နေပြည်တော် အောက်တိုဘာ ၃၁
မုဒုံမြေ အဆင့်မြင့်ရော်ဘာထုတ်လုပ်သူများ သမဝါယမအသင်း၊ အသင်းဝင်များ၏ ရော်ဘာစိုက်ပျိုး ထုတ်လုပ်ခြင်းလုပ်ငန်းများအတွက် အရည်အသွေးကောင်းမွန်သော ရော်ဘာကြိတ်ပြားများ ထုတ်လုပ်နိုင်ရေး ပြုပြင်ဆောင်ရွက်ရန်အတွက် သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာနက ကျေးလက်စီးပွားမြင့်မားရေး ရန်ပုံငွေထူထောင်ခြင်းစီမံကိန်း (RBF) ရန်ပုံငွေကျပ်သိန်း ၃၀၀ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမြင့်စိုးနှင့်အဖွဲ့သည် ယမန်နေ့က မုဒုံမြို့နယ် ညောင်ကုန်း၊ တော်ကူး၊ တံခွန်တိုင်၊ ကြိုက်ရွဲ၊ ကလော့သော့၊ ကွမ်လှာကျေးရွာခြောက်ရွာတို့မှ မုဒုံမြေ အဆင့်မြင့်ရော်ဘာထုတ်လုပ်သူများ သမဝါယမအသင်း ဖွဲ့စည်းဆောင်ရွက်နေသော ရော်ဘာစိုက် တောင်သူများနှင့် တွေ့ဆုံစဉ် အဆိုပါထောက်ပံ့ငွေကို ပေးအပ်ခဲ့ခြင်းဖြစ်ပြီး တစ်ပိုင်တစ်နိုင် စိုက်ပျိုးထားသော ၎င်းတို့၏ ရော်ဘာစိုက်ခင်းများမှ ရော်ဘာထုတ်လုပ်ရောင်းချရာတွင် အဆင့်လိုက် တွေ့ကြုံရသော အခက်အခဲများ၊ ယင်းအခက်အခဲများကို ဖြေရှင်းနိုင်မည့်နည်းလမ်းများကို ညှိနှိုင်းဆွေးနွေးခဲ့ကြသည်။
ထို့နောက် တက်ရောက်လာသောကျေးရွာအလိုက် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ တင်ပြကြရာ ဒုတိယဝန်ကြီးက လိုအပ်သည်များ ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်ပေးပြီး တစ်ပိုင်တစ်နိုင် ရော်ဘာလုပ်ငန်း ဆောင်ရွက်နေမှုများကို လိုက်လံကြည့်ရှုခဲ့သည်။
ထို့ပြင် ဒုတိယဝန်ကြီးသည် မုဒုံမြို့နယ် တာပသွန်ကျေးရွာအုပ်စု တာပသွန်ကျေးရွာတွင် သမဝါယမအသင်း ဖွဲ့စည်း တည်ဆောက်မည့် ဆန်စက်မြေနေရာကို ကြည့်ရှုစစ်ဆေးရာ သမဝါယမဦးစီးဌာန ပြည်နယ် ဦးစီးမှူးနှင့် တာဝန်ရှိသူများ၏ ရှင်းလင်းတင်ပြမှုအပေါ် လိုအပ်သည်များ ဖြည့်စွက်မှာကြားခဲ့ကြောင်း သိရသည်။
သတင်းစဉ်
No comments:
Post a Comment