Monday, November 7, 2022

တန်ဆောင်မုန်းလပြည့်နေ့ (သာမညဖလအခါတော်နေ့) တွင် တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးရှိ ဘုရား၊ စေတီပုထိုးများ၌ အများပြည်သူများ စိတ်အေး ချမ်းသာစွာလာရောက်ဖူးမြော်ကြည်ညို၊ တန်ဆောင်တိုင် မီးထွန်းပွဲတော်များကျင်းပပြုလုပ်

နေပြည်တော် နိုဝင်ဘာ ၇



ယနေ့သည် ဗုဒ္ဓဘာသာဝင်တို့၏ နေ့ထူးနေ့မြတ်များထဲမှ တစ်ရက်ဖြစ်သည့် တန်ဆောင်မုန်းလပြည့် သာမညဖလပွဲတော်နေ့ဖြစ်သည်နှင့်အညီ တန်ဆောင်တိုင်ပွဲတော်၊ မီးထွန်းပွဲတော်တို့ကို မြန်မာ့ယဉ်ကျေးမှု အစဉ်အလာကောင်းတစ်ရပ်အဖြစ် ထိန်းသိမ်း လက်ဆင့်ကမ်းပြီး နှစ်စဉ်ကျင်းပပြုလုပ်ကြသည်။




အဆိုပါ နေ့ထူးနေ့မြတ်တွင် ဗုဒ္ဓဘာသာဝင်များအနေဖြင့် မြတ်စွာဘုရားရှင်အားရည်မှန်း၍ ဥပုသ်သီလ ဆောက်တည်ခြင်း၊ ပဋ္ဌာန်းဒေသနာတော်နှင့် ပရိတ်တရားတော်များ ရွတ်ပွားပူဇော်ခြင်း၊ ဘုန်းတော်ကြီး ကျောင်းများ၌ ကထိန်လျာသင်္ကန်းကပ်လှူခြင်း၊ ကထိန်ခင်းခြင်း၊ ဒါနသီလဘာဝနာကုသိုလ်ယူ ဆည်းပူးပွားများခြင်း စသည့်သူတော်ကောင်းတရားများကို ကြိုးစားအားထုတ်ဆောင်ရွက်ကြပြီး ဘုရား၊ စေတီ၊ ပုထိုးများ၌လည်း စိတ်အေးချမ်းသာစွာ ဖူးမြော်ကြည်ညိုခြင်းများကို ပြုလုပ်ကြသည်။

ထိုသို့ မြန်မာ့ယဉ်ကျေးမှုပွဲတော်ကို ထိန်းသိမ်းဆင်နွဲလျက်ရှိကြရာ နေပြည်တော် ကောင်စီနယ်မြေ၊ ဇေယျာသီရိမြို့နယ်အတွင်းရှိ ရွှေဘုန်းပွင့်စေတီတော်မြတ်ကြီးအား ယနေ့ညပိုင်းတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယ ဗိုလ်ချုပ်မှူးကြီး စိုးဝင်းနှင့် ဇနီး ဒေါ်သန်းသန်းနွယ်၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တပ်မတော်အရာရှိကြီးများနှင့် ဇနီးများက ဆီမီးများ၊ ရောင်စုံမီးအလှများဖြင့် ထွန်းညှိ ပူဇော် ခြင်း၊ ပန်း၊ ရေချမ်း ကပ်လှူပူဇော်ခြင်း၊ ဆီမီး(၁၀၀၀) ထွန်းညှိပူဇော်ခြင်းများပြု လုပ်ခဲ့ကြပြီး တန်ဆောင်တိုင်မီးထွန်းပွဲတော်ကို ပျော်ရွှင်ကြည်နူးစွာ ဆင်နွှဲခဲ့ကြသည်။ အလားတူ တန်ဆောင်တိုင်ပွဲတော်၊ မီးထွန်းပွဲတော် အထိမ်းအမှတ်အဖြစ် ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း) ဝန်းအတွင်း၌လည်း လမ်း၊ အဆောက်အဦများ၊ ပန်းအလှ သစ်ပင်များတွင် ရောင်စုံမီးအလှများဖြင့် မီးထွန်းပွဲတော်ကို သာယာလှပစွာ ပြုလုပ် ထားရှိရာ မီးထွန်းပွဲတော်သို့ ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း၊ ရေ၊ လေ) မိသားစုများ က စိတ်နှလုံးအေးချမ်းစွာဖြင့် ပျော်ရွှင်ကြည်နူးစွာ ဆင်နွဲခဲ့ကြသည်။

ထို့အတူ ရှင်ဥပဂုတ္တမထေရ်မြတ်ပူဇော်ပွဲနှင့် မီးမျှောပူဇော်ပွဲများ၊ တန်ဆောင်တိုင် မီးထွန်းတော်များကိုလည်း တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးရှိ ဘုရား၊ စေတီ၊ ပုထိုးများ၌ ကိုဗစ်-၁၉ စည်းမျဉ်း၊ စည်းကမ်းများနှင့်အညီ ကျင်းပပြုလုပ်ကြရာ အများပြည်သူများ စိတ်အေးချမ်းသာစွာ လာရောက်ထွန်းညှိပူဇော်ဖူးမြော်ကြည်ညိုကြပြီး နိဗ္ဗာန်ဈေးပွဲတော်များတွင် ပျော်ရွှင်စွာ ပါဝင်ဆင်နွှဲကြသူများဖြင့် စည်ကား သိုက်မြိုက်လျက်ရှိသည်။

ထို့ပြင် နေပြည်တော်ရေပန်းဥယျာဉ်အတွင်း ကျင်းပလျက်ရှိသည့် တန်ဆောင်တိုင် ညဈေးရောင်းပွဲတော်အတွင်း ဖျော်ဖြေရေးအစီအစဉ်များအဖြစ် နိုင်ငံကျော် တေးသံရှင်များက တေးသီချင်းများဖြင့် ဖျော်ဖြေတင်ဆက်ကြရာ လာရောက်လည်ပတ် ကြည့်ရှုကြသူများဖြင့် စည်ကားလျက်ရှိသည်။ အလားတူ တန်ဆောင်တိုင် ရုံးပိတ်ရက် ဖြစ်သည်နှင့်အညီ တိုင်းဒေသကြီးနှင့် ပြည်နယ်များရှိ အပန်းဖြေစခန်းများ၊ ကမ်းခြေများ၊ အများပြည်သူနှင့် သက်ဆိုင်သည့် ပန်းခြံများ၌ လာရောက်အပန်းဖြေကြသူများနှင့် အထူးစည်ကားလျက်ရှိသည်။

နေပြည်တော် ဥပ္ပါတသန္တိစေတီတော်မြတ်ကြီးအနီးရှိ တပေါင်းကွင်းနှင့် ရန်ကုန်မြို့ရှိ ပြည်သူ့ရင်ပြင်တို့၌လည်း FIREWORK အမျိုးအစား မီးရှူးမီးပန်းများကို တန်ဆောင်တိုင်ကာလ အခါသမယအဖြစ် ပစ်ဖောက်ပူဇော်ခဲ့ရာ အများပြည်သူများအနေဖြင့် စိတ်ဝင်တစားလာရောက် ကြည့်ရှုခဲ့ကြပြီး အမှတ်တရဓာတ်ပုံရိုက်ခြင်းများ ပြုလုပ်ခဲ့ကြကာ တန်ဆောင်မုန်းလပြည့်နေ့ အခါသမယကို နိုင်ငံတစ်ဝန်းလုံးတွင် ပျော်ရွှင်ကြည်နူးစွာ ဆင်နွှဲခဲ့ကြကြောင်း သတင်းရရှိသည်။

No comments:

Post a Comment