Sunday, November 27, 2022

ချစ်ကြည်ရင်းနှီးမှုဖြင့လုံခြုံမှုတည်ဆောက်

 

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးအား ဘင်္ဂလားဒေ့ရှ်ပြည်သူ့သမ္မတနိုင်ငံ နယ်ခြားစောင့်တပ်ဖွဲ့များ၏ ညွှန်ကြားရေးမှူးချုပ်နှင့် အဆင့်မြင့်အရာရှိကြီးများက နိုဝင်ဘာလ ၂၅ ရက်နေ့တွင် လာရောက်တွေ့ဆုံပြီး နှစ်နိုင်ငံနယ်စပ်လုံခြုံရေးနှင့် တရားဥပဒေစိုးမိုးရေး၊ အကြမ်းဖက်မှုတိုက်ဖျက်ရေး၊ တရားမဝင်နယ်စပ်ဖြတ်ကျော်ဝင်ရောက်နေမှုများ တားဆီးနှိမ်နင်းရေး၊ နယ်မြေသတင်းအချက်အလက်များ အချိန်နှင့်တစ်ပြေးညီဖလှယ်ရေးတို့ကို ဆွေးနွေးခဲ့ကြသည်။

မြန်မာ-ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံနယ်ခြားစောင့်တပ်ဖွဲ့များ၏ (၈)ကြိမ်မြောက် အဆင့်မြင့်အရာရှိကြီးအဆင့်အစည်းအဝေးကို နိုဝင်ဘာလ ၂၄ ရက်နှင့် ၂၅ ရက်တို့ တွင်ကျင်းပခဲ့ရာ နှစ်ဖက်ပူးပေါင်းဆောင်ရွက်ရေးကိစ္စရပ်များနှင့်ပတ်သက်၍ ဆွေးနွေးသဘောတူညီမှုများရရှိခဲ့သည်။ အစည်းအဝေးတွင် မြန်မာဘက်မှ အဆင့်မြင့်အရာရှိကြီး ၁၅ ဦးနှင့် ဘင်္ဂလားဒေ့ရှ်ဘက်မှ အဆင့်မြင့်အရာရှိကြီး ၁၁ ဦးတို့ ဆွေးနွေးညှိနှိုင်းခဲ့ကြပြီး သဘောတူညီမှုရလဒ်များကို လက်မှတ်ရေးထိုး၍ အပြန်အလှန်လဲလှယ်ခဲ့ကြကာ မီဒီယာများကိုအသိပေးချပြခဲ့သည်။ နှစ်နိုင်ငံ နယ်စပ်ဒေသလုံခြုံရေးနှင့်တရားဥပဒေစိုးမိုးရေးတို့ကိုဆောင်ရွက်ရာတွင် အားနည်း ချက်များကြောင့် ဖြစ်ပေါ်လာမည့်နောက်ဆက်တွဲရလဒ်များနှင့်ပတ်သက်၍ ကြိုတင်‌ မြော်တွေးသုံးသပ်ခဲ့ကြပြီး ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းအစီအမံများနှင့် အကြမ်းဖက်မှု တိုက်ဖျက်ရေး၊ မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေး၊ ချစ်ကြည်ရင်းနှီးမှု မြှင့်တင်ရေးတို့နှင့်ပတ်သက်၍ ပူးပေါင်းဆောင်ရွက်ရန် အချက် ၁၄ ချက်ကိုသဘော တူညီခဲ့သည်။

နှစ်နိုင်ငံနယ်ခြားစောင့်တပ်ဖွဲ့များအစည်းအဝေးတွင် အစဉ်အဆက်ဖြစ်ပေါ်ခဲ့သည့် နယ်ခြားပြဿနာအမျိုးမျိုးတို့ကို ဖြေရှင်းနိုင်ရန် ရလဒ်ကောင်းများကို ရယူနိုင်ခဲ့သည်။ မြန်မာ-ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံနယ်စပ်တွင် အဓိကဖြစ်ပေါ်လေ့ရှိသည့် နယ်စပ်ဖြတ်ကျော်သွားလာမှုများနှင့် နှစ်နိုင်ငံနယ်နိမိတ်ကို တရားမဝင်ဖြတ်ကျော်သည့် ခိုးဝင်/ခိုးထွက်မှုများကိုအကြောင်းခံ၍ မူးယစ်ဆေးဝါးသယ်ဆောင်ရောင်းဝယ်မှုများ၊ အကြမ်းဖက်အုပ်စုနှင့် ရာဇဝတ်ဂိုဏ်းများ၏ နိုင်ငံဖြတ်ကျော်ပြစ်မှုကျူးလွန်မှုများ မကြာခဏပေါ်ပေါက်လေ့ရှိသည်ကို တွေ့ရမည်ဖြစ်သည်။ ယင်းတို့ကို ကာကွယ်တိုက်ဖျက်ရန်အတွက် နယ်စပ်ဒေသလုံခြုံရေးနှင့် တရားဥပဒေစိုးမိုးရေးလုပ်ငန်းစဉ်များကို ပိုမိုမြှင့်တင်ဆောင်ရွက်နိုင်ရန် နှစ်နိုင်ငံလုံခြုံရေးတပ်ဖွဲ့ဝင်များ ပူးပေါင်းလက်တွဲဆောင်ရွက်နိုင်ခြင်းသည် နယ်စပ်ဒေသလုံခြုံရေးသာမက ဒေသတွင်းလုံခြုံမှုကိုပါ အထောက်အကူပြုနိုင်သည့်အပြင် ချစ်ကြည်ရင်းနှီးမှု တိုးတက်ခိုင်မာလာမည်ဖြစ်သည်။

နှစ်နိုင်ငံနယ်နိမိတ်တစ်လျှောက် ကုန်းမြေနှင့်မြစ်ကြောင်းအတွင်း ပူးတွဲကင်းလှည့်မှုများ ဆောင်ရွက်နိုင်သဖြင့် လုံခြုံစိတ်ချမှုပိုမိုကောင်းမွန်လာမည်ဖြစ်သည်။ ယခုကဲ့သို့ အစည်းအဝေးများကို နှစ်ဖက်သဘောတူညီခဲ့သည့်အတိုင်း တပ်ရင်းမှူးများအဆင့်၊ အဆင့်မြင့်အရာရှိကြီးများအဆင့်၊ ဒေသကွပ်ကဲမှုအဆင့်အစည်းအဝေးများကို လစဉ်၊ နှစ်စဉ် ကျင်းပနိုင်မည်ဖြစ်သည်။ ဘင်္ဂလားဒေ့ရှ်နိုင်ငံအနေဖြင့် နိုင်ငံပိုင်နက်နယ်မြေကိုအသုံးချ၍ အခြားနိုင်ငံအပေါ်ဆန့်ကျင်မည့် မည်သည့်အုပ်စုကိုမဆို ခွင့်ပြုသွားမည်မဟုတ်ဘဲ ရှာဖွေစုံစမ်း၊ ပိတ်ဆို့တားဆီးနှိမ်နင်းရန်နှင့် နယ်စပ်ဖြတ်ကျော်ရာဇဝတ်ဂိုဏ်းများအား ကြိုတင်တားဆီးကာကွယ်သွားမည့်ဆုံးဖြတ်ချက်သည် နှစ်နိုင်ငံချစ်ကြည်ရေးကို အလေးထားရှေးရှုသဖြင့် လှိုက်လှိုက်လှဲလှဲ ကြိုဆိုရမည်ဖြစ်သည်။ အကြမ်းဖက်သမားများ၏ ခြိမ်းခြောက်နှောင့်ယှက်မှုများသည် မူးယစ်ဆေးဝါးနှင့် တရားမဝင်နယ်စပ်ဖြတ်ကျော် ခိုးဝင်မှု များကိုဖြစ်စေသဖြင့် ပူးပေါင်းဆောင်ရွက်မှုလုပ်ငန်းစဉ်များကိုထိရောက်စွာ အဆက်မပြတ်ဆောင်ရွက်သွားမည်ဖြစ်သည်။ ထို့အပြင် နှစ်နိုင်ငံယုံကြည်မှုကို တိုးမြှင့်နိုင်ရန်အတွက် အပြန်အလှန်လည်ပတ်ခြင်း၊ အားကစားပြိုင်ပွဲများကျင်းပခြင်းနှင့် တွေ့ဆုံဆွေးနွေးမှုများကို အခါအားလျော်စွာပြုလုပ်သွားရန် သဘောတူညီထားပြီးဖြစ်ရာ ယင်းတို့ကို ယခုနှစ်တွင် စတင်အကောင်အထည်ဖော်မည်ဖြစ်သည်။

မြန်မာနိုင်ငံသည် အိမ်နီးချင်းနိုင်ငံများနှင့် ငြိမ်းချမ်းစွာအတူယှဉ်တွဲနေထိုင်လျက်ရှိပြီး ပြည်တွင်းတည်ငြိမ်အေးချမ်းရေး၊ နယ်စပ်ဒေသများလုံခြုံစိတ်ချပြီး အေးချမ်းသာယာရေး၊ ဒေသတွင်းတည်ငြိမ်အေးချမ်းမှုများကို အလေးထားဆောင်ရွက်လျက်ရှိသည်။ ပြည်တွင်း၌ လွတ်လပ်ရေးနှင့်အတူဖြစ်ပေါ်လာသော တိုင်းရင်းသားလက်နက်ကိုင်ပဋိပက္ခများ ချုပ်ငြိမ်းသွားအောင် ငြိမ်းချမ်းရေးကို အလေးထားဆောင်ရွက်နေသည်။ ထို့အပြင် ၂၀၂၀ ပြည့်နှစ် ရွေးကောက်ပွဲကိုအကြောင်းပြု၍ ဖြစ်ပေါ်လာသော ပြည်တွင်းလက်နက်ကိုင် အကြမ်းဖက်သောင်းကျန်းမှုများကို ရှင်းလင်းဖယ်ရှားလျက်ရှိသည်။ မြန်မာနိုင်ငံ အနောက်ဘက်ခြမ်းရှိ နှစ်နိုင်ငံနယ်စပ်ဒေသလုံခြုံရေးအခြေအနေကို အကြောင်းပြု၍ ဖြစ်ပေါ်လာသော နယ်စပ်ဒေသလုံခြုံရေးချိုးဖောက်မှုပြဿနာများကို နှစ်နိုင်ငံပူးပေါင်း ဆောင်ရွက်နိုင်မှုသည် တည်ငြိမ်အေးချမ်းမှုအတွက် အထောက်အပံ့ကောင်းများဖြစ်သည်။

သို့ဖြစ်ရာ ပြည်တွင်းတည်ငြိမ်အေးချမ်းမှု၊ တရားဥပဒေစိုးမိုးမှုနှင့် နှစ်နိုင်ငံ နယ်နိမိတ်တစ်လျှောက် လုံခြုံစိတ်ချမှုရှိပြီး နှစ်နိုင်ငံချစ်ကြည်ရင်းနှီးမှုကို ပိုမို တိုးတက်ဖြစ်ထွန်းစေမည့် လုံခြုံရေးဆိုင်ရာပူးပေါင်းဆောင်ရွက်မှုရလဒ်ကောင်းများကို အလေးအနက်ကြိုဆိုပါကြောင်း။         

ကြေးမုံအယ်ဒီတာ့အာဘော်

No comments:

Post a Comment