Tuesday, November 8, 2022

(၆၇)နှစ်မြောက် ကရင်ပြည်နယ်နေ့အခမ်းအနားကျင်းပ

 

နေပြည်တော် နိုဝင်ဘာ ၇


နှစ်စဉ်ကျင်းပမြဲဖြစ်ပြီး ကရင်တိုင်းရင်းသားလူမျိုးများ၏ နေ့ထူးနေ့မြတ်ဖြစ်သော (၆၇) နှစ်မြောက် ကရင်ပြည်နယ်နေ့အခမ်းအနားကို ယနေ့နံနက် ၆ နာရီခွဲတွင် ကရင်ပြည်နယ်အစိုးရအဖွဲ့ရုံးရှေ့မြက်ခင်းပြင်၌ကျင်းပရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင်များနှင့် ပြည်ထောင်စုဝန်ကြီးများ တက်ရောက်ချီးမြှင့်ကြသည်။

အခမ်းအနားသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင် မန်းငြိမ်းမောင်၊ စောဒန်နီရယ်၊ ပြည်ထောင်စုဝန်ကြီးများဖြစ်ကြသည့် ဒုတိယဗိုလ်ချုပ်ကြီးထွန်းထွန်းနောင်၊ ဦးမြင့်ကြိုင်၊ ဒေါက်တာပွင့်ဆန်း၊ ဦးမင်းသိန်းဇံ၊ ဒေါက်တာသက်သက်ခိုင်၊ ဦးစောထွန်းအောင်မြင့်၊ ကရင်ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦး၊ အရှေ့တောင်တိုင်းစစ်ဌာနချုပ် တိုင်းမှူးဗိုလ်ချုပ်မြတ်သက်ဦးနှင့် အစိုးရအဖွဲ့ဝင်များ၊ ကရင်အမျိုးသားအစည်းအရုံး (KNU)၊ ကရင် အမျိုးသားလွှတ်မြောက်ရေး တပ်မတော်/ကရင်အမျိုးသား အစည်းအရုံး(ငြိမ်းချမ်းရေးကောင်စီ) KNU/ KNLA(PC)၊ ဒီမိုကရေစီအကျိုးပြုကရင်တပ်မတော် (DKBA)၊ ကရင်ပြည်နယ် နယ်ခြားစောင့်တပ် (BGF) တို့မှ ကိုယ်စားလှယ်များ၊ နိုင်ငံရေး ပါတီများ၊ မြို့မိမြို့ဖများ၊ ဒေသခံတိုင်းရင်းသားပြည်သူများ တက်ရောက်ကြသည်။

အလေးပြု

ဦးစွာ သဘာပတိအဖွဲ့ဝင်များနေရာယူအပြီး ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အလံနှင့် ကျဆုံးလေပြီးသော အာဇာနည်ခေါင်းဆောင်ကြီးများနှင့် ရဲဘော်အပေါင်းတို့ကိုအလေးပြုကြ သည်။

အမှာစကားပြောကြား

ထို့နောက် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ထံမှပေးပို့သည့် (၆၇)နှစ်မြောက် ကရင်ပြည်နယ်နေ့အထိမ်းအမှတ်သဝဏ်လွှာကို နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် မန်းငြိမ်းမောင်ကဖတ်ကြားပြီး ကရင်ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦးက နှုတ်ခွန်းဆက်အမှာစကားပြောကြားသည်။

ယင်းနောက် နယ်စပ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးထွန်းထွန်း နောင် က 90 W ဆိုလာ အစုံ ၁၀၀၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံက Outdoor Fitness၁၀ စုံ၊ ဘောလုံး၊ ဘော်လီဘော၊ ပိုက်ကျော်ခြင်းအားကစားပစ္စည်းများကို ကရင်ပြည်နယ်ဝန်ကြီးချုပ်ထံ ပေးအပ်ကြသည်။

ဖဲကြိုးဖြတ်ဖွင့်လှစ်

ဆက်လက်၍ (၆၇)နှစ်မြောက် ကရင်ပြည်နယ်နေ့အထိမ်းအမှတ် မုခ်ဦးနှင့်ပြခန်းများ ဖွင့်ပွဲ အခမ်းအနားကိုကျင်းပရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင် မန်းငြိမ်းမောင်၊ စောဒန်နီရယ်၊ ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးထွန်းထွန်းနောင်၊ ပြည်ထောင်စုဝန်ကြီး ဦးစောထွန်း အောင်မြင့်၊ ကရင်ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦး၊ အရှေ့တောင်တိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်မြတ်သက်ဦး၊ ကရင်အမျိုးသားအစည်းအရုံး(KNU) ဒူးပလာယာခရိုင်ဥက္ကဋ္ဌ ပဒိုရွှေ မောင်း၊ ကရင်အမျိုးသားအစည်းအရုံး (KNU) ဘားအံခရိုင်ဥက္ကဋ္ဌ ပဒိုအောင်မော်ဧ၊ ကရင်အမျိုးသားလွတ်မြောက်ရေး တပ်မတော်/ ကရင်အမျိုးသားအစည်းအရုံးငြိမ်းချမ်းရေးကောင်စီ KNU/KNLA(PC)ဒုတိယဥက္ကဋ္ဌ ဒေါက်တာ နော်ကပေါ်ထူး၊ ကရင်ပြည်နယ်ဝန်ကြီးချုပ် (ငြိမ်း) ဦးဇော်မင်းနှင့် မြို့မိမြို့ဖဦးစောအောင်ပွင့် တို့က (၆၇)နှစ်မြောက် ကရင်ပြည်နယ်နေ့အထိမ်းအမှတ်မုခ်ဦးနှင့် ပြခန်းများကို ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင်မန်းငြိမ်းမောင်က (၆၇) နှစ်မြောက် ကရင်ပြည်နယ်နေ့ အထိမ်းအမှတ်မုခ်ဦးအား စက်ခလုတ်နှိပ်ဖွင့်လှစ်ပေးသည်။

ချိုးဖြူငှက် ၆၇ ကောင်ကိုလွှတ်ပေး

ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင် မန်းငြိမ်းမောင်ကဦးဆောင်၍ ပြည်ထောင်စု ဝန်ကြီးများ၊ ကရင်ပြည်နယ်ဝန်ကြီးချုပ်နှင့် အစိုးရအဖွဲ့ဝင်များ၊ အရှေ့တောင်တိုင်း စစ်ဌာနချုပ်တိုင်းမှူး၊ တိုင်းရင်းသားလက်နက်ကိုင်ငြိမ်းချမ်းရေးအဖွဲ့အစည်းများနှင့် တက်ရောက်လာသူများက (၆၇)နှစ်မြောက် ကရင်ပြည်နယ်နေ့အထိမ်းအမှတ်အနေဖြင့် ကရင်ပြည်နယ်ကြီးငြိမ်းချမ်းသာယာစည်ပင်ဝပြောပါစေကြောင်း သုံးကြိမ်ရွတ်ဆိုကြွေး ကြော်(ဆုတောင်း)၍ ငြိမ်းချမ်းရေးချိုးဖြူငှက် ၆၇ ကောင်ကို လွှတ်ပေးကြသည်။

လှည့်လည်ကြည့်ရှု

ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင်များ၊ ပြည်ထောင်စုဝန်ကြီးများ၊ ကရင် ပြည်နယ်ဝန်ကြီးချုပ်နှင့် အစိုးရအဖွဲ့ဝင်များ၊ အရှေ့တောင်တိုင်းစစ်ဌာနချုပ်တိုင်းမှူး၊ တိုင်းရင်း သားလက်နက်ကိုင်ငြိမ်းချမ်းရေးအဖွဲ့အစည်းများမှ ကိုယ်စားလှယ်များနှင့် အခမ်းအနားသို့တက် ရောက်လာသော တိုင်းရင်းသားပြည်သူများက ဒေသဖွံ့ဖြိုးရေးဌာနဆိုင်ရာပြခန်းများ၊ တိုင်းရင်း သားရိုးရာယဉ်ကျေးမှုပြခန်းများ၊ ဒေသထွက်ကုန်အရောင်းပြခန်းများ၊ အသေးစား၊ အငယ်စား၊ အလတ်စား စက်မှုလက်မှုပြခန်းများကို လှည့်လည်ကြည့်ရှုအားပေးကြသည်။

အခွင့်အလမ်းတစ်ခုဖြစ်

ဆက်လက်၍ (၆၇)နှစ်မြောက် ကရင်ပြည်နယ်နေ့ကိုဂုဏ်ပြုသောအားဖြင့် ဟင်းသီး ဟင်းရွက်နှင့် သစ်သီးဝလံပန်းမန်ပြိုင်ပွဲ ဆုချီးမြှင့်ပွဲအခမ်းအနားကို စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ စိုက်ပျိုးရေးဦးစီးဌာနပြခန်း၌ကျင်းပရာ ကရင်ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦးက ယခုကဲ့သို့ ပြပွဲပြိုင်ပွဲများပြုလုပ်ပေးခြင်းသည် ပြည်နယ်အတွင်း စိုက်ပျိုး ထုတ်လုပ်မှုအခြေအနေ၏ ပြယုဂ်တစ်ခုဖြစ်သကဲ့သို့ ဒေသခံတောင်သူများအတွက် အခွင့် အလမ်းတစ်ခုဖြစ်ပါကြောင်း၊ သီးနှံအမျိုးအစားအလိုက် အုပ်စု(၄)စုခွဲခြားထားပြီး သီးနှံအမျိုး အစားပေါင်း ၄၀ ခန့် လာရောက်ယှဉ်ပြိုင်ကြကြောင်း၊ တန်ဖိုးမြှင့်သီးနှံများ ဈေးကွက်အလားအလာရှိသည့်သီးနှံများကိုထုတ်လုပ်နိုင်မှသာ ဒေသတွင်းဝမ်းစာဖူလုံ ပြီးပိုလျှံသည်များကိုရောင်းချခြင်းဖြင့် ဝင်ငွေတိုးတက်ရရှိလာမည်ဖြစ်ကြောင်း ပြောကြားသည်။

ဂုဏ်ပြုဆုများပေးအပ်

ထို့နောက် ဆုများကိုပေးအပ်ချီးမြှင့်ရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင် မန်းငြိမ်းမောင်၊ စောဒန်နီရယ်၊ ပြည်ထောင်စုဝန်ကြီးများဖြစ်ကြသည့် ဒုတိယဗိုလ်ချုပ်ကြီးထွန်းထွန်းနောင်၊ ဦးမြင့်ကြိုင်၊ ဒေါက်တာပွင့်ဆန်း၊ ဦးမင်းသိန်းဇံ၊ ဒေါက်တာသက်သက်ခိုင်၊ ဦးစောထွန်းအောင် မြင့်၊ ကရင်ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦး၊ အရှေ့တောင်တိုင်းစစ်ဌာနချုပ်တိုင်းမှူးဗိုလ်ချုပ် မြတ်သက်ဦးတို့က ငှက်ပျော၊ သင်္ဘော၊ ပိန္နဲ၊ ကျွဲကော၊ မာလကာ၊ ပီလောပီနံ၊ရွှေဖရုံ၊ နာနတ်၊ ပဲလင်းမြွေ၊အုန်း သီးနှံပထမဆုရရှိသူများကို ဂုဏ်ပြုဆုများပေးအပ်ချီးမြှင့်ခဲ့ကြကြောင်း သိရသည်။

သတင်းစဉ်

No comments:

Post a Comment