Saturday, November 19, 2022

မြို့နယ်များ၌ မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိ

 


နေပြည်တော် နိုဝင်ဘာ ၁၈

မြစ်ကြီးနားမြို့၊ မြဝတီမြို့၊ မှော်ဘီမြို့နယ်နှင့် မိုးမိတ်မြို့နယ်တို့တွင် မူးယစ်ဆေးဝါးများ သိမ်းဆည်းရမိခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သိရသည်။

ဖြစ်စဉ်မှာ မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့မှတပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် နိုဝင်ဘာ ၁၇ ရက် နံနက် ၉ နာရီခွဲတွင် မြစ်ကြီးနား မြို့ ယုဇနရပ်ကွက် စည်ပင်သာယာလမ်းတွင် ဇော်အောင် (ခ)အောင်အောင် မောင်းနှင်လာသည့် ဆိုင်ကယ်နှင့် မလဖိုင်ဂျာအောင် မောင်းနှင်လာသည့် X-TRAIL အမျိုးအစားမော်တော်ယာဉ်တို့အား ရပ်တန့်စစ်ဆေးရှာဖွေရာ ဘိန်းဖြူ ၂ ဒသမ ၂ ကီလိုကိုလည်းကောင်း၊ (အောက်ပုံ) ယင်းနေ့ညနေ ၄ နာရီခွဲတွင် မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့မှတပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် မြဝတီမြို့ အမှတ်(၂)ရပ်ကွက် ဇမ္ဗူရာဇ် ရွှေလမ်းရှိ သက်နိုင်ဦး(ခ)ဘယ်ကျော်၏ နေအိမ်သို့ ဝင်ရောက်ရှာဖွေရာ ၎င်းနှင့်အတူ ရန်လင်းလင်း(ခ)ရန်ကုန်၊ မမိချိုတို့အား တွေ့ရှိရပြီး စိတ်ကြွရူးသွပ် ဆေးပြား ၂၀၀၀ ကိုလည်းကောင်း။

အလားတူ ယင်းနေ့မွန်းလွဲ ၁ နာရီတွင် မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် မှော်ဘီမြို့နယ် ဆတ်သွားတောကျေးရွာအနီးတွင် လှဌေးအား မသင်္ကာဖွယ် တွေ့ရှိသဖြင့် စစ်ဆေးရှာဖွေရာ စိတ်ကြွ ရူးသွပ်ဆေးပြား ၅၈၀၀ ကို လည်းကောင်း၊ ယင်းနေ့ နံနက် ၁၁ နာရီခွဲတွင် မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် မိုးမိတ်မြို့နယ် ရွှေဇာလီကျေးရွာအုပ်စု ညောင်ကုန်း ကျေးရွာအနီး မိုးမိတ်-မန်တုံသွား ကားလမ်းတွင် နောနော်(ခ) အားတီ မောင်းနှင်လာသည့် ဆိုင်ကယ်အား ရပ်တန့်စစ်ဆေးရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၅၉၀၀၀ ကိုလည်းကောင်း သိမ်းဆည်းရမိခဲ့သဖြင့် ၎င်းတို့အား မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေအရ အရေးယူထားကြောင်း သိရသည်။

သတင်းစဉ်

No comments:

Post a Comment