Sunday, November 6, 2022

နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီအဖွဲ့ဝင်များနှင့် ပြည်ထောင်စုဝန်ကြီးများ သံလွင်မြစ် အတွင်း ငါးမျိုးစိုက်ထည့်၊ တန်ဆောင်တိုင် မီးပုံးပျံလွှတ်တင်ပွဲ အခမ်းအနား တက်ရောက်အားပေး

ဘားအံ နိုဝင်ဘာ ၆

နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဝင်များဖြစ်ကြသည့် မန်းငြိမ်းမောင်နှင့် စောဒန်နီရယ်၊ ပြည်ထောင်စု ဝန်ကြီးများဖြစ်ကြသော ဒုတိယဗိုလ်ချုပ်ကြီးထွန်းထွန်းနောင်၊ ဦးမြင့်ကြိုင်၊ ဒေါက်တာပွင့်ဆန်း၊ ဦးမင်းသိန်းဇံ၊ ဒေါက်တာသက်သက်ခိုင်၊ ဦးစောထွန်းအောင်မြင့်နှင့် ကရင်ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦးတို့သည် ယနေ့နံနက် ၇ နာရီခွဲတွင် ဘားအံမြို့နယ်၊ တရုတ်လှကျေးရွာ၊ လျှပ်စစ်မြစ်ရေတင် လုပ်ငန်း၌ ကျင်းပသည့် သံလွင်မြစ်အတွင်း ငါးမျိုးများစိုက်ထည့်ခြင်း အခမ်းအနားသို့တက်ရောက်၍ ငါးမျိုးများစိုက်ထည့်ပေးကြသည်။

 

 


အခမ်းအနားတွင် ကရင်ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦးက ပြည်နယ်အတွင်းရှိ ဘားအံငါးလုပ်ငန်းစခန်းနှင့် ကျုံဒိုးငါးလုပ်ငန်းစခန်းများမှ (၂) လက်မ အရွယ်ငါးသားပေါက်ကောင်ရေ ၁၂ သိန်းကိုထုတ်လုပ်ပြီး သဘာဝ မြစ်ချောင်းများနှင့် ဆည်/ရေလှောင်တမံများ အတွင်းသို့ ငါးမျိုးစိုက်ထည့်သွားရန် လျာထားဆောင်ရွက်ခဲ့ရာ ငါးလွှတ်ပွဲ(၇)ကြိမ် ဆောင်ရွက် ခဲ့ပြီး (၂) လက်မအရွယ် ငါးသားပေါက်ကောင်ရေ တစ်ဆယ်သိန်းငါးသောင်း ကောင်ကို ငါးမျိုးစိုက်ထည့်ပေးခဲ့ပြီးဖြစ်ကြောင်း၊ ယနေ့ကျင်းပသည့်ငါးလွှတ်ပွဲတွင် ငါးသားပေါက် ကောင်ရေ တစ်သိန်းငါးသောင်းကျော်ကို ငါးမျိုးစိုက်ထည့်ပေးသွားမည်ဖြစ်သည့်အတွက် ယခုနှစ်လုပ်ငန်းရာသီနှစ်အတွက် စီမံကိန်းလျာထားချက်အပေါ် ရာနှုန်းပြည့်အကောင်အထည်ဖော် ဆောင်ရွက်နိုင်ခဲ့ပြီဖြစ်ကြောင်း ပြောကြား သည်။

ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်များ၊ ပြည်ထောင်စုဝန်ကြီးများ၊ ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်နှင့် အစိုးရအဖွဲ့ဝင်များ၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာများ၊ တရုတ်လှကျေးရွာနှင့် ပတ်ဝန်းကျင်ကျေးရွာများမှ ဒေသခံပြည်သူများက ဘားအံငါးလုပ်ငန်းစခန်းမှ (၂) လက်မအရွယ် ငါးမြစ်ချင်းကောင်ရေ တစ်သိန်းနှင့် ကျုံဒိုးငါးလုပ်ငန်းစခန်းမှ ငါးခုံးမကြီးကောင်ရေ ငါးသောင်းကို သံလွင်မြစ် အတွင်းသို့ ငါးမျိုးစိုက်ထည့်ပေးကြသည်။

ဆက်လက်၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင်များနှင့် ပြည်ထောင်စုဝန်ကြီးများသည် ဘားအံမြို့၊ အမှတ်(၃)ရပ်ကွက်၊ မြို့မဘောလုံးကွင်း၌ ကရင်ပြည်နယ်အစိုးရအဖွဲ့မှ ကြီးမှူးကျင်းပသည့် တန်ဆောင်တိုင် ပွဲတော်မီးပုံပျံလွှတ်တင်ပွဲအခမ်းအနားသို့ တက်ရောက်၍ မီးပုံးပျံလွှတ်တင်မှုများကို ကြည့်ရှုအားပေးကြသည်။

မီးပုံးပျံလွှတ်တင်ပွဲတွင် ကရင်ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦးက တန်ဆောင်မုန်း လပြည့်နေ့နှင့် (၆၇) နှစ်မြောက် ကရင်ပြည်နယ်နေ့သည် ထူးခြားစွာတိုက်ဆိုင်နေပြီး တန်ဆောင်တိုင်ပွဲတော်ကာလတွင် ကရင် တိုင်းရင်းသား၊ တိုင်းရင်းသူတို့၏ ရိုးရာယဉ်ကျေးမှု ဒုံးအကများနှင့် ဖားစည်သံများပျံ့လွင့်နေမည်ဖြစ်ကြောင်း၊ မီးပုံးပျံလွှတ်တင် ပွဲတော်သည် မြတ်စွာဘုရားအား သဒ္ဒါထက်သန်စွာဖြင့် ကြည်ညိုပူဇော်ခြင်းနှင့် ကရင်တိုင်းရင်းသားတို့၏ ချစ်စရာရိုးရာ ယဉ်ကျေးမှုအစဉ်အလာများပေါင်းယှက်ပြီး တိုင်းရင်းသားအားလုံး၏ ရိုးသား ဖြူစင်ပွင့်လင်းသည့် စိတ်နေသဘောထားများကိုဖော်ပြ၍ ပေါင်းစည်းညီညွှတ်မှုနှင့်တကွ ငြိမ်းချမ်းရေး၊ ဖွံ့ဖြိုးတိုးတက်ရေး အနှစ်သာရကို ဖော်ဆောင်နိုင်ရေး ရည်ရွယ်ချက်များဖြင့် ကျင်းပခြင်းဖြစ်ကြောင်း ပြောကြားသည်။

ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် မန်းငြိမ်းမောင်က တန်ဆောင်တိုင် မီးပုံးပျံလွှတ်တင်ပွဲ မီးပုံးပျံများ စတင်လွှတ်တင်နိုင်ပြီဖြစ်ကြောင်း မင်္ဂလာရွှေမောင်းသုံးကြိမ်တီး၍ အသိပေးကြေညာပြီး နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီဝင်များ၊ ပြည်ထောင်စုဝန်ကြီးများ၊ ပြည်နယ်ဝန်ကြီးချုပ်နှင့်ဇနီး၊ ပြည်နယ် တရားလွှတ်တော် တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များနှင့် ၎င်းတို့၏ဇနီးများက မီးပုံးပျံလွှတ်တင် နေမှုကို ကြည့်ရှုအားပေးကြသည်။

ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင်များဖြစ်ကြသည့် မန်းငြိမ်းမောင်နှင့် စောဒန်နီရယ်၊ ပြည်ထောင်စုဝန်ကြီးများ၊ ပြည်နယ်ဝန်ကြီးချုပ်နှင့်ဇနီးတို့က မီးပုံပျံများလွှတ် တင်ခဲ့ကြသောဌာနဆိုင်ရာ ၁၁ ဌာနကိုဂုဏ်ပြုဆုများပေးအပ်ချီးမြှင့်ကာ ကရင်ရိုးရာယဉ်ကျေးမှု ဒုံးအဖွဲ့များကို ဂုဏ်ပြုဆုငွေများ ပေးအပ်ချီးမြှင့်ကြသည်။

ဆက်လက်၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင်များ၊ ပြည်ထောင်စုဝန်ကြီးများ၊ ပြည်နယ်ဝန်ကြီးချုပ် နှင့်အစိုးရအဖွဲ့ဝင်များသည် ဘားအံမြို့ကျက်သရေဆောင် ရွှေယဉ်မျှော် ပြည်တော်ဧစေတီတော်သို့ သွားရောက်ဖူးမြော်ကြည်ညိုကြပြီး အောင်ချမ်းသာ မဟာမြတ်မုနိ ရုပ်ပွားတော်၌ ပန်း၊ ရေချမ်း၊ ဆီးမီးများ ကပ်လှူပူဇော်ကြကာ ရွှေယဉ်မျှော်ပြည်တော်ဧစေတီ တော်ဂေါပကအဖွဲ့နာယကထံ အလှူငွေများ ပေးအပ်လှူဒါန်းကြသည်။

ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင်များ၊ ပြည်ထောင်စုဝန်ကြီးများသည် ရွှေယဉ်မျှော်ပြည်တော် ဧစေတီတော်ပရဝုဏ်အတွင်းရှိ မဟာဗောဓိညောင်ပင်၊ ဖားနဂါးရုပ်တုနှင့် နောင်တော်ကြီးစေတီတော်တို့အား ကြည့်ရှုလေ့လာဖူးမြော်ခဲ့ကြသည်။

ဆက်လက်၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဝင်မန်းငြိမ်းမောင်နှင့် ပြည်ထောင်စုဝန်ကြီးများသည် ချမ်းသာကြီးမြတ်စွာဘုရားရင်ပြင်၌ ကျောက်ကလပ်ကျောင်းဆရာတော် ဘဒ္ဒန္တဝိမလအားသွားရောက် ဖူးမြော် ကြည်ညိုကြပြီး လှူဖွယ်ဝတ္ထုပစ္စည်းများနှင့်နဝကမ္မ အလှူတော်ငွေများ ဆက်ကပ်လှူဒါန်းကြသည်။

ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင်နှင့် ပြည်ထောင်စုဝန်ကြီးများသည် ကျောက်ကလပ်ဘေးမဲ့ ကန်တော်မင်္ဂလာအတွင်း ငါးစာများကျွေး၍ ကျောက်ကလပ်စေတီတော်အား ဖူးမြော်ကြည်ညိုခဲ့ကြကြောင်း သိရသည်။

သတင်းစဉ်

No comments:

Post a Comment