Monday, November 7, 2022

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်း (၇၅) နှစ်မြောက် စိန်ရတု ထောက်ပံ့နှင့်ပို့ဆောင်ရေးတပ်ဖွဲ့နေ့ အခမ်းအနားသို့ တက်ရောက် ချီးမြှင့်၊ ဂုဏ်ပြု အမှာစကားပြောကြား

နေပြည်တော် နိုဝင်ဘာ ၇


(၇၅) နှစ်မြောက် စိန်ရတု ထောက်ပံ့နှင့်ပို့ဆောင်ရေးတပ်ဖွဲ့နေ့အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်၊ စစ်ကြောရေးနှင့်တည်ခိုးရေးစခန်းရှိ ဆင်ဖြူရှင်ခန်းမ၌ ကျင်းပပြုလုပ်ရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ် (ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း တက်ရောက်ချီးမြှင့်သည်။




အဆိုပါ (၇၅)နှစ်မြောက် စိန်ရတုထောက်ပံ့နှင့်ပို့ဆောင်ရေးတပ်ဖွဲ့နေ့အခမ်းအနားသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဒုတိယဉက္ကဋ္ဌ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း)နှင့်အတူ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အတွင်းရေးမှူး၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်များ၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တပ်မတော် အရာရှိကြီးများ၊ နေပြည်တော်တိုင်းစစ်ဌာနချုပ် တိုင်းမှူး၊ အငြိမ်းစားထောက်ပံ့နှင့် ပို့ဆောင်ရေး တပ်ဖွဲ့ဝင် အရာရှိကြီးများ၊ ထောက်ပံ့နှင့်ပို့ဆောင်ရေးတပ်ဖွဲ့ဝင်များနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။

ဦးစွာ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ စစ်ထောက်ချုပ် ဒုတိယဗိုလ်ချုပ်ကြီး ကျော်စွာလင်း၊ ထောက်ပံ့နှင့်ပို့ဆောင်ရေးညွှန်ကြားရေးမှူး ဗိုလ်ချုပ် ဝင်းမြတ်နှင့် တိုင်းမှူး ဗိုလ်ချုပ် ဇော်ဟိန်း တို့က (၇၅) နှစ်မြောက်စိန်ရတု ထောက်ပံ့နှင့်ပို့ဆောင်ရေးတပ်ဖွဲ့နေ့ အခမ်းအနားကို ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးသည်။ ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဉက္ကဋ္ဌ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း)က (၇၅)နှစ်မြောက် စိန်ရတုထောက်ပံ့နှင့်ပို့ဆောင်ရေးတပ်ဖွဲ့နေ့ဆိုင်းဘုတ်အား စက်ခလုတ်နှိပ် ဖွင့်လှစ်ပေးပြီး တက်ရောက်လာကြသူများနှင့်အတူ စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကြသည်။

ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဉက္ကဋ္ဌ ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ် (ကြည်း) က (၇၅)နှစ်မြောက် ထောက်ပံ့နှင့် ပို့ဆောင်ရေးတပ်ဖွဲ့နေ့အထိမ်းအမှတ် ဂုဏ်ပြုအမှာစကားပြောကြားရာတွင် ယနေ့သည် မြန်မာနိုင်ငံရဲ့ လွတ်လပ်ရေးကြိုးပမ်းမှုသမိုင်းတွင် တပ်မတော်နှင့်အတူ ဖွဲ့စည်း ပေါ်ထွန်းလာခဲ့ပြီး သမိုင်းအစဉ်အလာကောင်းများစွာရှိသည့် ထောက်ပံ့နှင့်ပို့ဆောင်ရေး တပ်ဖွဲ့၏ (၇၅)နှစ်မြောက် စိန်ရတုတပ်ဖွဲ့နေ့ အခမ်းအနားဖြစ်ကြောင်း၊ ထောက်ပံ့နှင့် ပို့ဆောင်ရေးတပ်ဖွဲ့အနေဖြင့် ဖြတ်သန်းခဲ့ရသည့် ခေတ်အဆက်ဆက်တွင်လည်း အစဉ်အလာကောင်းများကို ထိန်းသိမ်းမြှင့်တင်ပြီး လက်ဆင့်ကမ်းတာဝန်ထမ်းဆောင် ခဲ့ကြသည်မှာ ယနေ့ဆိုလျှင် (၇၅)နှစ်မြောက်စိန်ရတုတိုင်အောင် ရောက်ရှိခဲ့ပြီဖြစ်၍ ထောက်ပံ့နှင့်ပို့ဆောင်ရေးတပ်ဖွဲ့အတွက် အလွန်ဂုဏ်ယူဖွယ်ရာ နေ့ထူးနေ့မြတ် တစ်ရက်ဖြစ်ကြောင်း။

ထောက်ပံ့နှင့်ပို့ဆောင်ရေးတပ်ဖွဲ့သည် မြန်မာနိုင်ငံ၏လွတ်လပ်ရေး ကြိုးပမ်းမှုကာလ ဖက်ဆစ်ဆန့်ကျင်ရေး သမိုင်းတစ်လျှောက်တွင် ဗမာ့လွတ်လပ်ရေးတပ်မတော် (BIA) နှင့်အတူ ထက်ကြပ်မကွာကြီးပြင်းခဲ့သည့် တပ်ဖွဲ့တစ်ခုပဲဖြစ်ကြောင်း၊ ၁၉၄၂ ခုနှစ်၊ ဇူလိုင်လ ၂၇ ရက်နေ့တွင် (BIA) ကို ဖျက်သိမ်းခဲ့ပြီး ဗမာ့ကာကွယ်ရေးတပ်မတော် (BDA) ကို ဌာန ၈ ခုဖြင့် ပြန်လည်ဖွဲ့စည်းခဲ့ကြောင်း၊ ၎င်းဌာနများတွင် “ရိက္ခာထောက်ပံ့ရေးဌာန” တစ်ခုလည်း ပါဝင်ဖွဲ့စည်းခဲ့ကြောင်း၊ ၁၉၄၃ ခုနှစ်တွင် မော်တော်ယာဉ်တပ်ခွဲ ၁ ခွဲနှင့် ၁၉၄၄ ခုနှစ်တွင် အနောက်မြောက်တိုင်းထောက်ပံ့ရေးတပ်၊ အနောက်တိုင်းထောက်ပံ့ရေးတပ်နှင့် ရန်ကုန်ထောက်ပံ့ရေးတပ်များကို ဆက်လက်ဖွဲ့စည်းဖွင့်လှစ်ခဲ့ကြောင်း။

တပ်မတော်အတွက်လိုအပ်သည့် အုပ်ချုပ်ထောက်ပံ့မှု ကိစ္စရပ်များကို တိုးမြှင့်ဆောင်ရွက်နိုင်ရန် ၁၉၄၇ ခုနှစ်၊ နိုဝင်ဘာလ ၇ ရက်နေ့တွင် “ထောက်ပံ့နှင့် ပို့ဆောင်ရေးညွှန်ကြားရေးမှူးရုံး”ကို ရန်ကုန်မြို့တွင် စတင်ဖွဲ့စည်းတည်ထောင်ခဲ့ကြောင်း၊ ထို့ကဲ့သို့ မြန်မာ့တပ်မတော်၏ အရေးကြီးသော တပ်ဖွဲ့တစ်ခုအဖြစ် စတင်ဖွဲ့စည်းခဲ့သည့် နိုဝင်ဘာလ ၇ ရက်နေ့ကို “ထောက်ပံ့နှင့်ပို့ဆောင်ရေးတပ်ဖွဲ့နေ့” အဖြစ်သတ်မှတ် ပေးခဲ့ကြောင်း၊ ထို့ကြောင့်လည်း ယနေ့ဆိုရင် ထောက်ပံ့နှင့်ပို့ဆောင်ရေးတပ်ဖွဲ့၏ ဖွဲ့စည်းတည်ထောင်မှုသည် နှစ်ပေါင်း(၇၅)နှစ် တင်းတင်းပြည့်ပြီး မြန်မာ့တပ်မတော်နှင့် ထောက်ပံ့နှင့်ပို့ဆောင်ရေးတပ်ဖွဲ့အတွက် ထူးခြားလေးနက်သည့် သမိုင်းမှတ်တိုင်နေ့တစ်နေ့ပဲဖြစ်ကြောင်း။

ထောက်ပံ့နှင့်ပို့ဆောင်ရေးတပ်ဖွဲ့သည် ၁၉၄၈ ခုနှစ်၊ လွတ်လပ်ရေးရရှိပြီးသည့်နောက် ၁၉၄၉-၁၉၅၀ ပြည့်နှစ် ရောင်စုံသောင်းကျန်းမှု ထူပြောနေသည့်အချိန်တွင် ဖြစ်ပွားခဲ့သည့် တိုက်ပွဲများ၊ ၁၉၅၃ ခုနှစ် တရုတ်ဖြူကျူးကျော်မှုများကို ချေမှုန်းခဲ့သည့် နဂါးနိုင်စစ်ဆင်ရေး၊ ၁၉၅၅ ခုနှစ် လွယ်လန်းဒေသတွင် ပြုလုပ်ခဲ့သည့် ရန်ကြီးအောင်စစ်ဆင်ရေး၊ ၁၉၆၁ ခုနှစ် ကျိုင်းတုံ/ ကျိုင်းလတ်ဒေသတွင် ပြုလုပ်ခဲ့သည့် မဲခေါင်စစ်ဆင်ရေး၊ ၁၉၆၉ ခုနှစ် ကုန်းကြမ်းဒေသ စစ်ဆင်ရေးများအပါအဝင် နိုင်ငံတော်၏လွတ်လပ်ရေးနှင့် အချုပ်အခြာအာဏာကို ကာကွယ်ခဲ့ရသည့် စစ်ဆင်ရေးများတွင်လည်း တပ်ဖွဲ့ဝင်များအနေဖြင့် စားနပ်ရိက္ခာပစ္စည်းများနှင့် ခဲယမ်းမီးကျောက် သယ်ယူပို့ဆောင်ရေးတာဝန်များ၊ လေကြောင်းမှ ရိက္ခာခဲယမ်း ထောက်ပံ့ရေးတာဝန်များကို ကျေပွန်စွာထမ်းဆောင်ခဲ့ကြမှုကို တပ်မတော်၏ သမိုင်းမှတ်တမ်းများတွင် တွေ့ရှိကြရမှာဖြစ်ကြောင်း။

ထို့အပြင် ၂၀၁၂ နောက်ပိုင်းဖြစ်ပွားခဲ့သည့် လောက်ကိုင်ဒေသ၊ မုံးကိုးဒေသ၊ ကချင်ပြည်နယ်နှင့် ရခိုင်ပြည်နယ်များရှိ နယ်မြေလုံခြုံရေးနှင့် နယ်မြေစိုးမိုးရေး စစ်ဆင်ရေးများတွင် သောင်းကျန်းသူများနှင့် ထိတွေ့တိုက်ပွဲဝင်ခဲ့ရသည့် ဖြစ်စဉ်များမှာ ထောက်ပံ့နှင့်ပို့ဆောင်ရေးတပ်ဖွဲ့ဝင်များသည် အထက်ကပေးအပ် ခဲ့သည့် ရည်မှန်းချက် တာဝန်များကို ကျေပွန်စွာထမ်းဆောင်ခဲ့ကြကြောင်း၊ မိမိ၏အသက်အန္တရာယ်ကို ပဓာနမထားဘဲ ယခုလိုတာဝန်ကျေပွန်စွာ ထမ်းဆောင်ခဲ့ကြသဖြင့် ထောက်ပံ့နှင့် ပို့ဆောင်ရေးတပ်ဖွဲ့ဝင်များ ထဲက တပ်သား သီဟသူရ တင်ညွန့်လို စွမ်းရည်သတ္တိဆိုင်ရာ ဘွဲ့ထူးဂုဏ်ထူးရရှိခဲ့သူအပြင် သူရဲကောင်းမှတ်တမ်းဝင် တံဆိပ်ရရှိခဲ့ကြသည့် အရာရှိ၊ စစ်သည်များကိုလည်း ဂုဏ်ယူဖွယ်ရာတွေ့ရှိကြရမှာဖြစ်ကြောင်း။

ထောက်ပံ့နှင့်ပို့ဆောင်ရေးညွှန်ကြားရေးမှူးရုံးကို ၁၉၄၇ ခုနှစ်၊ နိုဝင်ဘာလတွင် စတင်ဖွဲ့စည်းခဲ့စဉ်က ထောက်ပံ့ရေးတပ်ခွဲ ၁ ခွဲနှင့် တပ်စု ၃ စု၊ ပို့ဆောင်ရေးတပ်ခွဲ ၃ ခွဲနှင့်သာ စတင်ဖွဲ့စည်းနိုင်ခဲ့ခြင်းဖြစ်ကြောင်း၊ ထို့အပြင် တပ်မတော် (ကြည်း၊ ရေ၊ လေ) နှင့် လက်ရုံးတပ်ဖွဲ့များကို တိုးချဲ့ဖွဲ့စည်းလာမှုများအရ ထောက်ပံ့နှင့်ပို့ဆောင်ရေးတပ်ဖွဲ့၏ လုပ်ငန်းတာဝန်များကို အင်ပြည့်အားပြည့် ထမ်းဆောင်နိုင်စေရေးအတွက် ပြင်ဆင်တိုးချဲ့ ဖွဲ့စည်းမှုများကို ဆောင်ရွက်ခဲ့ကြောင်း။

ယင်းသို့ ပြင်ဆင်တိုးချဲ့ဖွဲ့စည်းမှုများကြောင့် လက်ရှိအချိန်တွင် ပင်မထောက်ပံ့နှင့် ပို့ဆောင်ရေးတပ်၊ ရှေ့တန်းအခြေချထောက်ပံ့နှင့်ပို့ဆောင်ရေးတပ်၊ ထောက်ပံ့နှင့်ပို့ဆောင်ရေး တပ်ရင်း/တပ်ခွဲများ၊ မော်တော်ယာဉ်တပ်ရင်း၊ ဝန်တင်တပ်ရင်းများနှင့် သင်တန်းကျောင်းများအပြင် ထောက်ပံ့နှင့်ပို့ဆောင်ရေး စခန်းနှင့် ရိက္ခာဝေစခန်းများကိုလည်း တိုးချဲ့ဖွင့်လှစ်ပြီး တိုင်းစစ်ဌာနချုပ်နယ်မြေများအလိုက် ထိရောက်သည့် ထောက်ပံ့ပို့ဆောင်မှုလုပ်ငန်းများကို ဆောင်ရွက်နေနိုင်ပြီဖြစ်ကြောင်း၊ ထူးခြားမှုတစ်ခုအနေဖြင့် နိုင်ငံတော်အဆင့် အခမ်းအနားများနှင့် နှစ်စဉ်ကျင်းပလျက်ရှိသည့် တပ်မတော်နေ့ စစ်ရေးပြအခမ်းအနားများတွင် ပါဝင်ဆောင်ရွက်နိုင်ရေး ဂုဏ်ပြုမြင်းစီးတပ်ခွဲ ၁ ခွဲကိုလည်း ၂၀၁၇ ခုနှစ်တွင် စတင်ဖွဲ့စည်းနိုင်ခဲ့သည့်အတွက် (၇၂) နှစ်မြောက် တပ်မတော်နေ့စစ်ရေးပြ အခမ်းအနားက စတင်၍ နှစ်စဉ်ပါဝင် ဆောင်ရွက်နိုင်ခဲ့ခြင်းကို တွေ့ရမှာဖြစ်ကြောင်း။

ထောက်ပံ့နှင့်ပို့ဆောင်ရေးတပ်ဖွဲ့အနေဖြင့်တပ်ဖွဲ့၏ ရည်မှန်းချက် တာဝန်များဖြစ်သည့် “ရိက္ခာစက်သုံးဆီထောက်ပံ့ရေး၊ သယ်ယူပို့ဆောင်ရေး၊ ဝန်တင်တိရစ္ဆာန်မွေးမြူဖြည့်တင်းရေးနဲ့ ဆေးကုသရေး ”တာဝန်များကို ကျေပွန်စွာထမ်းဆောင်လျက်ရှိသည်ကို တွေ့ရှိရကြောင်း၊ “ရိက္ခာ/ စက်သုံးဆီထောက်ပံ့ရေး” အပိုင်းတွင်လည်း တပ်မတော်တစ်ရပ်လုံးအတွက် လိုအပ်သည့် ရိက္ခာ၊ စက်သုံးဆီနှင့် စက်ဆီ၊ ချောဆီများကို ထောက်ပံ့နှင့်ပို့ဆောင်ရေးတပ်ဖွဲ့၏ “ ကောင်းမွန်ရမည်၊ ပြည့်ဝရမည်၊ အချိန်မီပို့ဆောင်ရမည်” ဆိုသည့် ဆောင်ပုဒ်နှင့်အညီ ရိက္ခာပစ္စည်းများကိုကောင်းမွန်စွာ အပြည့်အဝဖြင့် အချိန်မီပြန်လည်ထုတ်ပေးနိုင်ရေး အလေးထား ကြပ်မတ်ဆောင်ရွက် ပေးလျက်ရှိကြောင်း။

တပ်မတော်အနေဖြင့် ရိက္ခာတွေထုတ်ပေးရာတွင်လည်း ပြင်ပကသာ ဝယ်ယူဖြည့်တင်းထောက်ပံ့သည့် စနစ်ကနေ ကိုယ်တိုင်ထုတ်လုပ်ဖြည့်တင်း ထောက်ပံ့သည့်စနစ်ကို ဦးတည်ဆောင်ရွက်ခဲ့ရာ ၁၉၉၁ ခုနှစ်မှ ၁၉၉၈ ခုနှစ်အထိ ကာလအတွင်း အမှတ်(၁)စက်မှုဝန်ကြီးဌာန၊ မွေးမြူရေးနှင့်ရေလုပ်ငန်းဝန်ကြီးဌာန၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနတို့မှ စက်ရုံအချို့ကို လွှဲပြောင်းလက်ခံခဲ့ပြီး တပ်မတော်အတွက် လိုအပ်သည့်ရိက္ခာများကို ကိုယ်တိုင်ထုတ်လုပ်မှုဖြင့် စတင် ဆောင်ရွက်ခဲ့ကြောင်း။

လက်ရှိအချိန်တွင် တပ်မတော်လက်ဖက်ခြောက်စက်ရုံ (နမ့်ဆန်) နှင့် (သံတောင်)၊ တပ်မတော်စည်သွတ်စက်ရုံ (သံတွဲ)၊ တပ်မတော်ပုစွန်ငါးပိငံပြာရည်ကြိတ်ခွဲစက်ရုံ (ရန်ကုန်)၊ တပ်မတော်ဘီစကွတ်နှင့် ခေါက်ဆွဲစက်ရုံ (မှော်ဘီ)နှင့် တပ်မတော်ဂျုံစက်ရုံ (ဩဘာ) တို့ကနေ တပ်မတော်အတွက်လိုအပ်သည့် ရိက္ခာအမယ်များကို ထုတ်လုပ်ပေးနေသည့်အပြင် တပ်မတော်ဘီစကွတ်နှင့်ခေါက်ဆွဲစက်ရုံ (မှော်ဘီ)တွင် စစ်ဆင်ရေးနှင့် လုံခြုံရေးတာဝန်ထမ်းဆောင်နေသည့် စစ်သည်များ အသင့်လွယ်ကူစွာ စားသုံးနိုင်ရန် အသင့်စားရိက္ခာ (Meal Ready to Eat Factory) စက်ရုံကို ၂၀၁၈ ခုနှစ်တွင် ထပ်မံတည်ဆောက်ခဲ့ပြီး ၂၀၂၀ ပြည့်နှစ်တွင် အသင့်စားရိက္ခာထုပ် ၆ မျိုးကိုထုတ်လုပ်ပြီး လိုအပ်သည့် စစ်ဆင်ရေးနယ်မြေဒေသအသီးသီးသို့ စတင်ဖြန့်ဖြူးပေးနိုင်ခဲ့တာကို တွေ့ရှိရကြောင်း။

၎င်းအပြင် ၂၀၁၁ ခုနှစ်မှ ၂၀၂၂ ခုနှစ်၊ အောက်တိုဘာလအထိ တပ်မတော် စက်ရုံများက ထုတ်လုပ်သည့် စားသောက်ကုန်ပစ္စည်းတွေကို သက်ဆိုင်ရာ တိုင်းစစ်ဌာနချုပ် နယ်မြေအသီးသီးတွင်ရှိသည့် ထောက်ပံ့နှင့် ပို့ဆောင်ရေးတပ်ရင်းများကနေတစ်ဆင့် တပ်မိသားစုဝင်များ၊ ဌာနဆိုင်ရာ ဝန်ထမ်းများနှင့်ဒေသခံ ပြည်သူလူထုများသို့ သက်သာသည့် ဈေးနှုန်းများဖြင့် ရောင်းချပေးခဲ့ရာတွင် တပ်မတော်စက်ရုံများက ထုတ်လုပ်သည့် လက်ဖက်ခြောက်၊ အချိုခြောက်၊ စည်သွတ်ဘူးမျိုးစုံ၊ ငါးပိ/ငံပြာရည် မျိုးစုံ၊ ဘီစကွတ်နှင့်ခေါက်ဆွဲမျိုးစုံ စုစုပေါင်းကျပ်သန်း ၆,၆၀၀ ဖိုးခန့်အထိ ဖြန့်ဖြူးရောင်းချပေးနိုင်ခဲ့ပြီးတာကို တွေ့ရှိရကြောင်း။

ထောက်ပံ့နှင့်ပို့ဆောင်ရေးတပ်ဖွဲ့၏ အဓိကလုပ်ငန်းတာဝန်တစ်ခုဖြစ်သည့် “သယ်ယူပို့ဆောင်ရေး” ရည်မှန်းချက်တာဝန်ကို ယခင်ကစစ်ကျန်ခေတ်ယာဉ်များ ဖြစ်သည့် အင်္ဂလိပ်၊ အမေရိကန်ခေတ်က ယာဉ်တွေ၊ ဂျပန်နိုင်ငံထုတ် တီအီးမော်တော်ယာဉ်များဖြင့်သာ ပို့ဆောင်ပေးခဲ့ရာမှ မျက်မှောက်ခေတ်ကာလတွင် အီဆူဇူးဒီမတ်၊ တာတာ၊ စီနိုထရပ်၊ မစ်ထရပ်၊ ထရန်စပိုတာဟိုက်ဘတ်စသည့် ခေတ်မီယာဉ်များကို အသုံးပြုပြီး တပ်မတော်တစ်ရပ်လုံး၏ အုပ်ချုပ်ထောက်ပံ့မှုဆိုင်ရာ လုပ်ငန်းများ၊ စစ်ဆင်ရေးနှင့်လုံခြုံရေးတာဝန် ထမ်းဆောင်နေသည့် တပ်ဖွဲ့များအတွက် သယ်ယူပို့ဆောင်ရေးတာဝန်များနှင့် တိုင်းစစ်ဌာနချုပ်အသီးသီးသို့ ရိက္ခာပစ္စည်းစုပုံရေးလုပ်ငန်းများကို အချိန်နှင့်တစ်ပြေးညီ အင်ပြည့်အားပြည့် ပို့ဆောင်ပေးနေခြင်းကို တွေ့ရှိရမှာ ဖြစ်ကြောင်း၊ ထို့အပြင် ထောက်ပံ့နှင့်ပို့ဆောင်ရေးတပ်ဖွဲ့အနေဖြင့် နိုင်ငံတော်နှင့် တပ်မတော်က ကြီးမှူးကျင်းပသည့် အခမ်းအနားတွေမှာ သယ်ယူပို့ဆောင်ရေးလုပ်ငန်းများကို အောင်မြင်စွာဆောင်ရွက်ပေးနိုင် ခဲ့တာကို တွေ့ရှိရမှာဖြစ်ကြောင်း။

ထောက်ပံ့နှင့်ပို့ဆောင်ရေးတပ်ဖွဲ့၏ အဓိကလုပ်ငန်းများထဲတွင် “ဝန်တင်တိရစ္ဆာန်မွေးမြူဖြည့်တင်းရေးနဲ့ ဆေးကုသရေး” သည်လည်း အဓိကကျသည့် လုပ်ငန်းတာဝန်တစ်ရပ်အနေဖြင့် ပါဝင်နေခြင်းဖြစ်ကြောင်း၊ မြန်မာနိုင်ငံ၏ ရေမြေ တောတောင်သဘာဝအနေအထားအရ မော်တော်ယာဉ်၊ လေကြောင်းနှင့် ရေကြောင်းကနေ ပို့ဆောင်နိုင်မှုမရှိသေးသည့် အချို့သောစစ်ဆင်ရေးနယ်မြေဒေသများကို စားနပ်ရိက္ခာ၊ ခဲယမ်းနှင့်အခြားလိုအပ်သည့် ပစ္စည်းများကို ပို့ဆောင်ရာတွင် ဝန်တင်တိရစ္ဆာန်များကို အဓိကအားထားပြီး ပို့ဆောင်နေရဆဲဖြစ်ကြောင်း၊ ထောက်ပံ့နှင့်ပို့ဆောင်ရေးတပ်ဖွဲ့ကို စတင်ဖွဲ့စည်းခဲ့သည့် ၁၉၄၇ ခုနှစ်တွင် ဝန်တင်ပို့ဆောင်မှုအတွက် ဝန်တင်လား အကောင် ၃၀ နှင့်သာ စတင်ဖွဲ့စည်းဆောင်ရွက်နိုင်သော်လည်း လက်ရှိတွင် ဝန်တင်တပ်ရင်း ၅ ရင်းအထိ တိုးချဲ့ဖွင့်လှစ်ပြီး တိုင်းစစ်ဌာနချုပ်များ၏ လိုအပ်သည့်နေရာဒေသများအထိ ရောက်ရှိအောင် ပို့ဆောင်ပေးနိုင်နေပြီဖြစ်ကြောင်း။

ထောက်ပံ့နှင့်ပို့ဆောင်ရေးတပ်ဖွဲ့အနေဖြင့် တပ်ဖွဲ့၏လုပ်ငန်းတာဝန် ထမ်းဆောင်လျက်ရှိသည့် အရာရှိ၊ စစ်သည်များကို သက်ဆိုင်ရာ ပညာရပ်နယ်ပယ်များတွင် ကျွမ်းကျင်မှုရှိစေရန်အတွက် ထောက်ပံ့နှင့်ပို့ဆောင်ရေးသင်တန်းကျောင်း ၂ ကျောင်း၊ တိရစ္ဆာန်မွေးမြူရေးနှင့် လေ့ကျင့်ရေးတပ်ရင်း၊ ပင်မထောက်ပံ့နှင့် ပို့ဆောင်ရေးတပ်များတွင် လိုအပ်သည့်သင်တန်းများကို ဖွင့်လှစ်လေ့ကျင့်သင်ကြားပေးလျက်ရှိကြောင်း။

ဖြတ်သန်းခဲ့ရသည့် ထောက်ပံ့နှင့်ပို့ဆောင်ရေးတပ်ဖွဲ့၏ သမိုင်းတစ်လျှောက် အဓိကကျသည့် ပြည်သူ့အကျိုးပြုလုပ်ငန်းများကို ဆောင်ရွက်နိုင်ခဲ့မှုအနေဖြင့် ၂၀၀၈ ခုနှစ်က ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီးနှင့် မွန်ပြည်နယ်တို့တွင် ဖြစ်ပွားခဲ့သည့် နာဂစ်မုန်တိုင်းကူညီကယ်ဆယ်ရေး၊ ပြန်လည်တည်ဆောက်ရေးလုပ်ငန်းများတွင် မုန်တိုင်းဒဏ်သင့် ဒေသခံပြည်သူများအတွက် လိုအပ်သည့်စားနပ်ရိက္ခာနှင့် အထောက်အကူပြုပစ္စည်းများ သယ်ယူပို့ဆောင်ရေးအတွက် တပ်ဖွဲ့ရှိ အရာရှိ/စစ်သည်များကို ထုတ်နုတ်၍ ယာဉ်စီးရေ ၈၀၀ ကျော်နှင့် ပါဝင်ကူညီဆောင်ရွက်ခဲ့မှု၊ ၂၀၁၅ ခုနှစ်မှ ၂၀၁၉ ခုနှစ်အတွင်း တိုင်းဒေသကြီးနှင့် ပြည်နယ် ၈ ခု တွင် သဘာဝဘေးအန္တရာယ် ဖြစ်ပွားခဲ့သည့် ရေကြီး/ရေလျှံမှုဖြစ်စဉ်များ၊ ၂၀၁၅ ခုနှစ် တာလေဒေသတွင် ဖြစ်ပွားခဲ့သော ငလျင်ဒဏ်ခံစားခဲ့ရသည့် ပြည်သူများကို ဘေးလွတ်ရာသို့ ရွှေ့ပြောင်းပေးမှု၊ ကူညီကယ်ဆယ်ရေးနှင့်ထောက်ပံ့ရေးပစ္စည်းများ ပို့ဆောင်ပေးမှု၊ ထိခိုက်ဒဏ်ရာရရှိသူများကို သက်ဆိုင်ရာ ဆေးရုံ/ဆေးခန်းများသို့ ပို့ဆောင်ပေးမှုများကို တပ်ဖွဲ့ရှိ အရာရှိ/စစ်သည်များက ယာဉ်စီးရေ ၇၀၀ ကျော်ဖြင့် ပါဝင်ကူညီ ဆောင်ရွက်ပေးနိုင်ခဲ့ခြင်းများကို တွေ့ရှိရမှာဖြစ်ကြောင်း။

ထို့အပြင် တစ်ကမ္ဘာလုံး ကပ်ရောဂါအသွင်ကြုံတွေ့ခဲ့ရသည့် ကိုဗစ်-၁၉ ကပ်ရောဂါ မြန်မာပြည်တွင် ဖြစ်ပွားမှုမြင့်တက်ခဲ့သည့် ကာလအတွင်းတွင်လည်း ဆေးရုံသုံးပစ္စည်းများ၊ ကျန်းမာရေးဆိုင်ရာပစ္စည်းများ၊ ထောက်ပံ့ရေးပစ္စည်းများကို တိုင်းဒေသကြီးများနှင့် ပြည်နယ်အသီးသီးသို့ မော်တော်ယာဉ်စီးရေ ၅၀၀ ကျော်ဖြင့် အချိန်မီပို့ဆောင်ပေးနိုင်ခဲ့သည့်အပြင် ပြည်ပမှမြန်မာနိုင်ငံအတွင်းသို့ ပြန်လည်ဝင် ရောက်လာခဲ့ကြသည့် နေရပ်ပြန်ပြည်သူများကိုလည်း သက်ဆိုင်ရာ နေရပ်ဒေသအသီးသီးသို့ ပြန်လည်ပို့ဆောင်ပေးနိုင်ခဲ့ကြောင်း၊ ဆက်လက်ပြီး ကိုဗစ်-၁၉ ရောဂါ ကုသရေးစင်တာများတွင် တက်ရောက်ကုသခဲ့ကြရသည့် လူနာများကို တပ်ဖွဲ့ရှိ အရာရှိ/စစ်သည်များ ထုတ်နုတ်ပြီး ချက်ပြုတ်ကျွေးမွေးရေးတွင် ကူညီဆောင်ရွက်ပေးခဲ့ကြသည့်အတွက် ဒေသခံပြည်သူလူထုများ ဘေးဒုက္ခအန္တရာယ်၊ အခက်အခဲများနှင့် ရင်ဆိုင်ကြုံတွေ့နေရသည့် အချိန်များတွင်လည်း ထောက်ပံ့နှင့်ပို့ဆောင်ရေး တပ်ဖွဲ့ဝင်များအနေဖြင့် မိမိတို့ကျရာအခန်းကဏ္ဍကနေ ထိထိရောက်ရောက် ပါဝင်ကူညီဆောင်ရွက်ပေးနိုင်ခဲ့ခြင်းများကိုလည်း ဂုဏ်ယူဖွယ်ရာတွေ့ရှိရမှာ ဖြစ်ကြောင်း။

ထောက်ပံ့နှင့်ပို့ဆောင်ရေးတပ်ဖွဲ့၏ ဖြတ်သန်းခဲ့ရသည့် (၇၅)နှစ်တာ စိန်ရတုကာလအတွင်းတွင် နိုင်ငံတော်အတွက်ထူးကဲစွာ အကျိုးဆောင်ခဲ့ကြသူများကို ချီးမြှင့်သည့် စည်သူဘွဲ့၊ ဇာနည်ဘွဲ့၊ ဇေယျကျော်ထင်ဘွဲ့များကို ၁၃ ဦးတိတိ ချီးမြှင့်ခြင်းခံခဲ့ရသလို တပ်မတော်တွင် သူရသတ္တိပြောင်မြောက်စွာ စွမ်းစွမ်းတမံ ဆောင်ရွက်ခဲ့ကြသည့် အရာရှိ၊ စစ်သည်များအတွက် သီဟသူရဘွဲ့ ၁ ဦး၊ သူရဘွဲ့ ၃ ဦး၊ သူရဲကောင်းမှတ်တမ်းဝင်တံဆိပ် ၉ ဦး၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၏ သူရဲကောင်းလက်မှတ် ၂၀ ဦး၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၏ ဂုဏ်ထူးဆောင် လက်မှတ် ၂၀ ဦးကို အသီးသီးဂုဏ်ပြုချီးမြှင့်ခံခဲ့ရပြီး စစ်စည်းကမ်းကောင်းမွန်စွာနှင့် ပေးအပ်သည့်တာဝန်များကို ကျေပွန်စွာထမ်းဆောင်နိုင်ခဲ့မှုကြောင့်လည်း တပ်မတော်၏ ရွှေရတုတံဆိပ်ရရှိခဲ့သူ ၁,၁၆၇ ဦးနှင့် စိန်ရတုတံဆိပ်ရရှိခဲ့သူ ၂,၆၈၃ ဦးရှိခဲ့တာကို တွေ့ရှိရမှာဖြစ်ကြောင်း၊ ထို့အပြင် စီမံထူးချွန်တံဆိပ်၊ လူမှုထူးချွန်တံဆိပ်နှင့် ပြည်သူ့ သားကောင်းတံဆိပ်ရရှိသူများအပါအဝင် စုစုပေါင်း အရာရှိ၊ စစ်သည် ၃,၉၃၂ ဦးအထိ ဂုဏ်ပြုချီးမြှင့်ခြင်းခံခဲ့ရသည်ကို တွေ့ရှိရသည့်အတွက် ၎င်းအရာရှိ၊ စစ်သည်များ၏ တာဝန်ကျေပွန်စွာ ထမ်းဆောင်ခဲ့မှုများအတွက်လည်း မှတ်တမ်းတင်ဂုဏ်ယူပါကြောင်း။

ထောက်ပံ့နှင့်ပို့ဆောင်ရေးတပ်ဖွဲ့အနေဖြင့် လွတ်လပ်ရေးကြိုးပမ်းမှုကာလကပင် တပ်မတော်နှင့်အတူ ပေါက်ဖွားလာခဲ့သည့် တပ်ဖွဲ့တစ်ခုဖြစ်သည်နှင့်အညီ ခေတ်အဆက်ဆက်တွင်လည်း တိုင်းပြည်နှင့် လူမျိုး၏ အကျိုး၊ တပ်မတော်၏အကျိုးကို စွမ်းစွမ်းတမံဆောင်ရွက်နိုင်ခဲ့သလို တပ်ဖွဲ့၏ အဓိကရည်မှန်းချက် တာဝန်များနှင့် အထက်ကပေးအပ်လာသည့် တာဝန်များကို ဦးလည်မသုန် ကျေပွန်စွာထမ်းရွက်နိုင်ခဲ့ကြ တယ်ဆိုတာကို ကြိမ်ဖန်များစွာ သက်သေပြခဲ့ပြီးဖြစ်ကြောင်း၊ နောင်လာမည့် အနာဂတ်တွင်လည်း နိုင်ငံတော်နှင့်တပ်မတော်၏ ရည်မှန်းချက်တာဝန်များကို တပ်ဖွဲ့ဝင်အရာရှိ၊ စစ်သည်အဆင့်အတန်းအားလုံးက ဆက်လက်အောင်မြင်အောင် ကြိုးစားအကောင်အထည်ဖော် ဆောင်ရွက်နိုင်ကြပါစေကြောင်းနှင့် ထောက်ပံ့နှင့်ပို့ဆောင်ရေးတပ်ဖွဲ့၏ စိန်ရတုနေ့ အထိမ်းအမှတ်မှသည် နောင်နှစ်ပေါင်းများစွာတိုင်အောင် အဓွန့်ရှည်တည်တံ့ပါစေရန် ဆုမွန်ကောင်းပို့သပါကြောင်းဖြင့် ပြောကြားသည်။

ယင်းနောက် ထောက်ပံ့နှင့်ပို့ဆောင်ရေးညွှန်ကြားရေးမှူး ဗိုလ်ချုပ်ဝင်းမြတ်က ထောက်ပံ့နှင့်ပို့ဆောင်ရေးတပ်ဖွဲ့ သမိုင်းအကျဉ်းချုပ်ကို ရှင်းလင်းတင်ပြပြီး (၇၅) နှစ်မြောက် စိန်ရတု ထောက်ပံ့နှင့်ပို့ဆောင်ရေးတပ်ဖွဲ့နေ့ အထိမ်းအမှတ် မှတ်တမ်း Documentary Video ကို ပြသသည်။ထို့နောက် (၇၅) နှစ်မြောက်စိန်ရတု ထောက်ပံ့နှင့် ပို့ဆောင်ရေးတပ်ဖွဲ့နေ့ ဂုဏ်ပြုသီချင်းဖြင့် ထောက်ပံ့နှင့်ပို့ဆောင်ရေးတပ်ဖွဲ့ဝင်များက ဖျော်ဖြေတင်ဆက်သည်။

ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း)ထံ ထောက်ပံ့နှင့် ပို့ဆောင်ရေးညွှန်ကြားရေးမှူးက (၇၅) နှစ်မြောက်စိန်ရတု ထောက်ပံ့နှင့်ပို့ဆောင်ရေး တပ်ဖွဲ့နေ့ အထိမ်းအမှတ်လက်ဆောင်ကို ဂါရဝပြုပေးအပ်သည်။

ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ် (ကြည်း) က တက်ရောက် လာကြသည့် အငြိမ်းစားထောက်ပံ့နှင့်ပို့ဆောင်ရေးတပ်ဖွဲ့ဝင် အရာရှိကြီးများအား ရင်းရင်းနှီးနှီး နှုတ်ဆက်စကားပြောကြားပြီး တက်ရောက်လာကြသူများနှင့်အတူ (၇၅) နှစ်မြောက် စိန်ရတု ထောက်ပံ့နှင့်ပို့ဆောင်ရေးတပ်ဖွဲ့နေ့ အထိမ်းအမှတ်ပြခန်းအတွင်း လှည့်လည်ကြည့်ရှုခဲ့ကြကြောင်း သတင်းရရှိသည်။

No comments:

Post a Comment