နေပြည်တော် နိုဝင်ဘာ ၂၁
ဆောက်လုပ်ရေးဝန်ကြီးဌာန နှစ်ပတ်လည်နေ့ အထိမ်းအမှတ် နည်းပညာဆိုင်ရာသုတေသနစာတမ်း ဖတ်ပွဲ အခမ်းအနားကို ယနေ့နံနက် ၁၀ နာရီတွင် နေပြည်တော် ဆောက်လုပ်ရေးဝန်ကြီးဌာန စုဝေးခန်းမ၌ ကျင်းပသည်။
အခမ်းအနားသို့ ဆောက်လုပ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမျိုးသန့်၊ ဒုတိယဝန်ကြီး ဦးဝင်းဖေ၊ အမြဲတမ်းအတွင်းဝန် ဦးဝဏ္ဏဇော်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူး ချုပ်များ၊ အင်ဂျင်နီယာချုပ်များ၊ ညွှန်ကြားရေးမှူးများ၊ စာတမ်းရှင်များ၊ တာဝန်ရှိသူများ တက်ရောက်ကြပြီး တိုင်းဒေသကြီး/ပြည်နယ် ညွှန်ကြားရေးမှူးများက ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့် တက်ရောက်ကြသည်။
အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီး ဦးမျိုးသန့်က ဆောက်လုပ်ရေးဝန်ကြီးဌာနကို အဆောက်အဦ၊ လမ်း၊ တံတား၊ မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနများနှင့် ဖွဲ့စည်းထားသည်နှင့်အညီ နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးအတွက် အခြေခံအုတ်မြစ်ဖြစ်သော တည်ဆောက်ရေးလုပ်ငန်းများတွင် အတွေ့အကြုံကောင်းများစွာရရှိပြီးသော အဖွဲ့အစည်းတစ်ခုဖြစ်ပါကြောင်း၊ လုပ်ငန်းခွင် အသီးသီးတွင် ဆောင်ရွက်နေကြသော ဝန်ထမ်းများ အတွက် အတွေ့အကြုံကောင်းများကို မျှဝေပေးနိုင်ရန် ရည်ရွယ်သလို ဆန်းသစ်တီထွင် ဖန်တီးတွေးခေါ် ကြံဆမှုများကို ပြုစုပျိုးထောင်ပေးပြီး တွေ့ရှိလာသည့် တိုးတက်လာသော နည်းပညာဆိုင်ရာပညာရပ်များ၊ အတွေ့အကြုံများ၊ သတင်းအချက်အလက်နှင့် သုတေသန တွေ့ရှိချက်များကို ဆွေးနွေးနှီးနှော ဖလှယ်ရန် ရည်ရွယ်ပြီး နည်းပညာဆိုင်ရာ သုတေသန စာတမ်းဖတ်ပွဲကို ကျင်းပပြုလုပ်ခြင်းဖြစ်ပါကြောင်း။
ယနေ့စာတမ်းဖတ်ပွဲအတွက် အကြိုတင်ပြလာသော စာတမ်းများအနက် ပထမဦးစားပေးအဖြစ် စာတမ်းကိုးစောင်ကိုသာ ဖတ်ကြားရန် ရွေးချယ်ခဲ့ပြီး ကျန်ရှိသည့် စာတမ်းများအတွက် နောက်ထပ်ပြုလုပ်မည့် စာတမ်းဖတ်ပွဲတွင် စာတမ်းရှင်များအနေဖြင့် ဆက်လက်ကြိုးစား ပေးစေလိုပါကြောင်း။
ယနေ့ဖတ်ကြားမည့် စာတမ်းများသည် ဝန်ကြီး ဌာန၏ ပညာရပ်ဆိုင်ရာ အကျိုးပြုမည့် စာတမ်းများ ဖြစ်သလို တည်ဆောက်ရေးကဏ္ဍအတွက် မှီငြမ်းအသုံးပြုနိုင်သော အားထားစရာစာတမ်းများအဖြစ် ဂုဏ်ယူဝမ်းမြောက်စွာ တွေ့ရှိရပါကြောင်း။
နည်းပညာဆိုင်ရာ ပိုမိုဖွံ့ဖြိုးတိုးတက်လာစေရေးအတွက် သုတေသနပြုစာတမ်းများ ပိုမိုကျယ်ပြန့်စွာ ဖတ်ကြားလာနိုင်စေရေး ကြိုးပမ်းဆောင်ရွက်ရန်နှင့် ယခုစာတမ်းဖတ်ပွဲ၏ ရည်ရွယ်ချက်အတိုင်း ဝန်ကြီးဌာန၏ ဝန်ထမ်းကောင်းများ၊ ပညာရှင်များပျိုးထောင် မွေးထုတ်ပေးပြီး နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးအတွက် အကျိုးပြုလုပ်ငန်းများကို ဆက်လက်လုပ်ဆောင်ကြရန် တိုက်တွန်းပါကြောင်း ပြောကြားသည်။
ထို့နောက် Moderator အဖြစ် ဆောင်ရွက်သည့် လမ်းဦးစီးဌာန အင်ဂျင်နီယာချုပ် ဦးကြည်သွင်ဦးက နည်းပညာဆိုင်ရာ သုတေသနစာတမ်းဖတ်ပွဲတွင် စာတမ်းရှင်များ လိုက်နာရမည့် စည်းမျဉ်း၊ စည်းကမ်းများနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြသည်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီးရုံး၊ အဆောက် အဦ၊ လမ်း၊ တံတားနှင့် မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေး ဦးစီးဌာနတို့မှ စာတမ်းရှင်များက ၎င်းတို့၏ နည်းပညာဆိုင်ရာ သုတေသနစာတမ်းများကို သက်ဆိုင်ရာ ခေါင်းစဉ်အလိုက် ရှင်းလင်းဖတ်ကြားကြပြီး ပြည်ထောင်စုဝန်ကြီးနှင့် တက်ရောက် လာသည့် အရာထမ်း၊ အမှုထမ်းများက သိရှိလိုသည်များကို အပြန်အလှန် မေးမြန်းဆွေးနွေး ခဲ့ကြကြောင်း သိရသည်။
သတင်းစဉ်
No comments:
Post a Comment