နေပြည်တော် နိုဝင်ဘာ ၂၁
အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလှိုင်သည် ယနေ့ မွန်းလွဲ ၂ နာရီခွဲတွင် ကျင်းပသည့် တရုတ်-အိန္ဒိယ သမုဒ္ဒရာဒေသ ဖွံ့ဖြိုးတိုးတက်ရေးနှင့် ပူးပေါင်းဆောင်ရွက်ရေးဖိုရမ်သို့ ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့် တက်ရောက်သည်။
ပါဝင်တက်ရောက်
အဆိုပါဖိုရမ်တွင် တရုတ်ပြည်သူ့သမ္မတနိုင်ငံ တရုတ်အပြည်ပြည်ဆိုင်ရာ ဖွံ့ဖြိုးတိုးတက်မှု ပူးပေါင်းဆောင်ရွက်ရေး အေဂျင်စီ၏ဥက္ကဋ္ဌ Mr. Luo Zhaohui က သဘာပတိအဖြစ် ဆောင်ရွက်ပြီး ယူနန်ပြည်နယ် ပြည်သူ့အစိုးရ၏ အုပ်ချုပ်ရေးမှူး Mr. Wang Yubo က ဒုတိယ သဘာပတိအဖြစ် ဆောင်ရွက်ခဲ့သည်။ ဖိုရမ်ကို “Development for All, Theories and Practices from the Perspective of Blue Economy” ခေါင်းစဉ်ဖြင့် အဏ္ဏဝါစီးပွားရေးဆိုင်ရာ အလားအလာနှင့် စိန်ခေါ်မှုများအပိုင်းနှင့် အဏ္ဏဝါစီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုအပိုင်းဟူ၍ အပိုင်း(၂)ပိုင်းခွဲ၍ ကျင်းပခဲ့ပြီးဖိုရမ်သို့ နိုင်ငံပေါင်း ၂၀ နှင့် Think Tank အဖွဲ့အစည်းများမှ သမ္မတဟောင်း၊ ဝန်ကြီး၊ ဒုတိယဝန်ကြီး၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ် အဆင့်ရှိသူများနှင့် ကိုယ်စားလှယ်များ ပါဝင်တက်ရောက်ခဲ့ကြ သည်။
အကျိုးကျေးဇူးများဖြစ်ထွန်း
ဖိုရမ်၏ ပထမပိုင်းတွင် ကြိုတင်ရိုက်ကူးထားသော ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလှိုင်၏ ဗီဒီယိုမိန့်ခွန်းကို ဖွင့်လှစ်ပြသသည်။ ပြည်ထောင်စုဝန်ကြီး၏ မိန့်ခွန်းတွင် ဖိုရမ်ဖြစ်မြောက်ရေး စီစဉ်ဆောင်ရွက်ပေးခဲ့သည့် တရုတ်အပြည်ပြည်ဆိုင်ရာ ဖွံ့ဖြိုးတိုးတက်မှု ပူးပေါင်းဆောင်ရွက် ရေးအေဂျင်စီနှင့် ယူနန်ပြည်နယ် ပြည်သူ့အစိုးရတို့အား ကျေးဇူးတင်ရှိပါကြောင်း၊ ယခုဖိုရမ်ကို တရုတ်-အိန္ဒိယသမုဒ္ဒရာဒေသရှိ စီးပွားရေးနှင့် ကုန်သွယ်ရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု များကို အဆင့်မြင့်မားလာစေရေး ပိုမိုကျယ်ပြန့်စွာ ဆောင်ရွက်နိုင်ရန်နှင့် ကမ္ဘာလုံးဆိုင်ရာဖွံ့ဖြိုး တိုးတက်ရေး၊ အဏ္ဏဝါစီးပွားရေး၊ ခရီးသွားလာရေးနှင့် ပညာရေးကဏ္ဍများတွင် ကျယ်ကျယ် ပြန့်ပြန့် ဆွေးနွေးနိုင်ရန်အတွက် ရည်ရွယ်ဖော်ဆောင်ပေးသည့် စင်္ကြံတစ်ခုအဖြစ် ရှုမြင်ကြောင်း၊ မြန်မာနိုင်ငံအပါအဝင် ဒေသတွင်းနိုင်ငံများသည် ကမ္ဘာလုံးဆိုင်ရာဖွံ့ဖြိုးတိုးတက်မှုကို မြှင့်တင်နိုင်ရန် သက်ဆိုင်ရာ နယ်ပယ်များတွင် အလားအလာရှိသည့် ပူးပေါင်းဆောင်ရွက်မှု ဆိုင်ရာအခွင့်အလမ်းများ ရှာဖွေနိုင်ရန်အတွက် တရုတ်နိုင်ငံနှင့် ညှိနှိုင်းဆောင်ရွက်လျက်ရှိ ကြောင်း၊ မြန်မာနိုင်ငံအနေဖြင့် အဏ္ဏဝါစီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုကို မြှင့်တင်နိုင်ရန် ပြည်တွင်း ပြည်ပမှ ဖြစ်နိုင်ခြေရှိသော ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ဦးစားပေးနယ်ပယ်များကို ရှာဖွေရန်အတွက် အားပေးဆောင်ရွက်နေကြောင်း၊ ထို့ပြင် မြန်မာနိုင်ငံအနေဖြင့် ပါဝင်တက်ရောက်လာသည့် နိုင်ငံများ၏ ပင်လယ်သမုဒ္ဒရာအုပ်ချုပ်မှုဆိုင်ရာနှင့် အဏ္ဏဝါစီးပွားရေး၌ ဒစ်ဂျစ်တယ် အသွင်ကူးပြောင်းရေး ဆိုင်ရာဖွံ့ဖြိုးမှုတို့နှင့် ပတ်သက်သော နည်းပညာဆိုင်ရာ အထောက်အပံ့နှင့် အကူအညီများကို ကြိုဆိုကြောင်း၊ သို့မှသာ မြန်မာနိုင်ငံ၌ ခေတ်မီသော အဏ္ဏဝါစီးပွားရေး မူဝါဒများကို ချမှတ်နိုင်ပြီး ပတ်ဝန်းကျင်၊ စီးပွားရေးနှင့် လူသားများအတွက် များစွာသော အကျိုးကျေးဇူးများ ဖြစ်ထွန်းစေနိုင်မည်ဖြစ်ကြောင်း ဖြင့် ပြောကြားသည်။
အချင်းချင်းချိတ်ဆက်
ထို့နောက် ပြည်ထောင်စုဝန်ကြီးက မြန်မာနိုင်ငံအနေဖြင့် ရာသီဥတုပြောင်းလဲမှုနှင့် စီးပွားရေးကျပ်တည်းမှုကြောင့် ဖြစ်ပေါ်လာသည့် ဆိုးရွားသော အကျိုးသက်ရောက်မှုများကို လျော့နည်းစေရန် အိန္ဒိယသမုဒ္ဒရာကမ်းခြေနိုင်ငံများအဖွဲ့နှင့် အတူတကွပူးပေါင်း ဆောင်ရွက်သွားလိုမှုကို ဖော်ပြလျက် သမုဒ္ဒရာအခြေပြု ဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်းများကို ရှေ့တိုးဆောင်ရွက်သွားနိုင်ရေး၊ အချင်းချင်းချိတ်ဆက်ဆောင်ရွက်မှုများ ပိုမိုလွယ်ကူစေရေး၊ သဘောတူချမှတ်ထားသော စည်းမျဉ်းစည်းကမ်းများနှင့်အညီ ကုန်သွယ်ရေးနှင့် စီးပွားရေး ဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများကို မြှင့်တင်သွားနိုင်ရေး၊ ဆင်းရဲနွမ်းပါးမှုလျှော့ချရေးနှင့် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ပြဿနာများ လျော့နည်းစေရေးစသည့်ကိစ္စရပ် များပေါ်တွင် ဖိုရမ်သို့ ပါဝင်တက်ရောက်လာသည့် နိုင်ငံများနှင့် အတူတကွလက်တွဲလုပ် ဆောင်ခြင်းဖြင့် အဏ္ဏဝါစီးပွားရေးဆိုင်ရာ စိန်ခေါ်မှုများကို လျော့နည်းစေပြီး မိတ်ဖက်ဆက်ဆံရေးကို ခိုင်မာမှုရှိစေရန် တိုက်တွန်းလိုကြောင်းဖြင့် နိဂုံးချုပ်ပြောကြားသည်။
အမှာစကားများပြောကြား
ဆက်လက်၍ တက်ရောက်လာကြသည့် ကိုယ်စားလှယ်များက အဏ္ဏဝါစီးပွားရေးဆိုင်ရာ အခွင့်အလမ်းများနှင့် စိန်ခေါ်မှု များ၊ ၂၀၃၀ ကုလသမဂ္ဂ စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်မှုအစီအစဉ် အကောင်အထည်ဖော်မှုပေါ်တွင် အထောက်အပံ့ပေးနိုင်သည့် အဏ္ဏဝါဂေဟစနစ်နှင့် ဇီဝမျိုးကွဲများ ကာကွယ်ခြင်းဆိုင်ရာ အလေ့အကျင့်ကောင်းများနှင့် ၎င်းတို့နိုင်ငံများအလိုက် အဏ္ဏဝါစီးပွားရေးဆိုင်ရာ အကောင်အထည်ဖော် ဆောင်ရွက်မှုများတွင် ကြိုးပမ်းအားထုတ် ဆောင်ရွက်နေမှု အခြေအနေများနှင့်ပတ်သက်၍ မိန့်ခွန်းများ၊ အမှာစကားများ ပြောကြားခဲ့ကြသည်။ ထို့ပြင်ရာသီဥတုပြောင်းလဲမှု၊ အဏ္ဏဝါဇီဝမျိုးကွဲဆုံးရှုံးမှုများနှင့် အဏ္ဏဝါရေထုညစ်ညမ်းမှုများပေါ်တွင် ၎င်းတို့၏ စိုးရိမ်ပူပန်မှုများကိုလည်း ထုတ်ဖော်ပြောကြား ခဲ့ကြသည်။
ဆွေးနွေးတင်ပြ
ဖိုရမ်၏ ဒုတိယပိုင်း၌ ပါဝင်တက်ရောက်သူများက ရေနေသတ္တဝါများနှင့် ပြန်လည်ပြည့်ဖြိုး မြဲစွမ်းအင် စသည့်အဏ္ဏဝါရင်းမြစ်များကို ရေရှည်တည်တံ့စေရေး ကာကွယ်ရန် နည်းလမ်းများနှင့် စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုအတွက် ချဉ်းကပ်ဆောင်ရွက်မှုများ၊ ခရီးသွားလာရေးကဏ္ဍ မြှင့်တင်ရေး၊ မူဝါဒပိုင်းဆိုင်ရာ ညှိနှိုင်းမှုနှင့်ဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု ခိုင်မာအားကောင်းစေရေး၊ သဘာဝဘေးအန္တရာယ်ကာကွယ်တုံ့ပြန် ခြင်းဆိုင်ရာလုပ်ငန်းများကို မြှင့်တင် ဆောင်ရွက်ရေးနှင့် သမုဒ္ဒရာကို အခြေခံသော စီးပွားရေးမှ အကျိုး အမြတ်များရရှိစေရန် နိုင်ငံများအလိုက် စွမ်းဆောင်ရည်မြှင့်တင်ရေး စသည့်နည်းလမ်းများ အပါအဝင် စီးပွားရေးဆိုင်ရာဖွံ့ဖြိုး တိုးတက်မှုအပေါ် ချဉ်းကပ်နိုင်မည့် နည်းလမ်းများနှင့် ပတ်သက်၍လည်း ဆွေးနွေးတင်ပြခဲ့ကြသည်။
အဆိုပါဖိုရမ်သို့ ပြည်ထောင်စုဝန်ကြီးနှင့်အတူ အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး ဝန်ကြီးဌာနမှ အဆင့်မြင့်အရာရှိများလည်း တက်ရောက်ခဲ့ကြသည်။
သတင်းစဉ်
No comments:
Post a Comment