မုံရွာ အောက်တိုဘာ ၃၁
သီတဂူဆရာတော်ကြီး၏ နာဂဒေသတောင်ပေါ်မြေပြန့်၌ သီတင်းသုံးတော်မူကြသော ရဟန်း၊ သာမဏေ၊ သီလရှင်တို့အား နဝကမ္မ၊ ဆွမ်းဆန်၊ ဆီ၊ ဆေး ပစ္စည်းလေးပါး အလှူတော် မင်္ဂလာအခမ်းအနားကို ယမန်နေ့ နံနက်ပိုင်းက နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ လဟယ်မြို့ရှိ ရွှေပြည်သာအားကစားခန်းမ၌ ကျင်းပသည်။
အခမ်းအနားသို့ စစ်ကိုင်းမြို့ စစ်ကိုင်းတောင်ရိုး သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်များ၏ အဓိပတိ၊ ရွှေကျင်သာသနာပိုင်၊ အဘိဓဇမဟာရဋ္ဌဂုရု၊ အဘိဓဇအဂ္ဂမဟာသဒ္ဓမ္မဇောတိက၊ မဟာဓမ္မကထိကဗဟု ဇနဟိတဓရ ဒေါက်တာအရှင်ဉာဏိဿရ၊ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော်၊ နယ်စပ်ရေးရာဝန်ကြီး ဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ်ဖြိုးသန့်၊ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအေးထွန်း၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီး/ဒေသ/မြို့နယ်အဆင့် ဌာနဆိုင်ရာများနှင့် ဒေသခံ တိုင်းရင်းသားများ တက်ရောက်ကြသည်။
ရှေးဦးစွာ သီတဂူဆရာတော် ဒေါက်တာ အရှင်ဉာဏိဿရထံမှ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများ က ငါးပါးသီလခံယူဆောက်တည်ကြသည်။
ယင်းနောက် ဆရာတော်အရှင်သူမြတ်များ ရွတ်ပွားသရဇ္ဈာယ် ချီးမြှင့်တော်မူသော ပရိတ်တရား တော်များ နာယူကြည်ညိုကြပြီး သီတဂူဆရာတော်ကြီးက လဟယ်မြို့နယ်နှင့် နန်းယွန်းမြို့နယ်ရှိ ဘုန်းတော်ကြီးကျောင်းများနှင့် သီလရှင်ကျောင်းများသို့ ထောက်ပံ့လှူဒါန်းသည့် စတုပစ္စယလှူဖွယ်ပစ္စည်း များကို ဆရာတော်ကြီးနှင့် တိုင်းဒေသကြီးဝန်ကြီးချုပ်၊ ဒုတိယဝန်ကြီးများ၊ တာဝန်ရှိသူများက ဆရာ တော်များထံ ဆက်ကပ်လှူဒါန်းကြသည်။
ဆက်လက်၍ ဗီယက်နမ်နိုင်ငံမှ သီလရှင် ဆရာလေး ဒေါ်ဟေမမာလာက လဟယ်မြို့နယ်နှင့် နန်းယွန်းမြို့နယ်ရှိ ဘုန်းတော်ကြီးကျောင်းများနှင့် သီလရှင်ကျောင်းများသို့ ထောက်ပံ့လှူဒါန်းသည့် စတုပစ္စယလှူဖွယ်ပစ္စည်းများကို ဆရာလေးနှင့်တာဝန်ရှိသူများက သီလရှင်ဆရာလေးများအား ဆက်ကပ်လှူဒါန်းကြသည်။
ထို့နောက် နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသစီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးထွန်းထွန်းဝင်းက ထောက်ပံ့လှူဒါန်းမှုအတွက် ကျေးဇူးတင်စကား ပြန်လည်လျှောက်ထားသည်။
ယင်းနောက် သီတဂူဆရာတော်ကြီးနှင့် အခမ်းအနားသို့ တက်ရောက်လာသူများက သီတဂူအဓိဋ္ဌာန် သုံးကြိမ်ရွတ်ဆို၍ အခမ်းအနားကို ရုပ်သိမ်းခဲ့ကြသည်။
အဆိုပါ နဝကမ္မ၊ ဆွမ်းဆန်၊ ဆီ၊ ဆေး ပစ္စည်း လေးပါးအလှူတော် မင်္ဂလာအခမ်းအနားတွင် လဟယ်မြို့နယ်နှင့် နန်းယွန်းမြို့နယ်ရှိ ဘုန်းတော် ကြီးကျောင်း ၄၈ ကျောင်းမှ ရဟန်း၊ သာမဏေ ၁၁၆ ပါး၊ သီလရှင် တစ်ကျောင်းမှ သီလရှင် ၄၃ ပါး တို့အား တစ်ကျောင်းလျှင် ငွေကျပ်ငါးသိန်း၊ ဆန် တစ်အိတ်၊ ဆီ ငါးပိဿာ၊ ပစ္စည်းလေးပါးနှင့် ခရစ်ယာန်ကျောင်းသုံးကျောင်းအား တစ်ကျောင်းလျှင် ငွေကျပ် ငါးသိန်း၊ ဆန် တစ်အိတ်၊ ဆီ ငါး ပိဿာတို့ကို လှူဒါန်းထောက်ပံ့ခဲ့ပြီး ဘုန်းတော်ကြီးကျောင်း ၄၈ ကျောင်း၊ သီလရှင် တစ်ကျောင်းတို့ကို သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာနမှ တစ်ကျောင်းလျှင် ငွေကျပ်တစ်သိန်းစီ၊ စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့မှ ငွေကျပ်တစ်သိန်းစီနှင့် ခရစ်ယာန်ကျောင်းသုံးကျောင်းကို တစ်ကျောင်းလျှင်ငွေကျပ် သုံးသိန်းစီလှူဒါန်းထောက်ပံ့ကာ စုစုပေါင်းလှူဒါန်းငွေကျပ် သိန်း ၂၇၀၀ ကျော် လှူဒါန်းခဲ့ကြောင်း သိရသည်။
သတင်းစဉ်
No comments:
Post a Comment