင်မြင်စေဖို့ အာဆီယံပဋိညာဉ်စာတမ်းနဲ့
အရှေ့တောင်အာရှ ချစ်ကြည်ရေးနဲ့ ပူးပေါင်းဆောင်ရွက်ရေးစာချုပ် (TAC) အခြေခံမူတွေနဲ့အညီ
အာဆီယံအဖွဲ့ဝင်နိုင်ငံများနှင့်အတူ နီးကပ်စွာ ပူးပေါင်းသွားမယ့်ကိစ္စရပ်တွေ၊ မြန်မာ့နိုင်ငံရေး
ဖြစ်ပေါ်ပြောင်းလဲမှုတွေ၊ ရှေ့ဆက်ဆောင်ရွက်မယ့် လုပ်ငန်းစဉ်တွေနဲ့
ပတ်သက်လို့ ဆွေးနွေးပြောကြားခဲ့ပါတယ်။
ဒီလိုမျိုးဖြစ်ရပ်မှန်တွေ ချပြထားပါလျက်နဲ့ မြန်မာ့နိုင်ငံရေး
အပြောင်းအလဲအပေါ်မှာ အခွင့်ကောင်းယူတဲ့ ပြည်ပနိုင်ငံအချို့ဟာ မြန်မာ့ပြည်တွင်းရေးကို
ဝင်ရောက်စွက်ဖက်နေတဲ့အပြင် စည်းလုံးညီညွတ်ခိုင်မာမှုရှိတဲ့ အာဆီယံအဖွဲ့အတွင်းမှာပင်
ဝင်ရောက်သပ်လျှိုမှု ရှိနေပါတယ်။ အဲဒီလိုဝင်ရောက်သပ်လျှိုမှုကြောင့် အာဆီယံအဖွဲ့ရဲ့
ဒုတိယမြောက်ရည်ရွယ်ချက်ဖြစ်တဲ့ အင်အားကြီး နိုင်ငံတွေရဲ့ပြိုင်ဆိုင်မှု၊ ကြီးစိုးမှုတွေ
ဒေသတွင်းစိမ့်ဝင် ပျံ့နှံ့မလာစေရေးအတွက် ဒေသအတွင်း နိုင်ငံရေးနဲ့ စီးပွားရေးတည်ငြိမ်မှုကို
ထိန်းသိမ်းကာကွယ်ဖို့ဆိုတဲ့ ရည်ရွယ်ချက်မှာ မှေးမှိန်ခဲ့ပါတယ်။
“ယခုအခါ ကမ္ဘောဒီးယားနိုင်ငံသည် အာဆီယံအလှည့်ကျဥက္ကဋ္ဌအဖြစ်
တာဝန်ယူနေပြီ ဖြစ်သည့်အတွက် မှန်ကန်မျှတသော စွမ်းဆောင်ချက်များနှင့် အတူအာဆီယံအသင်းကြီး၏
အောင်မြင်မှုအရပ်ရပ်ကို စွမ်းဆောင်နိုင်မည်ဟု ယုံကြည်မိပါသည်” လို့ အဲဒီတုန်းက အာဆီယံအလှည့်ကျဥက္ကဋ္ဌရဲ့ ခရီးစဉ်အပြီးမှာ သတင်းစာတွေကလည်း
မြန်မာနဲ့ ကမ္ဘော ဒီးယားရဲ့ချစ်ကြည်ရင်းနှီးမှုကို ဂုဏ်တင်ရေးသားခဲ့ကြပါတယ်။ ဗုဒ္ဓဘာသာနိုင်ငံမှာ
ဗုဒ္ဓဘာသာရဟန်း တော်တွေ ရက်ရက်စက်စက် အသတ်ခံနေရပါတယ်။ အကြမ်းဖက်အဖျက်သမားတွေရဲ့ အကြောင်းမဲ့
အကြမ်းဖက်သတ်ဖြတ်မှုကြောင့် နိုင်ငံတော်အတွင်း သံဃာတော် ၅၉ ပါးနဲ့ သီလရှင်ဆရာကြီး တစ်ပါး
ဘဝနတ်ထံပျံလွန်တော်မူခဲ့ပါတယ်။ ဒါဟာ နိုဝင်ဘာ ၁၂ ရက်အထိ သတင်းတွေအရ ကြားသိ ရတာဖြစ်ပါတယ်။
လက်ရှိအာဆီယံဥက္ကဋ္ဌအနေနဲ့ ဘာသာတူချင်း ကိုယ်ချင်းစာစိတ်ရှိမယ်ဆိုရင် အကြမ်းဖက်အဖျက်လုပ်ရပ်ကို
လုံးဝ (လုံးဝ) လက်ခံမှာ မဟုတ်ပါဘူး။
မြန်မာနိုင်ငံမှာ အားလုံးညှိနှိုင်းဖြေရှင်းဖို့ တိုင်းရင်းသားလက်နက်ကိုင်တွေနဲ့
ငြိမ်းချမ်းရေး ဖိတ်ခေါ်မှုတွေကို အရပ်စကားနဲ့ပြောရရင် (နိုင်ငံတော်က လျှော့ဈေးနဲ့)
လိုက်လျောဖိတ်ခေါ်နေ တာပါ။ ဒါကိုတချို့သော တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေက
မျက်ကွယ်ပြုပြီး အကြမ်းဖက် လုပ်ရပ်တွေမှာ ပါဝင်အားပေးလုပ်ဆောင်နေတာ ဖြစ်ပါတယ်။ ငြိမ်းချမ်းရေးဆွေးနွေးပွဲမှာ
ပါဝင်ဆွေးနွေးတဲ့အဖွဲ့ ၁၀ ဖွဲ့ဟာ နိုင်ငံတော်အစိုးရနဲ့ တွေ့ဆုံဆွေးနွေးမှုရလဒ်ကောင်းတွေ
ထွက်ပေါ် လာတယ်လို့ ပြောဆိုနေတဲ့အသံကိုလည်း အာဆီယံအလှည့်ကျဥက္ကဋ္ဌ ကြားသိစေချင်ပါတယ်။
နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ ကန့်ကွက်ချက်
နိုင်ငံခြားရေးဝန်ကြီးဌာန၏ ကန့်ကွက်ချက်မှာ အာဆီယံအလှည့်ကျဥက္ကဋ္ဌ
ကမ္ဘောဒီးယားနိုင်ငံ သည် အဖွဲ့ဝင်နိုင်ငံအချို့၏ တောင်းဆိုမှုအရ အာဆီယံပဋိညာဉ်စာတမ်းပိုဒ် (၅) ပါ ပြဋ္ဌာန်းချက် ဖြစ်သည့် အဖွဲ့ဝင်နိုင်ငံများအကြား အဆင့်တူ တန်းတူကိုယ်စားပြုရေးမူနှင့်
သွေဖည်၍ မြန်မာနိုင်ငံမှ နိုင်ငံရေးအရ ကိုယ်စားမပြုသည့်ပုဂ္ဂိုလ်ကိုသာ အကြိမ်
(၄၀) နှင့် (၄၁) ကြိမ်မြောက် အာဆီယံ ထိပ်သီးအစည်းအဝေးများနှင့် ဆက်စပ်ထိပ်သီး အစည်းအဝေးများသို့
တက်ရောက်ရန် ဖိတ်ကြား ခဲ့ကြောင်း၊ မြန်မာနိုင်ငံသည် အာဆီယံပဋိညာဉ်ပါ ပြဋ္ဌာန်းချက်များနှင့်
အခြေခံမူများကို တိကျစွာ လေးစားလိုက်နာလျက်ရှိပြီး တာဝန်သိ အာဆီယံအဖွဲ့ဝင်နိုင်ငံတစ်နိုင်ငံအဖြစ်
အာဆီယံ၏ အရေးကိစ္စရပ်များကို တက်ကြွစွာ ပူးပေါင်းပါဝင် ဆောင်ရွက်လျက်ရှိသဖြင့် ယခုကဲ့သို့
မြန်မာနိုင်ငံ ကို တန်းတူရည်တူ မဆက်ဆံခြင်းနှင့် ခွဲခြား ဆက်ဆံသည့် လုပ်ရပ်အပေါ် လက်ခံနိုင်ခြင်းမရှိ
သဖြင့် ဖော်ပြပါ အစည်းအဝေးများသို့ မြန်မာနိုင်ငံမှ ကိုယ်စားပြုတက်ရောက်ခြင်း မပြုခဲ့ကြောင်း
သတင်းထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
မြန်မာနိုင်ငံအနေနဲ့ အာဆီယံ နိုင်ငံရေး-လုံခြုံရေးအသိုက်အဝန်း၊
အာဆီယံစီးပွားရေး အသိုက်အဝန်း၊ အာဆီယံလူမှု-ယဉ်ကျေးမှုအသိုက်အဝန်းဟူသော
မဏ္ဍိုင်ကြီးသုံးရပ်ဖြင့် အာဆီယံ အသိုက်အဝန်း ၂၀၂၅ မျှော်မှန်းချက်အတွက် ဆောင်ရွက်လျက်ရှိရာမှာ
အာဆီယံအဖွဲ့ဝင်နိုင်ငံတွေ နဲ့အတူ နီးကပ်စွာ ပူးပေါင်းဆောင်ရွက်လျက်ရှိပါတယ်။ ဒါကိုလည်း
အထက်မှာ အချက်အလက်နဲ့ ဖော်ပြပေးထားပြီး ဖြစ်ပါတယ်။ မြန်မာနိုင်ငံသူ၊ နိုင်ငံသားတွေအနေနဲ့
အာဆီယံ ထိပ်သီးအစည်းအဝေးမှာ မြန်မာနိုင်ငံကို တန်းတူရည်တူ မဆက်ဆံတာ၊ အကြမ်းဖက်သမားတွေကို
အားပေးဆက်သွယ် ဖို့လုပ်ဆောင်နေတာ၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီရဲ့ လက်တွေ့ကျကျတိုင်းပြည်သာယာ
ဝပြောရေး၊ စားရေရိက္ခာဖူလုံရေးလုပ်ဆောင်နေတာတွေ၊ ဒီမိုကရေစီနဲ့ ဖက်ဒရယ်စနစ်ကို အခြေခံတဲ့
ပြည်ထောင်စုကြီး တည်ဆောက်နေတာတွေ၊ တစ်နိုင်ငံလုံး ထာဝရငြိမ်းချမ်းရေးရရှိဖို့ တစ်နိုင်ငံလုံး
ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (NCA) ပါအတိုင်း အလေးထား
လုပ်ဆောင်နေတာတွေကို မြင်အောင်ကြည့်စေချင်ပါတယ်။
မြန်မာ့အကြောင်းကို ထဲထဲဝင်ဝင် မှန်မှန်ကန်ကန်သိအောင် ကြိုးစားစေချင်ပါတယ်။
ဘယ် အခါမှ မြန်မာနိုင်ငံကောင်းကြောင်းမရေးတဲ့ မီဒီယာတွေ၊ အကြမ်းဖက်အဖျက်သမားတွေရဲ့
လုပ်ရပ်တွေကိုသိလျက်နဲ့ ဖော်ပြခြင်းမရှိတဲ့ မီဒီယာတွေရဲ့သတင်းကို အမှန်မယူသင့်ပါဘူး။
ရှင်းလင်းစွာပြောရရင် အကြမ်းဖက်အဖျက်သမားတွေကို အားပေးလက်ခံနေသူတွေဟာ မြန်မာနိုင်ငံပျက်စီးရေးကိုသာ
မြင်တွေ့လိုသူတွေ ဖြစ်ပါတယ်။
အပြုသဘောမဆောင်တဲ့ လုပ်ရပ်တွေရပ်သင့်
ကျွန်တော့်ရဲ့ ဆောင်းပါးကို နိဂုံးမချုပ်ခင် ကလေးမှာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ
နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ကုလသမဂ္ဂအထွေထွေအတွင်း
ရေးမှူးချုပ်ရဲ့ မြန်မာနိုင်ငံဆိုင်ရာအထူးကိုယ်စားလှယ်နဲ့ ဩဂုတ် ၁၇ ရက်မှာ တွေ့ဆုံစဉ် “အဆွေတော် လာရောက်သည့် ယခုခရီးစဉ်သည်
တရားဝင်ခရီးစဉ်ဖြစ်ပြီး လက်ရှိအဆွေတော်တည် ရှိနေသည့်နေရာသည် နိုင်ငံတော်သမ္မတ၏ ဧည့်ခန်းမဖြစ်ပါသည်။
အဆွေတော်အနေဖြင့် အချုပ်အခြာအာဏာပိုင်ဆိုင်သည့် မြန်မာနိုင်ငံသို့လာရောက်ခြင်းဖြစ်ပါသည်။
ကုလသမဂ္ဂအဖွဲ့ဝင် နိုင်ငံတစ်နိုင်ငံဖြစ်သည့် မြန်မာနိုင်ငံ၏ အဆိုပြု ချက်ကို လက်ခံခြင်းမရှိပါက
အခြားဆန့်ကျင်ဘက် အဖွဲ့အစည်းများ၏ အဆိုပြုချက်များကို လက်ခံခြင်းမပြုစေလိုပါ”
ဟူ၍ ပြောကြားခဲ့ပါတယ်။ ဒါဟာ မှန်ကန်မျှတတဲ့ စကားဖြစ်ပါတယ်။
ဒါပေမယ့် အဲဒီအထူးကိုယ်စားလှယ်ရဲ့ သတင်းထုတ်ပြန်ချက်ဟာ ပြည်ပနဲ့ပြည်တွင်းရှိ
တရားမဝင် အကြမ်းဖက်အဖွဲ့တွေက ပေးပို့တဲ့သတင်းမှားတွေအပေါ် အခြေခံပြီး ထုတ်ပြန်ခဲ့ပါတယ်။
အခုလည်း မြန်မာနိုင်ငံတက်ရောက်ခြင်းမရှိတဲ့ အကြိမ် (၄၀)နဲ့ (၄၁) ကြိမ်မြောက် အာဆီယံထိပ်သီး အစည်းအဝေးများအပြီး ထုတ်ပြန်ချက်တွေကလည်း
ထိုနည်း လည်းကောင်းပါပဲ။ ပြောချင်တာက မြန်မာနိုင်ငံဟာ ဖွံ့ဖြိုးတိုးတက်ရေး လမ်းကြာင်းပေါ်မှာ
အရှိန်အဟုန်နဲ့ လျှောက်လှမ်းနေပါပြီ။ မြန်မာနိုင်ငံအပေါ် အပြုသဘောမဆောင်တဲ့ လုပ်ရပ်တွေ
ရပ်သင့်ပါပြီ။ ဒါတွေကို အစီအစဉ်ရှိရှိ လုပ်ဆောင်နေတာဟာ မြန်မာနိုင်ငံ ဖွံ့ဖြိုးတိုးတက်သွားမှာ
ကြောက်နေကြသလားလို့ပဲ မေးလိုက်ချင်ပါတော့တယ် ခင်ဗျာ။ ။
No comments:
Post a Comment