Sunday, November 27, 2022

တက်ကြွသောအင်အားများဖြင့် နိုင်ငံ့စီးပွားမြင့်မားတိုးတက်ရေး

 

နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးဖော်ဆောင်ရာတွင် အဆုံးအဖြတ်ပေးနိုင်သည့် အကြောင်းတရားများသည် ပြည်ပတွင်မရှိဘဲ ပြည်တွင်း၌သာရှိနေသည်ဟု ပညာရှင်တို့က ဆိုကြသည်။ နိုင်ငံတစ်နိုင်ငံဆင်းရဲနွမ်းပါးနေသည်ကို လေ့လာကြည့်လျှင် ယင်းနိုင်ငံသည် မိမိတွင်ရှိနေသော ငွေကြေးအင်အား၊ ရုပ်ဝတ္ထုအင်အားနှင့် လူအင်အားတို့ကို နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက် အကျိုးရှိရှိ ထိထိရောက်ရောက် မစုစည်း၊ မသုံးစွဲနိုင်သည်ကို တွေ့မြင်ရမည်ဖြစ်သည်ဟူ၍လည်း အဆိုရှိသည်။

ယခုအခါ မိမိတို့နိုင်ငံ၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်အောင်ဆောင်ရွက်ရာတွင် ပြင်ပအကြောင်းအရာများဖြစ်သည့် ကိုဗစ်-၁၉ကမ္ဘာ့ကပ်ရောဂါနှင့် ကမ္ဘာ့အင်အားကြီးနိုင်ငံများ အကြား စစ်ရေး၊ နိုင်ငံရေးအားပြိုင်မှုများ၊ ကမ္ဘာ့ရွှေဈေး၊ ရေနံဈေးမတည်ငြိမ်မှုများမှတစ်ဆင့် အထွေထွေကုန်ဈေးနှုန်းများမြင့်တက်လာခြင်း၊ အမေရိကန်ဒေါ်လာငွေကြေးတန်ဖိုး မြင့်တက်ခြင်းကြောင့် အခြားနိုင်ငံများ၏ ပြည်တွင်းသုံးငွေတန်ဖိုးကျဆင်းမှုများ ဖြစ်ပေါ်ခဲ့ခြင်းစသည့်ဖြစ်စဉ်များကြောင့် အခက်အခဲများ၊ စိန်ခေါ်မှုများကိုကြုံတွေ့ခဲ့ရသည်။ ဤတွင် ပြင်ပအကြောင်းတရားများဟူသည် မိမိတို့ပြုပြင်ဖန်တီး၍မရနိုင်သော အရာများပင်ဖြစ်ပြီး ပြည်တွင်းအားဖြစ်သည့် ငွေကြေးဓနအင်အား၊ ရုပ်ဝတ္ထုအင်အားနှင့် လူ အင်အားတို့ကသာ မိမိတို့ပိုင်၊ မိမိတို့ဖန်တီးနိုင်သောအရာများဖြစ်သည့်အလျောက် ပြည်တွင်းအားကိုသာ စုစည်းရယူသုံးစွဲသွားရမည်ဖြစ်သည်။

“မိမိတို့အနေဖြင့် မည်သည့်စိန်ခေါ်မှုပင်ရှိပါစေ ပြည်တွင်းအားသည် ပြည်တွင်း၌သာရှိသည် ဟူသည့် ခံယူချက်ဖြင့် မိမိတို့၏ အမျိုးသားရေးမူဝါဒနှစ်ရပ်ဖြစ်သည့် တိုင်းပြည် သာယာဝပြောရေးနှင့် စားရေရိက္ခာဖူလုံရေးတို့ကိုဦးတည် ကြိုးပမ်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း” နိုင်ငံတော်အကြီးအကဲ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ဘဏ္ဍာရေးဆိုင်ရာကော်မရှင်အစည်းအဝေး အမှတ်စဉ်(၂/၂၀၂၂)တွင်ပြောကြားခဲ့ပြီး ယခုဘဏ္ဍာရေးနှစ်နှင့် လာမည့်ဘဏ္ဍာရေးနှစ် တို့အတွင်း ပြည်သူများ၏ လူမှုစီးပွားရေးဘဝများ အလျင်အမြန် ပြန်လည်တိုးတက်လာစေရေးအတွက် စိုက်ပျိုးမွေးမြူရေးနှင့် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများအား ပေးမြှင့်တင်သွားရန်၊ အသေးစား၊ အငယ်စား၊ အလတ်စား စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရေးအားပေးသွားရန်၊ ပြည်ပမှကုန်ပစ္စည်းများ မှာယူတင်သွင်းနေရသည်များကို အတတ်နိုင်ဆုံးလျှော့ချပြီး ပြည်တွင်းထုတ်ကုန်များကို အစားထိုးသုံးစွဲနိုင်ရေးအတွက် ရည်မှန်းဆောင်ရွက်သွားကြရန်လည်း ထည့်သွင်းမှာကြားခဲ့သည်။

ဓန၊ ရုပ်ဝတ္ထုနှင့် လူဟူသောပြည်တွင်းအရင်းအမြစ် အင်အားသုံးရပ်တွင် လူသားအရင်းအမြစ်က အရင်းခံအကျဆုံးဖြစ်သည်။ နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးဆောင်ရွက်ရာတွင် လူ့စွမ်းအားအရင်းအမြစ်ကိုစုစည်းကာ ထိရောက်စွာအသုံးချနိုင်ခြင်းအားဖြင့် ကျန်အရင်းအမြစ်နှစ်ရပ်ကိုလည်း အကျိုးရှိဆုံးအသုံးချလာနိုင်မည်ဖြစ်သည်။ လူ့စွမ်းအားအရင်းအမြစ်ဟုဆိုရာတွင် အတတ်ပညာ၊ နည်းပညာနှင့် ကျွမ်းကျင်မှုပြည့်ဝသည့် တန်ဖိုးမြင့်လူသားအရင်းအမြစ်အဖြစ်လိုအပ်သည်သာမက ပြည်သူတစ်ရပ်လုံးက တက်ကြွသောအင်အား (Dynamic Force) များဖြစ်လာသည်နှင့်အမျှ နိုင်ငံဖွံ့ဖြိုး တိုးတက်ရေးတွင် အရှိန်အဟုန်မြင့်မားလာနိုင်မည်ဖြစ်ပါကြောင်း။    

မြန်မာ့အလင်းအယ်ဒီတာ့အာဘော်

No comments:

Post a Comment