Tuesday, November 8, 2022

ပြည်ထောင်စုတရားသူကြီးချုပ် ဦးထွန်းထွန်းဦး ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့ မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့တွင်ကျင်းပခဲ့သည့် (၁၀)ကြိမ်မြောက် အာဆီယံတရားသူကြီးချုပ်များကောင်စီအစည်းအဝေးသို့တက်ရောက်

 

နေပြည်တော် နိုဝင်ဘာ ၇


မလေးရှားနိုင်ငံတရားရုံးချုပ်တရားသူကြီးချုပ် The Hon. Tun Tengku Maimun binti Tuan Mat ၏ ဖိတ်ကြားချက်အရ ပြည်ထောင်စုတရားသူကြီးချုပ် ဦးထွန်းထွန်းဦး ဦးဆောင်သည့် မြန်မာကိုယ်စားလှယ်အဖွဲ့သည် မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့တွင် မလေးရှားနိုင်ငံ တရားရုံးချုပ်ကကြီးမှူး၍ နိုဝင်ဘာ ၄ ရက် မှ ၅ ရက်အထိ ကျင်းပခဲ့သည့် “(၁၀) ကြိမ်မြောက် အာဆီယံတရားသူကြီးချုပ်များကောင်စီအစည်းအဝေး(10th Council of ASEAN Chief Justices’ Meeting - CACJ)” သို့ တက်ရောက်ခဲ့သည်။

အဆိုပါ (၁၀)ကြိမ်မြောက် အာဆီယံတရားသူကြီးချုပ်များကောင်စီအစည်းအဝေးသို့ ပြည်ထောင်စုတရားသူကြီးချုပ် ဦးထွန်းထွန်းဦးနှင့်အတူ အာဆီယံတရားသူကြီးချုပ်များကောင်စီ(CACJ) အဖွဲ့ဝင်များဖြစ်သည့် အာဆီယံနိုင်ငံများမှ တရားသူကြီးချုပ်များ တက်ရောက်ကြသည်။

အဖွင့်အမှာစကားပြောကြား

“(၁၀)ကြိမ်မြောက် အာဆီယံတရားသူကြီးချုပ်များကောင်စီအစည်းအဝေး” တွင် ပြည်ထောင်စု တရားသူကြီးချုပ် ဦးထွန်းထွန်းဦးသည် ကောင်စီအလှည့်ကျဥက္ကဋ္ဌ မလေးရှားနိုင်ငံတရားရုံးချုပ် တရားသူကြီးချုပ် The Hon. Tun Tengku Maimun binti Tuan Mat နှင့်တကွ ကျန်အာဆီယံနိုင်ငံများမှတရားသူကြီးချုပ်များနှင့်အတူ အဖွင့်အမှာစကားပြောကြားခဲ့သည်။

ပါဝင်ဆွေးနွေး

ယင်းနောက် ပြည်ထောင်စုတရားသူကြီးချုပ်သည် အစည်းအဝေးတွင် CACJ လုပ်ငန်းအဖွဲ့များဖြစ်သည့် အာဆီယံတရားရေးသတင်းအချက်အလက်ပေါ်တယ် (ASEAN Judiciaries Portal -AJP)၊ အာဆီယံဒေသတွင်း တရားမမှုခင်းဆင့်စာဆင့်ဆိုမှုလွယ်ကူစေရေး (Facilitating Service of Civil Processes within ASEAN)၊ မှုခင်းစီမံခန့်ခွဲမှုနည်းလမ်းများနှင့် တရားရုံးဆိုင်ရာနည်းပညာအသုံးပြုမှု (Case Management and Court Technology)၊ တရားစီရင်ရေးဆိုင်ရာလေ့ကျင့်ခြင်းနှင့် သင်ကြားပေးခြင်း (Judicial Education and Training)၊ နိုင်ငံဖြတ်ကျော်ဖြစ်ပွားသည့် မိသားစုမှုခင်းဆိုင်ရာ ကလေးသူငယ်အငြင်းပွားမှု များဖြေရှင်းရေး (Cross-Border Disputes Involving Children)၊ အာဆီယံနှင့်အခြားသော မိတ်ဖက်နိုင်ငံများ တွေ့ဆုံဆွေးနွေးမှုပြုခြင်း (ASEAN+Meetings) စသည့် လုပ်ငန်းအဖွဲ့ခေါင်းဆောင်များနှင့် ကိုယ်စားလှယ်များက တင်သွင်းလာသည့် အစီရင်ခံစာများနှင့် CACJ နှင့် ဆက်စပ်လျက်ရှိသည့် ကိစ္စရပ်များအပေါ် ပြည်ထောင်စုတရားလွှတ်တော်ချုပ်က ဆောင်ရွက်နေမှုများနှင့်ပတ်သက်၍ ပါဝင်ဆွေးနွေးခဲ့သည်။

လက်မှတ်ရေးထိုးအတည်ပြု

ယင်းနောက် အခြားသောအာဆီယံနိုင်ငံများမှ တရားသူကြီးချုပ်များနှင့်အတူ (၁၀) ကြိမ်မြောက် အာဆီယံတရားသူကြီးချုပ်များကောင်စီ အစည်းအဝေးကြေညာချက်ဖြစ်သည့် ကွာလာလမ်ပူကြေညာချက် (Kuala Lumpur Declaration) ကို လက်မှတ်ရေးထိုးအတည်ပြု ထုတ်ပြန်ခဲ့သည်။

၂၀၂၃ ခုနှစ်တွင် ကျင်းပရန်သဘောတူညီ

ထို့ပြင် အာဆီယံတရားသူကြီးချုပ်များကောင်စီ၏ ၁၀ နှစ်တာလုပ်ငန်းစဉ်များ ပြန်လည်သုံးသပ်ရန်နှင့် ရှေ့လုပ်ငန်းစဉ်များချမှတ်ရန်အတွက် ပြန်လည်သုံးသပ်သည့် အစည်းအဝေး (CACJ Retreat) ကို ၂၀၂၃ ခုနှစ်တွင်ကျင်းပရန် သဘောတူညီခဲ့ကြသည်။

အစည်းအဝေးဒုတိယနေ့တွင် အာဆီယံနှင့် အခြားသောမိတ်ဖက်နိုင်ငံများတွေ့ဆုံဆွေးနွေးမှု ပထမကြိမ်အစည်းအဝေး (Inaugural ASEAN + Meetings) ကျင်းပခဲ့ပြီး အာဆီယံနိုင်ငံများမှတရားသူကြီးချုပ်များ တက်ရောက်ကြကာ ကိုရီးယားသမ္မတနိုင်ငံ တရားရုံးချုပ်တရားသူကြီးချုပ်၊ ဂျပန်နိုင်ငံတရားရုံးချုပ် တရားသူကြီးချုပ်နှင့် တရုတ်ပြည်သူ့ သမ္မတနိုင်ငံတရားရုံးချုပ်တရားသူကြီးချုပ်တို့က အွန်လိုင်းဖြင့်တက်ရောက်ကြသည်။

မြန်မာတရားစီရင်ရေးအတွေ့အကြုံများကိုပါဝင်ဆွေးနွေး

ယင်းအစည်းအဝေးတွင် တရားရုံးနည်းပညာအသုံးပြုခြင်းနှင့် တရားမျှတမှုလက်လှမ်းမီရေး စိန်ခေါ်မှုများနှင့် အဓိကအောင်မြင်မှုအချက်များ( Court Technology and Access to Justice: Challenges and Key Success Factors) နှင့်စပ်လျဉ်း၍ ပြည်ထောင်စုတရားသူကြီးချုပ်က မြန်မာတရားစီရင်ရေးအတွေ့အကြုံများကို ပါဝင်ဆွေးနွေးခဲ့သည်။

အဆိုပါအစည်းအဝေးသို့ ပြည်ထောင်စုတရားသူကြီးချုပ်နှင့်အတူ ပြည်ထောင်စုတရားလွှတ်တော်ချုပ် တရားသူကြီးဦးသောင်းနိုင်နှင့် CACJ ၏ လုပ်ငန်းအဖွဲ့များအတွက် ပြည်ထောင်စုတရားလွှတ်တော်ချုပ်မှ ပါဝင်ဆောင်ရွက်လျက်ရှိသည့် လုပ်ငန်းအဖွဲ့ကိုယ်စားလှယ်များလည်း တက်ရောက်ခဲ့ကြသည်။

သတင်းစဉ်

No comments:

Post a Comment