Saturday, November 26, 2022

တိုင်းပြည်အကျိုး တက်ညီလက်ညီကြိုးပမ်း

 


“မိမိတို့အနေဖြင့် မည်သည့်စိန်ခေါ်မှုပင်ရှိပါစေ ပြည်တွင်းအားသည် ပြည်တွင်းမှာသာရှိသည် ဟူသည့်ခံယူချက်ဖြင့် မိမိတို့၏ အမျိုးသားရေးမူဝါဒနှစ်ရပ်ဖြစ်သည့် တိုင်းပြည်သာယာဝပြောရေးနှင့် စားရေရိက္ခာဖူလုံရေးတို့ကို ဦးတည်ကြိုးပမ်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ယခုဘဏ္ဍာရေးနှစ်ဖြစ်သည့် ၂၀၂၂-၂၀၂၃ ဘဏ္ဍာ နှစ်နှင့် လာမည့်ဘဏ္ဍာနှစ် ၂၀၂၃-၂၀၂၄ တို့အတွင်း ပြည်သူများ၏လူမှုစီးပွားဘဝများ အလျင်အမြန်ပြန်လည်တိုးတက်လာစေရေးအတွက် စိုက်ပျိုးမွေးမြူရေးနှင့် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများကို အားပေးမြှင့်တင်သွားရမည်ဖြစ်ပြီး အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရေး အားပေးသွားမည်ဖြစ်ကြောင်း” နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ဘဏ္ဍာ ရေးဆိုင်ရာကော်မရှင်အစည်းအဝေး အမှတ်စဉ်(၂/၂၀၂၂)တွင် ပြောကြားခဲ့သည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည် နိုင်ငံတော်ကိုတာဝန်ယူဆောင်ရွက်ခဲ့သည့် နှစ်နှစ်မပြည့်သေးသည့် ကာလတိုအတွင်း ချမှတ်ထားသည့် ရှေ့လုပ်ငန်းစဉ် (၅)ရပ်နှင့် ဦးတည်ချက်(၉)ရပ်တို့ကို အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိရာ အဆင့်ဆင့်တိုးတက်မှုများရရှိနေပြီး နိုင်ငံတော်ကို ငြိမ်းချမ်းသာယာဖွံ့ဖြိုးတိုးတက်ရေးနှင့် နိုင်ငံနှင့်ဆီလျော်ကိုက်ညီသည့် စည်းကမ်းပြည့်ဝသော ဒီမိုကရေစီနိုင်ငံတော်အဖြစ် အကောင်အထည်ဖော်လျက်ရှိရာ ပြည်တွင်း/ပြည်ပမှ မလိုလားမရှုဆိတ်သူ များက ဖိအားပေးစွက်ဖက် နှောင့်ယှက်ဖျက်ဆီးမှုများ ပြုလုပ်နေသည်ကို တွေ့ရမည်ဖြစ်သည်။ မည်သို့နှောင့်ယှက်ဖျက်ဆီး စိန်ခေါ်မှုအမျိုးမျိုးရှိသည်ဖြစ်စေ ပြည်တွင်းအားသည် ပြည်တွင်းမှာသာရှိသည်ဖြစ်၍ နိုင်ငံတော်ကို ကာကွယ်စောင့်ရှောက်ရန်နှင့် နိုင်ငံ‌တော်အကျိုးကို ဝိုင်းဝန်းသယ်ပိုးထမ်းရွက်ကြရမည်ဖြစ်သည်။

နိုင်ငံတော်အား ပျက်စီးရာပျက်စီးကြောင်း အဖျက်လုပ်ရပ်အမျိုးမျိုးတို့ကို ပြည်တွင်း/ပြည်ပမှ ကြံစည်လုပ်ကိုင်နေကြသည်ကိုတွေ့ရမည်ဖြစ်သည်။ မည်သို့ပင်လုပ်ဆောင်နေသော်လည်း ပြည်သူတို့၏အဓိကလိုအပ်ချက်ဖြစ်သည့် တိုင်းပြည်သာယာဝပြောရေးနှင့် စားရေရိက္ခာဖူလုံရေးဟူသည့် အမျိုးသားရေးမူဝါဒနှစ်ရပ်ကို ချမှတ်ဆောင်ရွက်ကာ ပြည်သူများ၏ လိုအပ်ချက်ကို ဖြည့်ဆည်းဆောင်ရွက်ပေးနေသည်။ လာမည့်ကာလများတွင် ပြည်သူများ၏ လူမှုစီးပွားဘဝများ အလျင်အမြန် တိုးတက်လာရေးအတွက် အခြေခံကျသည့်လုပ်ငန်းများဖြစ်သော စိုက်ပျိုးမွေးမြူရေးနှင့် ကျေးလက်ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများကို ဦးစားပေးဆောင်ရွက်ပြီး တိုင်းပြည်၏ အခြေခံစီးပွားရေးဖြစ်သည့် အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများ အောင်မြင်ဖြစ်ထွန်းလာအောင် အားပေးမြှင့်တင်ဆောင်ရွက်နေသည်။

အဓိကမှာ နိုင်ငံ၏စီးပွားရေး တိုးတက်မြင့်မားလာရန်ဖြစ်ပြီး စီးပွားရေးကောင်းမွန်ပါက အရာရာကို ကျော်လွှားဖြတ်ကျော်နိုင်မည်ဖြစ်သည်။ နိုင်ငံ့စီးပွားရေးမြင့်မားတိုးတက်လာရန်အတွက် ပြည်တွင်းစီးပွားရေးလုပ်ငန်းအားလုံးကို နိုင်ငံတော်အစိုးရက အားပေးကူညီမြှင့်တင်ပေးနေပြီး ပြည်ပသွင်းကုန်များကို လျှော့ချနိုင်အောင်ဆောင်ရွက်ခြင်းဖြင့် စီးပွားရေးမြင့်မားတိုးတက်လာမည်။ ပြည်ပ မှ မှာယူတင်သွင်းနေရသည့် ကုန်ပစ္စည်းများကို အတတ်နိုင်ဆုံးလျှော့ချပြီး ပြည်တွင်းထုတ်ကုန်များကို အစားထိုးသုံးစွဲနိုင်ရေးအတွက် အသေးစား၊ အငယ်စားနှင့် အလတ်စား ပြည်တွင်းစီးပွားရေးလုပ်ငန်းများ အဆင့်မြင့်မားတိုးတက်လာစေရန် ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ကြရမည်ဖြစ်သည်။ တိုင်းပြည်ဝင်ငွေ တိုးတက်ရရှိရေးအတွက် ကုန်ထုတ်လုပ်မှုလုပ်ငန်းများကို အားပေးဆောင်ရွက်နေပြီး ရှိရင်းစွဲမြေပေါ် မြေအောက်သယံဇာတပစ္စည်းများကိုလည်း ဥပဒေနှင့်အညီ စနစ်တကျ ထိရောက်စွာ အသုံးချဖို့လိုအပ်ပေသည်။

ပြည်တွင်းထုတ်ကုန်ပစ္စည်းများကို နိုင်ငံတော်ကအားပေးမြှင့်တင်ပေးနေချိန်တွင် ထုတ်ကုန်ပစ္စည်းများ နိုင်ငံတကာအရည်အသွေးပြည့်မီအောင် ကြိုးပမ်းထုတ်လုပ်ပြီး ပြည်ပမှသွင်းကုန်ပစ္စည်းများ တင်သွင်းသူများဘဝမှ ပြည်ပပို့ကုန်များ ပို့ဆောင်သူများအဖြစ်သို့ အလျင်အမြန်ရောက်ရှိအောင် ကြိုးပမ်းအားထုတ်ရမည်ဖြစ်သည်။ တစ်ဖက်တွင်ချွေတာရေးကိုလည်း သတိမူရမည်ဖြစ်ပြီး အထူးသဖြင့် အများပြည်သူနှင့်သက်ဆိုင်ပြီး နိုင်ငံတော်ကကျခံသုံးစွဲပေးလျက်ရှိသည့် ရေနှင့် လျှပ်စစ်ဓာတ်အားများကို လိုအပ်သလောက် ထိရောက်စွာသုံးစွဲပြီး အတတ်နိုင်ဆုံး ချွေတာသုံးစွဲကြရန်လိုအပ်ပေသည်။ လျှပ်စစ်ဓာတ်အားသည် လူမှုစီးပွားဖွံ့ဖြိုးရေးတွင် အဓိကကျသောကိစ္စဖြစ်ပြီး တစ်နေ့တခြား စွမ်းအင်လိုအပ်ချက်များ မြင့်မားလာမည်ဖြစ်သောကြောင့် လိုအပ်ချက်များပြည့်မီရေးအတွက် နိုင်ငံတော်ကကြိုးပမ်းဆောင်ရွက်ပေးနေသည်။

မျက်မှောက်ကာလတွင် တစ်ကမ္ဘာလုံး စက်သုံးဆီဈေးနှုန်းမြင့်မားနေသော အချိန်ကာလတွင် စက်သုံးဆီသုံးစွဲမှုကိုလည်းချွေတာပြီး အများပြည်သူသွားလာပို့ဆောင်မှုတွင် အကျိုးရှိအောင် ဆောင်ရွက်ရမည်ဖြစ်သည်။ အခွန်ဘဏ္ဍာငွေများသည် နိုင်ငံတော်အတွက်အရေးကြီးသည့် ဘဏ္ဍာရေးဖြစ်သဖြင့် အခွန်ငွေများကို ပြည့်မီအောင်ရရှိရေး ဆောင်ရွက်ရမည်ဖြစ်သည်။ သို့ဖြစ်ရာ နိုင်ငံတော်အကြီးအကဲက တိုင်းပြည်ကောင်းကျိုး၊ တိုင်းပြည်စီးပွားတိုးတက်လာရေးအတွက် အစဉ်မပြတ် လမ်းညွှန်မှာကြားချက်များကို အလေးအနက်ခံယူပြီး တက်ညီလက်ညီ ကြိုးပမ်း ဆောင်ရွက်ကြရမည်ဖြစ်ပါကြောင်း။ ။

ကြေးမုံ,အယ်ဒီတာ့အာဘော်

No comments:

Post a Comment