မောင်စားသုံး
“ဆီကိုရေချိုး၊ ဆေးရိုးမီးလှုံ၊ စပါးတောင်လိုပုံ” ဆိုသည့် ယခင်က ကျွန်တော်တို့၏ ဘိုးဘွားများ ပြောကြားခဲ့ဖူးသည့် ဆိုရိုးစကားလေးကို သတိတရဖြစ်မိသည်။ မြန်မာပြည်တွင် ဤမျှအထိ စပါးများပေါများစွာ ထုတ်လုပ်ထွက်ရှိခဲ့သည့်သဘော ဖြစ်သည်။ ထို့ကြောင့်ပင် ကမ္ဘာ့စားနပ်ရိက္ခာအဖွဲ့ချုပ်၏ တာဝန်ရှိသူတစ်ဦးက “အရှေ့တောင်အာရှ၏ စပါးကျီ ဗမာပြည်”ဟု ဂုဏ်ပြုမှတ်ချက် စကားပြောကြားခဲ့ခြင်း ဖြစ်ပေမည်။ ကမ္ဘာတွင် ဒုတိယကမ္ဘာစစ်ကာလက တစ်ကမ္ဘာလုံးနီးပါး စားနပ်ရိက္ခာအခက်အခဲဖြစ်ချိန်တွင် မြန်မာနိုင်ငံမှဆန်များကို ဈေးနှုန်းချိုသာစွာ အကြွေးစနစ်ဖြင့် ရောင်းချဖြည့်စွမ်းပေးနိုင်ခဲ့သည်သာမက ငွေကြေးအခက်အခဲကြုံတွေ့ ရလျက်ရှိသော ကိုရီးယားနိုင်ငံနှင့် ဂျပန်နိုင်ငံတို့ကို လှူဒါန်းပေးနိုင်ခဲ့သဖြင့် ထိုနိုင်ငံများသည် ယနေ့အထိပင် မြန်မာနိုင်ငံအား ကျေးဇူးတင်မဆုံးဖြစ်နေသည်က သက်သေပင်ဖြစ်သည်။
မြန်မာနိုင်ငံ၏ အဓိကထုတ်ကုန်သည် ဆန်စပါးဖြစ်သည်။
ဆန်စပါးသည် မြန်မာနိုင်ငံ ဖွံ့ဖြိုးတိုးတက်ရေး၏ အသက်သွေးကြောဖြစ်သည်။
ထို့ကြောင့်ပင် အစိုးရအဆက်ဆက်၏ ဦးတည်ချက်များတွင် စိုက်ပျိုးရေးကိုအခြေခံ၍ဟူသည့် ဦးတည်ချက်အမြဲပါဝင်သည်ကို
သတိထားမိသည်။ မြေသည် တိုးပွားလာသည်မဟုတ်ပေ။ နေထိုင်သည့်ဦးရေသာ တိုးပွားလာနေသည်။ တိုးပွားလာသည့်
လူဦးရေအတွက် ရိက္ခာလုံလောက်မှုရှိစေရန် ဆန်စပါးကဏ္ဍကို သမားရိုးကျပုံစံများအတိုင်း
ဆောင်ရွက်နေ၍မဖြစ်ပေ။ စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် အစိုးရ၊ ပုဂ္ဂလိက၊
တောင်သူများ ပူးပေါင်း၍ ကြံဆဆောင်ရွက်သွားရမည် ဖြစ်ပါသည်။ စက်မှုလယ်ယာစနစ်
ကူးပြောင်းရမည်၊ တစ်သီးစားမှ နှစ်သီးစား၊ သုံးသီးစားဖြစ်အောင် လုပ်ရမည်၊ အထွက်တိုးအောင်လုပ်ရမည်၊
ခေတ်မီနည်းပညာများ သုံးစွဲရမည်။ သို့မှသာ ပြည်တွင်းရိက္ခာဖူလုံသည့်အပြင်
ပိုလျှံသည့် ဆန်နှင့် ဆန်ထွက်ပစ္စည်းများကို ပြည်ပသို့ အရည်အသွေးပြည့်မီစွာ
တင်ပို့ရောင်းချခြင်းဖြင့် နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးအတွက် အထောက်အကူ ပြုနိုင်မည်ဖြစ်ပါသည်။
ဆန်စပါးကဏ္ဍဆိုင်ရာ သမိုင်းကြောင်း တိုးတက်ပြောင်းလဲလာမှု
မြန်မာနိုင်ငံ၏ ဆန်စပါးကဏ္ဍဆိုင်ရာ သမိုင်းကြောင်းသည်
ရှည်လျားလှပါသည်။ ရှေးမြန်မာမင်းများ လက်ထက်တွင် ဆန်စပါးကို
မိမိအိမ်ထောင်စုဝမ်းစာဖူလုံရေး၊ ဘုရင်နှင့်ဆွေတော်မျိုးတော်များ အတွက် လယ်ခွန်များပေးရန်နှင့်
ပိုလျှံသည်များကို အခြားမိမိလိုအပ်သည့် ပစ္စည်းများနှင့် ဖလှယ်သည့် အဆင့်သာရှိခဲ့သည်။
ကိုလိုနီခေတ်ရောက်သောအခါ လယ်မြေများတိုးချဲ့စိုက်ပျိုးသည့်
အခြေခံအဆောက်အအုံများဖြစ်သည့် ဥပဒေများပြဋ္ဌာန်းခြင်း၊ ရေကာတာ၊ ဆည်၊ လမ်း၊
တံတားများ၊ သိုလှောင်ရုံ၊ စပါးကြိတ်ခွဲစက်များ တည်ဆောက်ပေးခဲ့သဖြင့် စပါးစိုက်ဧက
၁၂ သန်းကျော် စိုက်ပျိုးလာနိုင်သည်။ ထိုအခါ ဆန်စပါးဆိုင်ရာကဏ္ဍများတွင် နိုင်ငံတော်အဆင့်အဖွဲ့အစည်းများ
စနစ်တကျဖွဲ့စည်းလာရသည်။ အနောက်နိုင်ငံများ၊ ဥရောပနိုင်ငံများသို့လည်း ဆန်စပါးများ
အမြောက်အမြားတင်ပို့နိုင်ခဲ့သည်။ လက်ရှိတွင် မြန်မာ့ဆန်စပါးကဏ္ဍ
ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပြည်တွင်းကုန်သွယ်မှု ဖွံ့ဖြိုးတိုးတက်ရေးကိစ္စများ
ပြည်ပကုန်သွယ်မှုဖွံ့ဖြိုးတိုးတက်ရေးနှင့် ပြည်ပဈေးကွက် ရှာဖွေရေးကိစ္စများ ဆောင်ရွက်ရန်အဖွဲ့အစည်းများကို
လိုအပ်ချက် များနှင့်အညီ ဖွဲ့စည်းဆောင်ရွက်လျက်ရှိပါသည်။
ဒေသတွင်းနိုင်ငံများ၏
ဆန်စပါးကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်နေမှုများ
ဒေသတွင်းနိုင်ငံများတွင် ဆန်စပါးကဏ္ဍ
ရေရှည်တည်တံ့ဖွံ့ဖြိုးတိုးတက်ရေးအတွက် အင်ဒိုနီးရှားနိုင်ငံတွင် State Owned Economic Cooperation Act
– 2003 ဥပဒေကိုပြဋ္ဌာန်း၍ ဆန်စပါး ကဏ္ဍဆိုင်ရာ Perum Bulog
(BULOG) အဖွဲ့ကို အစပိုင်းတွင် အစိုးရဌာနမဟုတ်သော
အသင်းအဖွဲ့များပုံစံဖြင့် စတင်ဖွဲ့စည်းခဲ့ပြီးနောက်တွင် ပြည်ထောင်စုဝန်ကြီး ဦးဆောင်သော
အများပိုင်စီးပွားရေးလုပ်ငန်း ကြီးတစ်ခုအသွင်ဖြင့် ပြည်တွင်းစားနပ်ရိက္ခာဈေးနှုန်း
တည်ငြိမ်ရေး၊ ငွေကြေးပိုင်းဆိုင်ရာ အခက်အခဲများကို ကူညီဆောင်ရွက်ခြင်း၊ ပိုးမွှားရောဂါထိန်းချုပ်ကုသခြင်း၊
သယ်ယူပို့ဆောင်ရေး ဝန်ဆောင်မှုလုပ်ငန်း၊ အဆောက်အအုံနှင့် မြေငှားရမ်းပေးခြင်း၊ အရန်ရိက္ခာ
စီမံခန့်ခွဲခြင်း၊ ဆန်ဖြန့်ဖြူးခြင်း၊ ပို့ကုန်တိုးမြှင့်ရေးကိစ္စများနှင့်
စိုက်ပျိုးရေးဆိုင်ရာ ကိစ္စများကို ဆောက်ရွက်လျက်ရှိပါသည်။
အလားတူပင် မလေးရှားနိုင်ငံတွင် Food Act 1983 & Food Regulation
of 1985 ကို ပြဋ္ဌာန်းကာ ဆန်စပါးဝယ်ယူ၊ သိုလှောင်၊ တင်သွင်း၊
ဖြန့်ဖြူး၊ တင်ပို့၊ ဈေးကွက်ချဲ့ထွင်ခြင်းများကို Bermas အဖွဲ့က
အစိုးရ၏ ကူညီပံ့ပိုးမှုများဖြင့် ဆောင်ရွက်လျက်ရှိပါသည်။ ဗီယက်နမ်နိုင်ငံတွင်လည်း Policy
on Rice Exportation Management in Vietnam 2019 & Rule on Rice Export
Business ကို ပြဋ္ဌာန်း၍ Vietnam Food Association (VFA)က ဆန်စပါးကဏ္ဍ စံချိန်စံညွှန်း သတ်မှတ်ခြင်း၊
ပို့ကုန်စီမံခန့်ခွဲခြင်းများကို ဆောင်ရွက် လျက်ရှိပါသည်။ ဖိလစ်ပိုင်နိုင်ငံတွင် Rice
Tariffication Law 2019 ကို ပြဋ္ဌာန်း၍ အစိုးရက NFA ၊ PITC အဖွဲ့များနှင့်ပူးပေါင်း၍ ဆန်စပါး
ကဏ္ဍဖွံ့ဖြိုးရေးအတွက် ဆောင်ရွက်လျက်ရှိပါသည်။ ထိုင်းနိုင်ငံတွင်မူ လိုအပ်ချက်အရ
အမိန့်ညွှန်ကြားချက်များ ထုတ်ပြန်ကာ အများပိုင်ကုမ္ပဏီများအား လိုအပ်သောကူညီပံ့ပိုးမှုများ
ဆောင်ရွက်ပြီး ထိန်းကျောင်း ဆောင်ရွက်လျက်ရှိပါသည်။
Supply Chain Mechanism ထူထောင်ပေးခြင်း
စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနသည်
၂၀၀၉-၂၀၁၀ ဘဏ္ဍာနှစ်မှစတင်၍ ဆန်စပါးစိုက်ပျိုးဧက များပြားသည့် တိုင်းဒေသကြီး/
ပြည်နယ်များတွင် ဆန်အထူးပြုကုမ္ပဏီ ၆၄ ခုကို ဖွဲ့စည်းပေးခဲ့ပါသည်။ အဆိုပါ
အထူးပြုကုမ္ပဏီများတွင် နိုင်ငံတကာနှင့် ချိတ်ဆက်ရောင်းဝယ်သည့်ကုမ္ပဏီများ၊
ပူးပေါင်းကုမ္ပဏီများ၊ ဒေသခံကုန်သည်များနှင့် တောင်သူလယ်သမားများ အစရှိသည့်
စိုက်ပျိုးထုတ်လုပ်သည်မှ ပြည်တွင်းပြည်ပသို့ တင်ပို့ရောင်းချသည် အထိ Supply Chain Mechanism တစ်ရပ်လုံးတွင်
ပါဝင်နေသူများဖြင့် ပူးပေါင်းပါဝင်ဖွဲ့စည်းထူထောင်ခဲ့ပါသည်။ အဆိုပါ ဆန်အထူးပြု
ကုမ္ပဏီများသည် ကုမ္ပဏီပိုင်ငွေကြေးများ၊ ဘဏ်ချေးငွေများဖြင့် ၂၀၀၉-၂၀၁၀
ဘဏ္ဍာနှစ်မှစ၍ တောင်သူလယ်သမားများအား မျိုး၊ သွင်းအားစု၊ စိုက်ပျိုးစရိတ်ချေးငွေ၊
နည်းပညာ အကူအညီပေးခြင်းများ ဆောင်ရွက်ခဲ့ပါသည်။ စိုက်ပျိုးစရိတ်ချေးငွေကို တောင်သူများသို့
ထုတ်ချေးရာတွင် တစ်လလျှင် နှစ်ရာခိုင်နှုန်းထက်မပိုသော အတိုးနှုန်းဖြင့်
ခြောက်လတစ်ကြိမ် ထုတ်ချေးသည့်စနစ်ကို ကျင့်သုံးခဲ့သည်။ ၂၀၀၉-၂၀၁၀ ဘဏ္ဍာနှစ်မှ
၂၀၁၄-၂၀၁၅ ဘဏ္ဍာနှစ်အထိ စုစုပေါင်း ကျပ် ၁၃၀၈၂၉ ဒသမ ၃၇ သန်းကို တောင်သူလယ်သမား
၄၇၅၄၈၇ ဦးသို့ ထုတ်ချေးခဲ့ကြောင်း စိစစ်တွေ့ရှိရပါသည်။
ဆန်စပါးစံချိန်စံညွှန်းသတ်မှတ်ချက်များနှင့်
ခေတ်မီဆန်စက်များ တိုးတက်လာစေရေး ဆောင်ရွက်ပေးမှုများ
မြန်မာနိုင်ငံအတွင်း ပြည်ထောင်စုနယ်မြေ နေပြည်တော်အပါအဝင်
တိုင်းဒေသကြီး/ ပြည်နယ်များ၌ ဆန်စက်များအနေဖြင့် တန် ၁၀၀ အထက်ဆန်စက်အလုံး ၂၆၀၊ တန်
၁၀၀ မှ ၄၁ အထိ ၇၄၂ လုံး၊၂၁ တန်မှ တန် ၄၀ အထိ ၆၂၅ လုံး၊ ၁၅ တန် မှ တန် ၂၀ အထိ ၈၇
လုံး စုစုပေါင်း ဆန်စက်ပေါင်း ၁၇၁၄ လုံးရှိပြီး ကြိတ်အားအနေဖြင့် ၄၈၅၉၃တန်
ရှိပါသည်။ ၎င်းတို့အနက် ဟာလာစက်များ မပါဝင်ပေ။ အကြမ်းဖျင်းအရ တစ်နိုင်ငံလုံးတွင်
ဟာလာဆန်စက် ၁၀၀၀၀ ကျော် ရှိပါသည်။ မြန်မာ့ထွက်ကုန် ဆန်နှင့်ဆန်ထွက်ပစ္စည်းများ ပြည်ပဈေးကွက်တွင်
မျက်နှာပန်းလှ ဈေးကောင်းရရှိစေရေးအတွက် စံချိန်စံညွှန်း အရည်အသွေး သတ်မှတ်ချက်များနှင့် ပြည့်စုံရန်လိုအပ်ပါသည်။
သို့မှသာ ဈေးကွက်အတွင်း ယှဉ်ပြိုင်နိုင်စွမ်းမြင့်မားလာမည်ဖြစ်သည်။ ထို့ကြောင့်ပင်
ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်အစိုးရ အမျိုးသားစံချိန်စံညွှန်းကောင်စီက ၁၀-၇-၂၀၁၈
ရက်နေ့တွင် အမိန့်ကြော်ငြာစာ အမှတ် ၃၄/၂၀၁၈ ဖြင့် မြန်မာ့ဆန်စံချိန်စံညွှန်းအဖြစ်
ကုဒ်အမှတ် MMS CODE X STAN 198:1995 ကို သတ်မှတ်
ထားပြီးနောက် ၁၈-၅-၂၀၂၂ ရက်နေ့တွင် ပိုမိုပြည့်စုံစေရေးအတွက်
အမိန့်ကြော်ငြာစာအမှတ်(၀၉၀/၂၀၂၂)ကိုထုတ်ပြန်၍ ကုဒ်အမှတ် MMS 31:2022 ဖြင့် ပြန်လည်ပြင်ဆင်ဖြည့်စွက်ခဲ့ပါသည်။ ထို့အပြင်
မြန်မာ့ဆန်စပါးစံချိန်စံညွှန်းကိုလည်း ၁၈-၅-၂၀၂၂ ရက်နေ့တွင် အမိန့်ကြော်ငြာစာအမှတ်
(၀၉၁/၂၀၂၂)ကို ထုတ်ပြန်၍ ကုဒ်အမှတ် MMS 29:2022ဖြင့်
ထုတ်ပြန်ခဲ့ပြီး ဖြစ်ပါသည်။ နောက်ပိုင်း ပြည်ပဆန်နှင့်
ဆန်ထွက်ပစ္စည်းတင်ပို့မှုများနှင့်ပတ်သက်၍ အဆိုပါ စံချိန်
စံညွှန်းသတ်မှတ်ချက်များနှင့်အညီ တင်ပို့လျက်ရှိပါသည်။
မြန်မာ့ဆန်စပါးစံချိန်စံညွှန်းများ၊ အရည်အသွေးဆိုင်ရာ
စည်းမျဉ်းများအား နိုင်ငံတကာ သတ်မှတ်ချက်များနှင့်အညီ ဖြစ်ပေါ်စေရေးအတွက် အစိုးရနှင့်
ပုဂ္ဂလိကအသင်းအဖွဲ့များပူးပေါင်း၍ ဆောင်ရွက်လျက်ရှိပါသည်။ ထို့အပြင် အရည်အသွေးစီမံခန့်ခွဲမှု၊
စွမ်းဆောင်ရည် ကောင်းမွန်စေရေးအတွက် နိုင်ငံတကာမှ အသိအမှတ်ပြုသည့် စက်ပစ္စည်း၊
အဆောက်အအုံ ကျွမ်းကျင်ဝန်ထမ်းများ တိုးမြှင့်ထားရေးအတွက်လည်း သက်ဆိုင်ရာ ဌာနများနှင့်ပူးပေါင်း၍
စီစဉ်လျက်ရှိသည်။ အရေးကြီးသောအချက်မှာ မြန်မာ့ဆန်နှင့် ဆန်ထွက်ပစ္စည်းများ တင်သွင်းသော
နိုင်ငံများနှင့် အစိုးရအချင်းချင်း ပူးပေါင်းဆောင်ရွက်မှုများ
တိုးမြှင့်ဆောင်ရွက်ရန် လိုအပ်လျက်ရှိပါသည်။
ပြည်ပနိုင်ငံများသို့ ဆန်နှင့်ဆန်ထွက်ပစ္စည်းများ တင်ပို့ရာတွင်
ဈေးနှုန်းရရှိမှု
ဆန်နှင့်ဆန်ထွက်ပစ္စည်းများအား ပြည်ပသို့တင်ပို့ရာတွင်
နိုင်ငံတကာ သတ်မှတ်အရည် အသွေးများနှင့် ပြည့်စုံမှုအားနည်း၍ ကမ္ဘာသို့ ဆန်နှင့်
ဆန်ထွက်ပစ္စည်းအဓိကတင်ပို့သည့် ဒေသတွင်း နိုင်ငံအချို့နှင့် နှိုင်းယှဉ်ပါက
ဈေးကောင်းမရဖြစ်နေသည်ကို တွေ့ရှိရပါသည်။ White Rice (5%) ချင်းတူပါလျက် ဗီယက်နမ်နိုင်ငံက
တစ်တန်လျှင် ၄၃၂ ဒေါ်လာ၊ ထိုင်းနိုင်ငံက ၄၃၅ ဒေါ်လာ၊ မြန်မာနိုင်ငံ က ၉၅ ဒေါ်လာ၊
အိန္ဒိယနိုင်ငံက ၃၈၇ ဒေါ်လာ၊ ပါကစ္စတန်နိုင်ငံက ၃၈၇ ဒေါ်လာရရှိခြင်း၊ White
Rice (25%) ချင်းတူပါလျက် ဗီယက်နမ် နိုင်ငံက ၄၁၂ ဒေါ်လာ၊
ထိုင်းနိုင်ငံက ၄၂၃ ဒေါ်လာ၊ မြန်မာနိုင်ငံက ၃၇၅ ဒေါ်လာ၊ အိန္ဒိယနိုင်ငံက ၃၇၇
ဒေါ်လာ၊ ပါကစ္စတန်နိုင်ငံက ဒေါ်လာ ၄၇၀ ရရှိခြင်း၊ Broken Rice (100%) ချင်းတူပါလျက် တစ်တန်လျှင် ထိုင်းနိုင်ငံက ၄၄၉ ဒေါ်လာရရှိသော်လည်း မြန်မာ
နိုင်ငံက ဒေါ်လာ ၃၇၀ သာရရှိခြင်း၊ Perboiled (5%) Broken တွင်မူ
တစ်တန်လျှင် အိန္ဒိယနိုင်ငံက ၃၈၂ ဒေါ်လာ၊ ပါကစ္စတန်နိုင်ငံက ၄၂၄
ဒေါ်လာသာရရှိခဲ့သော်လည်း မြန်မာနိုင်ငံက ၄၆၅ ဒေါ်လာရရှိခဲ့ပါသည်။
မြန်မာနိုင်ငံမှ ပြည်ပသို့တင်ပို့သော
ဆန်အမျိုးအစားများအနက် ၈၀ ရာခိုင်နှုန်းကျော်ပမာဏသည် (၂၅) မှတ်ဆန်များသာ
ဖြစ်ပါသည်။ ၁၉၉၄-၁၉၉၅ ဘဏ္ဍာနှစ်တွင် ဆန်တန်ချိန် တစ်သန်းကျော် တင်ပို့
ရောင်းချပြီးနောက်ပိုင်း ဆန်အရည်အသွေးများ ညံ့ဖျင်းလာသောကြောင့် ဆန်ဝယ်လိုအား ကျဆင်းလာခဲ့ပါသည်။
ထိုင်း၊ ဗီယက်နမ်၊ အိန္ဒိယနိုင်ငံများမှ ပြည်ပတင်ပို့သော(၂၅)မှတ်ဆန်များနှင့်
နှိုင်းယှဉ်ရာတွင် စက်ကြိတ်ခွဲမှုအဆင့်နိမ့်ခြင်း၊ ဆန်အရောင်အသွေးညံ့ခြင်း၊
ဆန်အတိုအရှည် မညီခြင်း၊ ချက်ပြုတ်စားသုံးရာတွင် အရသာပြောင်းလဲမှုများရှိခြင်းကြောင့်
ပြည်ပတွင် မြန်မာ့ဆန်ကို လူကြိုက်နည်းခဲ့ရပါသည်။ ထို့ကြောင့် ၂၀၀၂-၂၀၀၃
ဘဏ္ဍာနှစ်တွင် မြန်မာ့ဆန် ပြည်ပဈေးကွက်ရရှိရေးအတွက် အစိုးရနှင့်ပုဂ္ဂလိကပူးပေါင်း၍
ဆန်အရည်အသွေးနှင့် စက်ကြိတ် အဆင့်မြှင့်တင် ပြောင်းလဲမှုများ ဆောင်ရွက်နိုင်ခဲ့သဖြင့်
ပြည်ပသို့ ဆန်တန်ချိန် တစ်သန်းကျော် ပြန်လည်တင်ပို့နိုင်ခဲ့ပါသည်။
မြန်မာ့ဆန်စပါးကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက်
အမျိုးသားပို့ကုန်မဟာဗျူဟာရေးဆွဲထားရှိခြင်း
စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနသည်
မြန်မာ့ဆန်စပါးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပို့ကုန်မြှင့်တင်ရေးမူဝါဒ၏
အဓိကအခန်းကဏ္ဍအဖြစ် အမျိုးသားပို့ကုန်မဟာဗျူဟာ (National Export Strategy – NES ) ကို
၂၀၁၃ ခုနှစ်တွင် ရေးဆွဲခဲ့ပြီး အမျိုးသား ပို့ကုန်မဟာဗျူဟာ ၂၀၂၀-၂၀၂၅ တွင်
ဦးစားပေးကဏ္ဍ ၁၃ ခုနှင့် ကုန်သွယ်မှုအထောက်အကူပြုကဏ္ဍ ငါးခုကို ရွေးချယ်ရာ၌
ဆန်နှင့် ဆန်ထွက်ပစ္စည်းကဏ္ဍကိုပါ ထည့်သွင်းဆောင်ရွက်လျက်ရှိပါသည်။
ဈေးကွက်ချဲ့ထွင်မှုများ ဆောင်ရွက်ပေးနိုင်ခဲ့ပြီး အဓိကအနေဖြင့်
တရုတ်နိုင်ငံဈေးကွက်သို့ တင်ပို့နိုင်ခဲ့သည်။ ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်တွင် ဆန်နှင့်
ဆန်ထွက်ပစ္စည်း အမြင့်ဆုံးပို့ကုန်စံချိန်သို့ ရောက်ရှိခဲ့ပြီး မက်ထရစ်တန် ၃ ဒသမ
၅၉ သန်း တင်ပို့နိုင်ခဲ့ပါသည်။ မဟာဗျူဟာ ဦးတည်ချက်များအနေဖြင့် အရည်အသွေးမြင့် ဆန်ထုတ်လုပ်မှုနှင့်
ဆန်အထွက်နှုန်းမြှင့်တင်ရန်၊ ရိတ်သိမ်းချိန်လွန် အခြေခံအဆောက်အအုံများကို အဆင့်မြှင့်တင်ရန်နှင့်
အရည်အသွေးစမ်းသပ်စစ်ဆေးသည့် ဝန်ဆောင်မှုလုပ်ငန်းများ တိုးတက်လာစေရန်၊ ပို့ကုန်တိုးမြှင့်တင်ပို့ခြင်း၊
ဈေးကွက်ဆိုင်ရာ သိရှိနားလည်ခြင်းများမှတစ်ဆင့် ဈေးကွက်ဝင်ရောက်နိုင်မှုတိုးတက်လာစေရန်တို့
ဖြစ်ပါ သည်။
ကန်ထရိုက်လယ်ယာစနစ်ထူထောင်ပေးခြင်း
ကုန်သည်နှင့်တောင်သူကြားတွင် အခြေခံသဘောတူစာချုပ်ဖြင့်
ဆန်စပါးများ ထုတ်လုပ် ရောင်းဝယ်ခြင်းဖြစ်သည့် ကန်ထရိုက်လယ်ယာစနစ်ကို ပုဂ္ဂလိကနှင့်
တောင်သူများပူးပေါင်း၍ ဆောင်ရွက်နိုင်စေရေး ထူထောင်ပေးခြင်းဖြစ်ပါသည်။ ဆန်စပါးရောင်းဝယ်မှုကို
လွတ်လပ်စွာဖြင့် ဆောင်ရွက်စေခြင်းပင်ဖြစ်ပါသည်။ ဆန်စပါးဝယ်ယူမည့်သူက
လိုအပ်သည့်ပမာဏ၊ အရည်အသွေး၊ မည်သည့်မျိုး၊ မည်သည့်စနစ်ဖြင့် စိုက်ရမည် စသည်တို့ကို
သတ်မှတ်ထားတတ်ပြီး မျိုးနှင့် သွင်းအားစုများကို ဈေးနှုန်းသင့်၍ ကြိုတင်ထုတ်ပေးခြင်းဖြစ်ပြီး
တောင်သူများလိုအပ်သည့် စိုက်ပျိုးစရိတ်များ၊ သွင်းအားစုများ၊
နည်းပညာအထောက်အပံ့များရရှိပါသည်။ နှစ်ဦးနှစ်ဖက် ကောင်းမွန်သည့်စနစ်ဖြစ်ပြီး ဆန်စပါးပေါ်ချိန်
ဈေးကျ သည့်ဒဏ်ကို တောင်သူများ မခံစားရသလို ဝယ်ယူသူဘက်ကလည်း
အရည်အသွေးကောင်းမွန်သည့် ဆန်စပါးများကို ရရှိနိုင်၍ ဖြစ်ပါသည်။ ဤစနစ်သည် အိန္ဒိယ၊
တရုတ်နှင့် ထိုင်းနိုင်ငံတို့တွင် အောင်မြင်နေသည့် စနစ်တစ်ခုဖြစ်ပါသည်။
ပြည်တွင်းစားနပ်ရိက္ခာဖူလုံရေးနှင့် တောင်သူလယ်သမား
အကျိုးစီးပွားမြှင့်တင်ရေးအတွက် ဆောင်ရွက်ပေးခြင်း
နိုင်ငံတော်အတွင်း အရေးပေါ်အခြေအနေများပေါ်ပေါက်ပါက
စားနပ်ရိက္ခာများဖူလုံစေရေးအတွက် နိုင်ငံတော် အရန်ဆန်ထားရှိရေး
ကြီးကြပ်မှုကော်မတီကို ၂၅-၁-၂၀၁၂ ရက်နေ့တွင် ဖွဲ့စည်းခဲ့ပါသည်။ ၂၀၁၂ -၂၀၁၃
ဘဏ္ဍာနှစ်တွင် အရန်ဆန်တန်ချိန် ၅၀၄၁၅ ဒသမ ၂၂ တန် ဝယ်ယူထားရှိရန် နိုင်ငံတော်က ကျပ်
၁၀ ဘီလီယံ၊ မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်က ကျပ် ၃ ဒသမ ၅၃ ဘီလီယံ၊ ဗဟိုသမဝါယမ
အသင်းက ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်တွင် နိုင်ငံတော်ရန်ပုံငွေမှ ကျပ် ၂၂ ဒသမ ၂၁၁
ဘီလီယံသုံးစွဲ၍ အရေးပေါ်ရိက္ခာဆန် ၅၀၃၇၄ ဒသမ ၉၅၁ တန် ဝယ်ယူခဲ့ပါသည်။ ထို့အပြင်
၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ် အတွင်း နိုင်ငံတော်က စပါးတင်း ၁၀၀ လျှင် ရည်ညွှန်းဈေးကျပ်
ငါးသိန်း သတ်မှတ်ထားသော်လည်း သတ်မှတ်ရည်ညွှန်းဈေးအောက် ရောက်လျက်ရှိသဖြင့် တောင်သူလယ်သမားများ၏
အကျိုးစီးပွား မထိခိုက်စေရေးအတွက် နိုင်ငံတော်ရန်ပုံငွေမှ ကျပ် ၆ ဒသမ ၈၁၅
ဘီလီယံဖြင့် စပါးတင်း ၁၂၉၅၀၀၀ ဝယ်ယူခဲ့ပါသည်။ ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်တွင်လည်း နိုင်ငံတော်က
စပါးတင်း ၁၀၀ လျှင် ရည်ညွှန်း ဈေးကျပ် ၅ ဒသမ ၂ သိန်း သတ်မှတ်ထားသော်လည်း ရည်ညွှန်း
ဈေးအောက်ရောက်ရှိနေသဖြင့် တောင်သူလယ်သမားများ၏ အကျိုးစီးပွားများ ထိခိုက်မှုမရှိစေရေးအတွက်
နိုင်ငံတော်ရန်ပုံငွေမှ ကျပ် ၁ ဒသမ ၅၃၃ ဘီလီယံဖြင့် စပါးတင်း ၂၉၁၂၅၀ ဝယ်ယူခဲ့ပါသည်။
ဆန်စပါးလုပ်ငန်းများအပေါ်အခြေခံ၍ ပြည်တွင်းရိက္ခာဖူလုံရေး သာမက
တောင်သူများ၏အကျိုးစီးပွားများ မထိခိုက်စေရေးအတွက်ပါ အဘက်ဘက်မှ တွက်ချက်စဉ်းစား၍
ဆောင်ရွက်ခဲ့ပါသည်။ ယနေ့ထိတိုင် ဆောင်ရွက်နေဆဲဖြစ်ပါသည်။
အခြေခံအဆောက်အအုံများဖွံ့ဖြိုးရေးအတွက် ကူညီပံ့ပိုးခြင်း
နိုင်ငံတော်အစိုးရအဆက်ဆက်သည် ဆန်စပါးကဏ္ဍဖွံ့ဖြိုး
တိုးတက်ရေးအတွက် ဆန်စက်များ၊ ကြိတ်ဖွပ်ရောနှောစက်ရုံများ၊ ဖွဲနုဆီသန့်စက်ရုံများ၊ သိုလှောင်ရုံများ၊
ဆန်စက်အပိုပစ္စည်းစက်ရုံများ၊ စက်ပြင်အလုပ်ရုံများ၊ ရေဆင်းတံတားများ၊
ကုန်ရထားတွဲကြီးများကို တည်ဆောက်ခြင်း၊ မွမ်းမံအဆင့်မြှင့်တင်ခြင်းများ
ဆောင်ရွက်ပေးနိုင်ရေးနှင့် ဝန်ထမ်းလေ့ကျင့်ရေးဌာန၊ သင်တန်းအထောက်အကူပြုပစ္စည်း
များရရှိရေးတို့အတွက် ၁၉၇၅-၁၉၇၆ ဘဏ္ဍာနှစ်မှ ၁၉၈၁-၁၉၈၂ ခုနှစ်ဘဏ္ဍာနှစ်အထိ ADB ပထမအကြိမ်ချေးငွေ
အမေရိကန်ဒေါ်လာ ၆ ဒသမ ၅၀ သန်း၊ ၁၉၇၉ ခုနှစ်မှ ၁၉၈၈ ခုနှစ်အထိ ADB ဒုတိယအကြိမ်ချေးငွေ အမေရိကန်ဒေါ်လာ ၁၇ သန်း၊ ၁၉၈၁-၁၉၈၈ ခုနှစ်အထိ ADB
ဒုတိယအကြိမ်ချေးငွေ အမေရိကန်ဒေါ်လာ ၁၆ သန်း၊ ၁၉၈၂ ခုနှစ်တွင် OECF
ပထမချေးငွေ(BP-14) တရုတ်ယွမ် ၄၁၂၂ သန်း၊ ၁၉၈၂
ခုနှစ်တွင်ပင် OECF ပထမချေးငွေ (BP-28) တရုတ်ယွမ် ၃၀၈ ဒသမ ၉၉ သန်း၊ ၁၉၈၁ ခုနှစ်မှ ၁၉၈၆ ခုနှစ်အထိ IDA ပထမ ချေးငွေ အမေရိကန်ဒေါ်လာ ၂၃ သန်း၊ ၁၉၈၆-၁၉၈၇ ဘဏ္ဍာနှစ်မှ ၁၉၉၄-၁၉၉၅
ဘဏ္ဍာနှစ်အထိ IDA ဒုတိယချေးငွေ အမေရိကန်ဒေါ်လာ ၃ ဒသမ ၉၅
သန်းရရှိရေးအတွက် ကူညီပံ့ပိုး ဆောင်ရွက်ပေးခဲ့ပြီး ဖြစ်ပါသည်။ ဆက်လက်၍လည်း
မြန်မာ့ဆန်စပါးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်ပေးနေဆဲ ဖြစ်ပါသည်။
အောင်မြင်မှုများနှင့် အကျိုးကျေးဇူးများ
နိုင်ငံတော်က ဆန်စပါးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက်
မှန်ကန်ထိရောက်သည့် မူဝါဒများချမှတ်ပေးနိုင်ခြင်း၊ သက်ဆိုင်ရာဌာနများ၊
ပုဂ္ဂလိကအသင်းအဖွဲ့များ၊ တောင်သူလယ်သမားများက လိုက်နာအကောင်အထည်ဖော် ဆောင်ရွက်ခြင်းများကြောင့်
ပုဂ္ဂလိက အသင်းအဖွဲ့များ၏ ဦးဆောင်စီမံခန့်ခွဲမှုစွမ်းရည်များ တိုးတက် လာခြင်း၊ တောင်သူလယ်သမားများ
ထုတ်လုပ်နိုင်စွမ်းမြင့်မားလာခြင်း၊ ပြည်ပဆန်စျေးကွက်တွင် မြန်မာ့ဆန်နှင့်
ဆန်ထွက်ပစ္စည်းများ စျေးကွက်နှိုင်းယှဉ်နိုင်စွမ်း တိုးတက်လာခြင်း၊ အကျိုးတူလယ်ယာစနစ်
ဆောင်ရွက်ရန် လုပ်ထုံးလုပ်နည်းများ ပြဋ္ဌာန်းနိုင်ခြင်း၊ တရုတ်နိုင်ငံ GACC နှင့်
ဆန်တင်ပို့နိုင်ရေး MoU ရေးထိုးနိုင်ခဲ့ခြင်း၊
ဘင်္ဂလားဒေ့ရှ် နိုင်ငံနှင့် ဆန်ဖြူ ၂ ဒသမ ၅ သိန်း၊ ပေါင်းဆန် ငါးသိန်း
နှစ်စဉ်တင်ပို့ရန် ၂၀၁၇ ခုနှစ်မှ ၂၀၂၇ ခုနှစ်အထိ (ငါးနှစ်တစ်ကြိမ်) MoU ရေးထိုးနိုင် ခဲ့ခြင်း၊ စီးပွားရေးသံမှူးများ စေလွှတ်နိုင်ခဲ့ခြင်းကြောင့်
ပြည်ပဆန်စျေးကွက်အခြေအနေများကို သိရှိနိုင်ခြင်း စသည့် အောင်မြင်မှုများနှင့်
အကျိုးကျေးဇူးများကို ရရှိခဲ့ပါသည်။
သို့ဖြစ်ပါ၍ မြန်မာ့ဆန်စပါးကဏ္ဍ
ဖွံ့ဖြိုးတိုးတက်ရေးအတွက် နိုင်ငံတော်အစိုးရက ခေတ်ကာလ အခြေအနေများနှင့် ကိုက်ညီသော
အဖွဲ့အစည်းများ ပြောင်းလဲဖွဲ့စည်းပေးနိုင်ခဲ့ခြင်း၊ ဒေသတွင်းနိုင်ငံများ၏
ဆန်စပါးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်နေမှုများကို
မျက်ခြည်မပြတ်စောင့်ကြည့်၍ မြန်မာနိုင်ငံနှင့် သင့်တော်သည့် ဥပဒေ၊
မူဝါဒများချမှတ်ကာ ထိန်းကျောင်းဆောင်ရွက်ခြင်း၊ ပြည်တွင်း/ ပြည်ပသို့
တင်ပို့ရောင်းချသည်အထိ ပါဝင်နေသူများဖြင့် Supply Chain Mechanism တစ်ရပ်ထူထောင်ပေးခြင်း၊
မြန်မာ့ဆန်စပါးစံချိန် စံညွှန်းသတ်မှတ်ချက်များ ဆောင်ရွက်ပေးခြင်းနှင့် မြန်မာ့ခေတ်မီဆန်စက်များ
တိုးတက်လာစေရေးအတွက် အားပေးကူညီဆောင်ရွက်ပေးခြင်း၊ ကန်ထရိုက်လယ်ယာစနစ်
ထူထောင်ပေးခြင်း မြန်မာ့ဆန်စပါးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက အမျိုးသားပို့ကုန်
မဟာဗျူဟာများ ရေးဆွဲထားရှိခြင်းများ ဆောင်ရွက်ပေးနေသည့်အပြင် ပြည်တွင်းရိက္ခာဖူလုံရေးနှင့်
တောင်သူလယ်သမားအကျိုးစီးပွား မြှင့်တင်ရေးများအတွက်ပါ ကြိုတင်တွက်ချက်မြော်တွေးကာ
ဆောင်ရွက်ပေးနေခြင်း၊ အစိုးရက ဈေးကွက်ချိတ်ဆက်၍ ပြည်ပသို့ ဆန်နှင့် ဆန်ထွက်ပစ္စည်းများ
တင်ပို့နိုင်ရေးအတွက် အားပေးကူညီဆောင်ရွက်ပေးခြင်း၊ အစိုးရ၊ ပုဂ္ဂလိက၊
တောင်သူလယ်သမား များက ဟန်ချက်ညီညီ ဆောင်ရွက်လျက်ရှိခြင်းတို့ကြောင့် မကြာသော ကာလတစ်ခုအတွင်း ဒေသတွင်းနှင့် ပြည်ပနိုင်ငံများနည်းတူ ဆန်စပါးလုပ်ငန်းကို
စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်ရန် အခြေအနေကောင်းများကို ပိုင်ဆိုင်ထားပြီး
ဖြစ်ပါကြောင်း ဖော်ပြအပ်ပါသည်။ ။
No comments:
Post a Comment