ဘားအံ နိုဝင်ဘာ ၁၁
(၆၇)နှစ်မြောက် ကရင်ပြည်နယ်နေ့အထိမ်းအမှတ် ကရင်ရိုးရာဒုံးအကပြိုင်ပွဲကို ဘားအံမြို့၊ သီရိကွင်း၌ ခမ်းနားထည်ဝါစွာကျင်းပလျက်ရှိရာ ယခင်နှစ်များထက် ပြိုင်ပွဲဝင်ဒုံးအဖွဲ့ပိုများပြီး ပြိုင်ဆိုင်မှုကောင်းမွန်ကာ ယမန်နေ့ညပိုင်းက သီရိကွင်းဒုံးစင်မြင့်ထက်၌ ဆုချီးမြှင့်ပွဲအခမ်းအနားကို ကျင်းပသည်။
ရှေးဦးစွာ ကြောင်ကဒယ်ဒုံးအဖွဲ့နှင့် ပညာရေးစုပေါင်းဒုံးအဖွဲ့တို့မှ
သီဆိုကပြဖျော်ဖြေခဲ့ကြပြီး ကရင်လူမျိုးများ မြတ်နိုးတန်ဖိုးထားသော ရိုးရာယဉ်ကျေးမှုအမွေအနှစ်တစ်ခုဖြစ်သည့်
ကရင်ရိုးရာဒုံးအကသည် ရှေးခေတ်ဘိုးဘွားများလက်ထက်မှစပြီး ယနေ့ခေတ်အထိ လက်ဆင့်ကမ်းသယ်ဆောင်လာရင်း
ကရင်လူမျိုးတို့အတွက် ထင်ရှားသည့်ရိုးရာအကအဖြစ် တည်ရှိနေခြင်းဖြစ်ကြောင်း၊ ဒုံးအကသည်
ကရင်တိုင်းရင်းသားလူမျိုးတို့အတွက် စုပေါင်းညီညာမှုနှင့် ရိုးရာဓလေ့ယဉ်ကျေးမှုများကို
ပေါင်းစပ်ထားသည့်အကလည်းဖြစ်ကြောင်း၊ နောင်လာမည့်နှစ်များတွင်လည်း မိမိတို့ရဲ့ရိုးရာယဉ်ကျေးမှုအမွေအနှစ်ဖြစ်သည့်
ကရင်ရိုးရာဒုံးပြိုင်ပွဲများကို ပါဝင်ယှဉ်ပြိုင်ကြခြင်းဖြင့် ရိုးရာမပျောက်ပျက်အောင်
ထိန်းသိမ်းဆောင်ရွက်သွားကြရန် တိုက်တွန်းလိုကြောင်း ကရင်ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦးက
နှုတ်ခွန်းဆက်အမှာစကားပြောကြားရာတွင် ထည့်သွင်းပြောကြားသည်။
ထို့နောက် ဆုချီးမြှင့်ပွဲအခမ်းအနားကိုစတင်ကျင်းပရာ
ပြည်နယ်တရားလွှတ်တော်တရားသူကြီး ဦးညွန့်လင်း၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီး ဒေါ်ခင်စိမ်းဝင်း၊
ပြည်နယ်အစိုးရအဖွဲ့ဝင် များ၏ ဇနီးများက ဒုံးအကပြိုင်ပွဲ ဗိုလ်လုပွဲ(ဆန်ကာတင်စာရင်း)သို့
မတက်ရောက်နိုင်သော ဒုံးအဖွဲ့(၁၀)ဖွဲ့အား နှစ်သိမ့်ဆုများ ပေးအပ်ချီးမြှင့်ခဲ့ကြပြီး
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးသန်းအောင်ကျော်၊ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင်
ဦးစောဘလှိုင်၊ အမှတ်(၂၂)ခြေလျင်တပ်မဌာနချုပ် ဒုတပ်မမှူးဗိုလ်မှူးကြီး ကျော်စိုးလင်းတို့က
ဗိုလ်လုပွဲ(ဆန်ကာတင်အဆင့်)သို့ တက်ရောက်နိုင်ခဲ့သော ဒုံအဖွဲ့(၅)ဖွဲ့အားအထူးဆုများကို
လည်းကောင်း၊ ပြည်နယ်အစိုးရအဖွဲ့အတွင်းရေးမှူး ဦးကျော်စိုး၊ ပြည်နယ်ဥပဒေချုပ် ဦးရဲလွင်၊
ပြည်နယ်တိုင်းရင်းသားရေးရာဝန်ကြီး ဦးစန်းကိုတို့က ရာဓညာဆုတောင်းတေးသီးချင်း တတိယဆုရ
မြဝတီခရိုင်ကိုယ်စားပြုဒုံးအဖွဲ့၊ ဒုတိယဆုရ မိဇံတိုက်နယ်စုပေါင်းဒုံးအဖွဲ့၊ ပထမဆုရ
ဖာပွန်ခရိုင်ကိုယ်စားပြု ကိုးနဝင်းယဉ်ကျေးမှုဒုံးအဖွဲ့တို့အား စာအိတ်ဖွင့်ဖောက်ကြေညာပေးပြီး
ဆုများပေးအပ်ချီးမြှင့်ခဲ့ကြသည်။
ယင်းနောက် ပြည်နယ်လမ်းပန်းဆက်သွယ်ရေးဝန်ကြီး
ရဲမှူးကြီးခင်ဇော်၊ ပြည်နယ်လူမှုရေးရာဝန်ကြီး ဦးစိုးလွင်၊ ပြည်နယ်သံယံဇာတရေးရာဝန်ကြီး
ဦးဇော်ဝင်းတို့က တေးသီချင်းတတိယဆုရရှိသော လှိုင်းဘွဲမြို့နယ် ကြာအင်းကျေးရွာယဉ်ကျေးမှုဒုံးအဖွဲ့၊
တေးသီချင်းဒုတိယဆုရရှိသော အိန္ဒုတိုက်နယ်ကိုယ်စားပြုဒုံးအဖွဲ့၊ တေးသီချင်းပထမဆု ရရှိသော
ရသေ့ပျံကျေးရွာဒုံးအဖွဲ့တို့အား စာအိတ်ဖွင့်ဖောက်ကြေညာပေးပြီး ဆုများကိုပေးအပ်ချီးမြှင့်သည်။
ဆက်လက်၍ ပြည်နယ်စီးပွားရေးရာဝန်ကြီး ဦးစောခင်မောင်မြင့်က
ဒုံးအကပြိုင်ပွဲပဥ္စမဆုရ မိဇံတိုက်နယ် စုပေါင်းဒုံးအဖွဲ့အား ငွေသားဆုကျပ် သိန်း(၃၀)နှင့်
ဆုဖလားတို့ကိုလည်းကောင်း၊ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးမျိုးမင်းနောင်က
ဒုံးအကပြိုင်ပွဲစတုတ္ထဆုရ လှိုင်းဘွဲမြို့နယ် ကြာအင်းကျေးရွာယဉ်ကျေးမှုဒုံးအဖွဲ့အား
ငွေသားဆု(၃၅)သိန်းနှင့် ဆုဖလားတို့ကိုလည်းကောင်း၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်
ဒေါ်ခင်ဆွေထွန်း က ဒုံးအကပြိုင်ပွဲတတိယဆုရ ဘားအံရွှေမြို့တော်ဒုံးအဖွဲ့အား ငွေသားဆု(၄၀)သိန်းနှင့်
ဆုဖလားတို့ကိုလည်းကောင်း အသီးသီးပေးအပ်ချီးမြှင့်ခဲ့ကြပြီး ကရင်ပြည်နယ်ဝန်ကြီးချုပ်
ဦးစောမြင့်ဦးနှင့် ဇနီးဒေါ်နန်းဘေဘီမြင့်တို့က ဒုံးအကပြိုင်ပွဲပထမဆုရရှိသော ဝတ်ကြီးတိုက်နယ်
မုက္ကဒိကျေးရွာဒုံးအဖွဲ့နှင့် ဒုတိယဆုရရှိသော ကော့ကရိတ်မြို့နယ်စုပေါင်း ဒုံးအဖွဲ့တို့အား
စာအိတ်ဖွင့်ဖောက်ကြေညာပေးပြီး ပထမဆု သိန်း(၅၀)၊ ဒုတိယဆု (၄၅)သိန်းနှင့် ဆုဖလားတို့ကို
ပေးအပ်ချီးမြှင့်ခဲ့ကြသည်။
ထို့နောက် ပြည်နယ်တိုင်းရင်းသားရေးရာဝန်ကြီး
ဦးစန်းကိုက ဒိုင်အဖွဲ့များအား ဂုဏ်ပြုငွေများပေးအပ်ချီးမြှင့်ခဲ့ပြီး ဆုရရှိသော ဒုံးအဖွဲ့များမှ
ပြန်လည်ကပြဖျော်ဖြေခဲ့ကြကြောင်း သတင်းရရှိသည်။
စောမျိုးမင်းသိန်း


No comments:
Post a Comment