ဘားအံ နိုဝင်ဘာ ၄
ကရင်ပြည်နယ်အတွင်း အခြေခံမဲဆန္ဒရှင်စာရင်းများ ပြည့်စုံမှန်ကန်ရေးလုပ်ငန်းဆိုင်ရာ ကိစ္စရပ်များနှင့်စပ်လျဉ်း၍ ရှင်းလင်းဆွေးနွေးသည့် အခမ်းအနားကို ယနေ့နံနက် ၁၀ နာရီခွဲက ပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ(၂)၌ကျင်းပရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် မန်းငြိမ်းမောင်၊ စောဒန်နီရယ်၊ ပြည်ထောင်စုဝန်ကြီးများ၊ ပြည်နယ်ဝန်ကြီးချုပ်နှင့် ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ သက်ဆိုင်ရာဌာနဆိုင်ရာတာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။
ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်
မန်းငြိမ်းမောင်က နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ရှေ့လုပ်ငန်းစဉ်(၅)ရပ်အနက်
နောက်ဆုံးလုပ်ငန်းစဉ်အရ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၏ မဲစာရင်းများမှန်ကန်စေရေးအတွက်
မြေပြင်စာရင်းများမှန်ကန်ရေး ဆောင်ရွက်လျက်ရှိကြောင်း၊ မဲစာရင်းဆောင်ရွက်နိုင်ရေးအတွက်
အိမ်ထောင်စုလူဦးရေစာရင်းနှင့် ကိုင်ဆောင်လက်မှတ်တစ်ခုခု ရှိရမည်ဖြစ်ကြောင်း၊ မကြာမီကျင်းပမည့်ရွေးကောက်ပွဲ၌
ဥပဒေနှင့်အညီ ဆန္ဒမဲပေးပိုင်ခွင့်ရှိသည့် နိုင်ငံသား၊ ဧည့်နိုင်ငံသား၊ နိုင်ငံသားပြုခွင့်ရသူများကို
မဲဆန္ဒရှင်စာရင်းပြည့်စုံမှန်ကန်စေရေးအတွက် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနအနေဖြင့်
နိုင်ငံသားကတ်တစ်မျိုးမျိုးအား အချိန်မီလက်ဝယ်ရရှိကိုင်ဆောင်နိုင်ရေးအတွက် ဆောင်ရွက်ပေးလျက်ရှိကြောင်း၊
မဲစာရင်းများ မှန်ကန်စေရေးအတွက် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၊ အထွေထွေအုပ်ချုပ်ရေး
ဦးစီးဌာန၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူအင်အားဝန်ကြီးဌာနတို့ပူးပေါင်း၍ မြေပြင်လူဦးရေတိုက်ဆိုင်စစ်ဆေးခြင်းလုပ်ငန်းကို
ဆောင်ရွက်လျက်ရှိကြောင်း၊ ပူးပေါင်းပါဝင်ဆောင်ရွက်လျက်ရှိသော ဝန်ကြီးဌာနများအနေဖြင့်
မိမိတို့ဆောင်ရွက်ရမည့် သက်ဆိုင်ရာလုပ်ငန်းများအလိုက် အထူးအလေးထား၍ ကြိုးပမ်းဆောင်ရွက်ကြရန်
လိုအပ်မည်ဖြစ်ကြောင်း ပြောကြားသည်။
ထို့နောက် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန
ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်က ယခုနိုင်ငံတော်အစိုးရ တာဝန်ယူစဉ်ကာလအတွင်း မဲပေးပိုင်ခွင့်ရှိသူ
နိုင်ငံသားတိုင်းကိုင်ဆောင်ကတ်ပြားတစ်မျိုးမျိုး ကိုင်ဆောင်မဲပေးနိုင်ရေးအတွက် နိုင်ငံတစ်ဝန်း
ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားကတ်ပြားထုတ်ပေးနေမှုနှင့် နိုင်ငံသားကတ်ပြား မပြုလုပ်ရသေးသူမရှိစေရေးအတွက်
ကောက်သင်းကောက်ဆောင်ရွက်ပေးနေမှု၊ မြေပြင် လူဦးရေစာရင်း တိုက်ဆိုင်စစ်ဆေးဆောင်ရွက်နေမှု၊
နိုင်ငံသားကတ်ထုတ်ပေးခြင်း မှတ်ပုံတင် စာအုပ်(နိုင်-၄)နှင့်အိမ်ထောင်စုလူဦးရေစာရင်းပါ
အချက်အလက်များအား နည်းပညာ အသုံးပြု၍ ရုံးသုံး Server တွင် တစ်နေရာတည်း၌ စုစည်းထားရှိမှုနှင့်
ပြင်ဆင်/ ပယ်ဖျက်/ အတည်ပြုနိုင်ရန် မိဘပြည်သူများသို့ အသိပေးထုတ်ပြန်ချက်အား နိုင်ငံပိုင်မီဒီယာများမှ ထုတ်လွှင့်ဖော်ပြနေမှု၊ လက်ရှိစာရင်းနှင့် မြေပြင်စာရင်းတိုက်ဆိုင်စစ်ဆေးကာ
မှန်ကန်သောမဲစာရင်းများ ပြုစုနိုင်ရေးအတွက် ဆက်လက်ဆောင်ရွက်သွားမည့်အစီအစဉ်၊ ယင်းလုပ်ငန်းစဉ်သည်
နိုင်ငံတော်အတွက် မဖြစ်မနေဆောင်ရွက်ရမည့် လုပ်ငန်းစဉ်ဖြစ်ပြီး သက်ဆိုင်ရာဌာနအသီးသီးမှ
ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်နိုင်ရေးအခြေအနေ အစရှိသည့် အခြေခံမဲဆန္ဒရှင်စာရင်း မှန်ကန်ရေးဆိုင်ရာ
ကိစ္စရပ်များနှင့်စပ်လျဉ်း၍ ရှင်းလင်းဆွေးနွေးခဲ့ပြီး ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦးက
ပြည်နယ်အတွင်း အခြေခံမဲဆန္ဒရှင်စာရင်းမှန်ကန်ရေး လုပ်ငန်းများ ဆောင်ရွက်ထားရှိမှုကို
ရှင်းလင်းဆွေးနွေးသည်။
ယင်းနောက် ကရင်ပြည်နယ်အစိုးရအဖွဲ့အတွင်းရေးမှူး
ဦးကျော်စိုး၊ ပြည်နယ် လူမှုရေးရာဝန်ကြီး ဦးစိုးလွင်တို့က မြေပြင်လူဦးရေစာရင်း တိုက်ဆိုင်စစ်ဆေးခြင်းလုပ်ငန်း
မြေပြင်ဆောင်ရွက်ပြီးစီးမှုကို ရှင်းလင်းဆွေးနွေးပြီး ကရင်ပြည်နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ရွေးကောက်ပွဲအရာရှိ ဦးမောင်မောင်နိုင်က မဲဆန္ဒရှင်စာရင်းများနှင့်စပ်လျဉ်း၍
ဆောင်ရွက်မှုကို ရှင်းလင်းတင်ပြသည်။
ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်များ၊
ပြည်ထောင်စုဝန်ကြီးများ၊ ပြည်နယ်ဝန်ကြီးချုပ်နှင့် အစိုးရအဖွဲ့ဝင်များက ရှင်းလင်းဆွေးနွေးချက်များအပေါ်
ဖြည့်စွက်အကြံပြုဆွေးနွေးခဲ့ကြပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် မန်းငြိမ်းမောင်က
နိဂုံးချုပ်အမှာစကားပြောကြားခဲ့ကြောင်း သိရသည်။
(သတင်းစဉ်)

No comments:
Post a Comment