Monday, November 7, 2022

ဒသမအကြိမ်မြောက် အာဆီယံဉာဏ်စမ်းပဟေဠိ (ဒေသတွင်းအဆင့်)ပြိုင်ပွဲတွင် နိုင်ငံကိုယ်စားပြုပါဝင်ယှဉ်ပြိုင်မည့် ကျောင်းသား ကျောင်းသူများ လေ့ကျင့်ပြင်ဆင်မှုများပြုလုပ်လျက်ရှိ

 

ရန်ကုန် နိုဝင်ဘာ ၆


ဒသမအကြိမ်မြောက် အာဆီယံဉာဏ်စမ်းပဟေဠိ - ဒေသတွင်းအဆင့်ပြိုင်ပွဲ (10th ASEAN Quiz - Regional Level)ကို ၂၀၂၂ ခုနှစ် ဒီဇင်ဘာ ၁၁ ရက်မှ ၁၆ ရက်အထိ နေပြည်တော် MICC-II တွင် မြန်မာနိုင်ငံက အိမ်ရှင်အဖြစ်လက်ခံကျင်းပမည်ဖြစ်ရာ အဆိုပါပြိုင်ပွဲတွင် မြန်မာနိုင်ငံကိုယ်စားပြုပါဝင်ယှဉ်ပြိုင်မည့် ကျောင်းသား ကျောင်းသူသုံးဦးနှင့် အရန်ကျောင်းသား ကျောင်းသူနှစ်ဦးတို့ကို အပြီးသတ်ရွေးချယ်ကာ ပြိုင်ပွဲတွင် အဆင့်မီအောင်မြင်စွာ ပါဝင်ယှဉ်ပြိုင်နိုင်ရန်အတွက် ဘာသာရပ်ဆိုင်ရာကျွမ်းကျင်သူများက အာဆီယံဆိုင်ရာဗဟုသုတများ လေ့ကျင့်သင်ကြားပေးလျက်ရှိသည်။

အဆိုပါပြိုင်ပွဲဝင် ကျောင်းသား ကျောင်းသူငါးဦးကို အသိုက်အဝန်းမဏ္ဍိုင်သုံးရပ်ဖြစ်သည့် အာဆီယံနိုင်ငံရေးနှင့် လုံခြုံရေးဆိုင်ရာအသိုက်အဝန်း (APSC)၊ အာဆီယံစီးပွားရေးဆိုင်ရာအသိုက် အဝန်း(AEC)နှင့် အာဆီယံလူမှုရေး - ယဉ်ကျေးမှုဆိုင်ရာအသိုက်အဝန်း(ASCC) မဏ္ဍိုင်တို့၏ တာဝန်ခံဝန်ကြီးဌာနများမှ ဘာသာရပ်ဆိုင်ရာကျွမ်းကျင်သူ အဆင့်မြင့်အရာရှိကြီးများ၊ ရန်ကုန် ပညာရေးတက္ကသိုလ် အင်္ဂလိပ်စာဌာနနှင့် ရန်ကုန်တက္ကသိုလ် နိုင်ငံတကာဆက်ဆံရေးဌာနတို့မှ ကျွမ်းကျင်ပညာရှင်များဖြင့် အွန်လိုင်းမှတစ်ဆင့် လေ့ကျင့်သင်ကြားမှုများ၊ စစ်ဆေးမှုများဆောင်ရွက် ခဲ့ကြပြီး အကဲဖြတ်ဒိုင်အဖွဲ့က နိုင်ငံကိုယ်စားပြုပြိုင်ပွဲဝင် ကျောင်းသား ကျောင်းသူသုံးဦးကို အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း ဒဂုံမြို့နယ် ရန်ကုန်တိုင်းဒေသကြီးမှ မောင်ပြည့်စုံချမ်းသာနှင့် မောင်ဟိန်းလင်းထက်၊ အမှတ်(၃) အခြေခံပညာအထက်တန်းကျောင်း နေပြည်တော်မှ မနှင်းပွင့်အောင်တို့အားလည်းကောင်း၊ အရန်နှစ်ဦးကို အမှတ်(၈) အခြေခံပညာအထက်တန်းကျောင်း အောင်မြေသာစံမြို့နယ် မန္တလေးတိုင်းဒေသကြီးမှ မမေသဲဖြူအုန်းနှင့် အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း ဒဂုံမြို့နယ် ရန်ကုန်တိုင်းဒေသကြီးမှမရွှန်းလဲ့ဝေ တို့အားလည်းကောင်း အပြီးသတ်ရွေးချယ်ခဲ့ခြင်းဖြစ်သည်။

မြန်မာနိုင်ငံကိုယ်စားပြုပါဝင်ယှဉ်ပြိုင်မည့် ကျောင်းသား ကျောင်းသူများ ရွေးချယ်နိုင်ရန်အတွက် ဒသမအကြိမ်မြောက် အာဆီယံဉာဏ်စမ်းပဟေဠိ - နိုင်ငံအဆင့်ပြိုင်ပွဲ (10thASEANQuiz -National Level) ကို ပြန်ကြားရေးဝန်ကြီးဌာနနှင့် ပညာရေးဝန်ကြီးဌာနတို့ပူးပေါင်း၍ ၂၀၂၂ ခုနှစ် မေ ၃၀ ရက်မှ ဇွန် ၁ ရက်အထိ ရန်ကုန်မြို့ပြည်လမ်းရှိ မြန်မာ့အသံနှင့်ရုပ်မြင်သံကြား၌ကျင်းပခဲ့ရာ ယင်းပြိုင်ပွဲသို့ တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးမှ ကိုယ်စားပြု ကျောင်းသား ကျောင်းသူ ၃၄ ဦး ပါဝင် ယှဉ်ပြိုင်ခဲ့ကြောင်း၊ ယင်းပြိုင်ပွဲဝင်များ၏ရေးဖြေနှင့် လူတွေ့စစ်ဆေးခြင်းများတွင် ရမှတ်အများဆုံးရရှိခဲ့ သည့် ဆန်ခါတင်အဆင့် ကျောင်းသား ကျောင်းသူ ၁၀ ဦး အား ၂၀၂၂ ခုနှစ် ဇွန် ၁ ရက်တွင် ရုပ်မြင်သံကြား ရိုက်ကူးရေးဆောင်ရွက်မှုနှင့်အတူ ယှဉ်ပြိုင်ခဲ့ကြပြီး ယင်းတို့၏ ယှဉ်ပြိုင်မှုရမှတ်များကို နည်းပညာ ပိုင်းဆိုင်ရာပံ့ပိုးမှုများ၊ ဒိုင်အဖွဲ့ဝင်များ၏ဆုံးဖြတ်ချက်များဖြင့် ဒသမအကြိမ်မြောက် အာဆီယံ ဉာဏ်စမ်းပဟေဠိ - ဒေသတွင်းအဆင့်ပြိုင်ပွဲ (10th ASEAN Quiz-Regional Level) သို့ ပါဝင်ယှဉ်ပြိုင်ရန် ပဏာမငါးဦးကိုရွေးချယ်ခဲ့ခြင်းဖြစ်ကြောင်းနှင့် ယခုကဲ့သို့ အဆင့်ဆင့်ရွေးချယ်ထားသည့် ထူးချွန် ကျောင်းသား ကျောင်းသူများသည် နိုဝင်ဘာမှစတင်ကာ နည်းပညာဆိုင်ရာ လက်တွေ့လေ့ကျင့် သင်ကြားမှုများပြုလုပ်လျက်ရှိပြီး 10th ASEAN Quiz (Regional Level) ပြိုင်ပွဲသို့ အာဆီယံနိုင်ငံများမှ ရွေးချယ်ထားသည့် ကျောင်းသား ကျောင်းသူများနှင့်အတူ မြန်မာနိုင်ငံကိုယ်စားပြု၍ ဝင်ရောက်ယှဉ်ပြိုင်ကြမည်ဖြစ်ကြောင်း သိရသည်။

သတင်းစဉ်

No comments:

Post a Comment