Saturday, November 26, 2022

အမျိုးသမီးများအပေါ် အကြမ်းဖက်မှုအဆုံးသတ်ရေး

 


နှစ်စဉ်နိုဝင်ဘာလ ၂၅ ရက်နေ့ကို အမျိုးသမီးများအပေါ် အကြမ်းဖက်မှုပပျောက်ရေးနေ့အဖြစ် ၁၉၉၉ ခုနှစ်က ကျင်းပခဲ့သည့် (၅၄) ကြိမ်မြောက် ကုလသမဂ္ဂအထွေထွေညီလာခံက သတ်မှတ်ခဲ့ပြီး နိုဝင်ဘာလ ၂၅ ရက်မှ ဒီဇင်ဘာလ ၁၀ ရက်နေ့အထိကိုလည်း အမျိုးသမီးများအပေါ် အကြမ်းဖက်မှု ပပျောက်ရေး ၁၆ ရက်တာလှုပ်ရှားမှုများ ကမ္ဘာ့နိုင်ငံအသီးသီးတို့တွင် ကျင်းပလျက်ရှိကြသည်။ ယခုနှစ်အတွက် အမျိုးသမီးများအပေါ် အကြမ်းဖက်မှုပပျောက်ရေး ၁၆ ရက်တာ လှုပ်ရှားမှုအထိမ်းအမှတ်ဆောင်ပုဒ်မှာ “အမျိုးသမီးများအပေါ် အကြမ်းဖက်မှုအဆုံးသတ်ရေး အားလုံးပေါင်းစုလှုပ်ရှားပေး” ဟူ၍ ဖြစ်သည်။

အမျိုးသမီးများအပေါ် အကြမ်းဖက်မှုမှာ ပုံစံအမျိုးမျိုးဖြင့်ရှိနေပြီး နေအိမ်၌ မိသားစုနှင့်အတူရှိနေစဉ်၊ ပြင်ပ၌သွားလာနေစဉ်၊ လုပ်ငန်းခွင်၌ အလုပ်လုပ်နေစဉ် အကြမ်းဖက်ခံကြရခြင်းဖြစ်သည်။ အကြမ်းဖက်ခံကြရသည့် အမျိုးသမီးများနှင့် မိန်းကလေးငယ်တို့မှာ စိတ်ပိုင်းအရသော်လည်းကောင်း၊ ရုပ်ပိုင်းအရသော်လည်းကောင်း၊ လိင်ပိုင်းအရသော်လည်းကောင်း၊ ဂုဏ်သိက္ခာပိုင်းအရသော်လည်းကောင်း ထိခိုက်ခံစားကြရပြီး အသက်သေဆုံးသည့် ဖြစ်ရပ်များအထိလည်း ရှိနေသည်။ ကျား-မ ကွဲပြားမှုအပေါ်မူတည်၍ ခွဲခြားဖိနှိပ်အကြမ်းဖက်မှုများမှာ ကမ္ဘာ့ဒေသအသီးသီးရှိ လူ့အဖွဲ့အစည်းအားလုံးတို့တွင် ရှိနေဆဲဖြစ်ပြီး မိဘဆွေမျိုးမိသားစုအသိုင်းအဝိုင်းအတွင်းဖြစ်ပွားသည့် အမျိုးသမီးများအပေါ် အကြမ်းဖက်မှုများစွာတို့မှာ ဖြစ်ရိုးဖြစ်စဉ်ဟူသော သဘောထားဖြင့်သာ ပြီးဆုံးသွားကြသည်။

၂၀၁၉ ခုနှစ်ကုန်ပိုင်းတွင် စတင်ပေါ်ထွက်လာခဲ့သော ကိုဗစ်-၁၉ ကပ်ရောဂါ ကမ္ဘာအနှံ့ ကူးစက်ပြန့်ပွားစဉ် အသွားအလာကန့်သတ်ချက်များအရ မိသားစုဝင်များအားလုံးအိမ်ထဲတွင် နေ့စဉ်တွေ့ဆုံနေရခြင်း၊ လူမှုရေး၊ စီးပွားရေးအကျပ်အတည်းများ ဖြစ်ပေါ်ခြင်း၊ စိတ်ဖိစီးမှုများ ဖြစ်နေခြင်း စသည့်အကြောင်းအရာများကို အခြေခံ၍ အမျိုးသမီးများအပေါ် အကြမ်းဖက်မှုများ ပိုမိုများပြားလာခဲ့ရာ အမျိုးသမီးများနှင့် မိန်းကလေးငယ်များမှာ မိသားစုပဋိပက္ခအတွင်း လုံခြုံမှု ကင်းမဲ့သည့်အခြေအနေသို့ ရောက်ရှိခဲ့ရသည်။ ကုလသမဂ္ဂစစ်တမ်းတစ်ခုအရ အမျိုးသမီးလေးယောက်တွင် တစ်ယောက်နှုန်း အိမ်တွင်းအကြမ်းဖက်မှု၏ သားကောင်ဘဝ ကျရောက်ခဲ့ရသည်ဟုဆိုသည်။ အိမ်တွင်းအကြမ်းဖက်မှုတွင် ကျူးလွန်သူများမှာ အမျိုးသမီးများ၏ မိသားစုဝင်နှင့် လင်ယောက်ျားစသည့် အရင်းနှီးဆုံးသူများက အကြမ်းဖက်ခဲ့ကြခြင်းဖြစ်သည်။ မြန်မာနိုင်ငံနှင့်စပ်လျဉ်း၍ ကိုဗစ်-၁၉ ကပ်ရောဂါမတိုင်မီက ကောက်ယူခဲ့သည့်စစ်တမ်းအရ (အသက် ၁၅ နှစ်နှင့် ၄၉ နှစ်ကြား) အိမ်ထောင်ကျဖူးသူအမျိုးသမီးများ၏ ၂၁ ရာခိုင်နှုန်းသည် ဘဝတစ်သက်တာတွင် အရင်းနှီးဆုံးအဖော်ဖြစ်သူ၏ အကြမ်းဖက်မှုပုံစံတစ်မျိုးမျိုးကို တွေ့ကြုံခံစားခဲ့ဖူးကြသည်ကို ဖော်ပြထားရာ အိမ်ထောင်ရှင်မြန်မာအမျိုးသားတို့ ဆင်ခြင်ကြရမည့် အခြေအနေတစ်ရပ်ပင်ဖြစ်သည်။

ယခုအခါ မိမိတို့နိုင်ငံတွင် ကျား-မ အခြေပြု အကြမ်းဖက်မှုများကို ထိထိရောက်ရောက် တုံ့ပြန်နိုင်ရေးအတွက် ဝန်ဆောင်မှုများ ဆောင်ရွက်ပေးလျက်ရှိရာ အကြမ်းဖက်မှုသတင်းပို့ တိုင်ကြားနိုင်သည့် Helpline ဖုန်းနံပါတ် “၁၅၆၆” ဖြင့် ၂၄ နာရီဝန်ဆောင်မှု၊ Viber ၊ Facebook Page Messanger တို့တည်ထောင်ထားပြီး ရန်ကုန်၊ မန္တလေးအပါအဝင်မြို့ကြီး (၇)မြို့တွင် လုံခြုံရေးနားခိုရာများ ဖွင့်လှစ်ထားပြီးဖြစ်သည်။ နိဂုံးချုပ်အားဖြင့်ဆိုပါက အမျိုးသမီးများအပေါ် အကြမ်းဖက်မှုတွင် အဓိကတာဝန်ရှိသူသည် အမျိုးသားများဖြစ်သည့် အလျောက် ကျား - မ အခြေပြု အကြမ်းဖက်မှုပပျောက်ရေးဆောင်ရွက်ရာတွင် စိတ်ရောကိုယ်ပါ တက်ကြွစွာ ပူးပေါင်း ပါဝင်ကြရပါမည့်အကြောင်း။ ။

မြန်မာ့အလင်း,အယ်ဒီတာ့အာဘော်

No comments:

Post a Comment