Saturday, November 19, 2022

တိုင်းရင်းသားဒေသများတွင် စီမံကိန်းမြေယာများ အသုံးပြုရန်လျှောက်ထားလာပါက ကွင်းဆင်းစစ်ဆေးပြီးမှ သဘောထားမှတ်ချက်ပေးရမည်

 


တောင်ကြီး နိုဝင်ဘာ ၁၈

တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးဇော်အေးမောင်နှင့် ရှမ်းပြည်နယ် တိုင်းရင်းသားရေးရာဝန်ကြီး ဦးအောင်ကြည်ဝင်းတို့သည် ယနေ့နံနက်ပိုင်းတွင် တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ ရှမ်းပြည်နယ် ညွှန်ကြားရေးမှူးရုံးရှိ ဝန်ထမ်းများနှင့် တွေ့ဆုံသည်။

ကြိုးစားဆောင်ရွက်

တွေ့ဆုံစဉ် ဒုတိယဝန်ကြီး ဦးဇော်အေးမောင်က ဝန်ထမ်းများအနေဖြင့် ငွေစာရင်းဆိုင်ရာကိစ္စ ရပ်များသည် အလွန်အရေးကြီးပြီး ကျွမ်းကျင်စွာ တတ်မြောက်ထားရမည်ဖြစ်ကာ စာရင်းစစ် စစ်ဆေးခံနိုင်ရန်အတွက်လည်း ကြိုတင်ပြင်ဆင် ဆောင်ရွက်ထားရမည်ဖြစ်ကြောင်း၊ တိုင်းရင်းသားဒေသများတွင် စီမံကိန်းမြေယာများအသုံးပြုရန် လျှောက်ထားလာသည့် ကိစ္စရပ်များနှင့် ပတ်သက်၍ တိုင်းရင်းသားဒေသများတွင် အကျိုးသက်ရောက်မှု ရှိ/ မရှိ၊ ဒေသခံများ၏ အလုပ်အကိုင် အခွင့်အလမ်းရရှိမှု ရှိ/ မရှိကို ဌာနမှ ကိုယ်တိုင်ကွင်းဆင်းစစ်ဆေး ပြီးမှ သဘောထားမှတ်ချက် ပေးရမည်ဖြစ်ပါကြောင်း၊ နိုင်ငံ့ဝန်ထမ်းများ ဖြစ်သည့်အတွက် ပါတီနိုင်ငံရေး ကင်းရှင်းရမည်ဖြစ်ပြီး ရုံးလုပ်ငန်းများ ပီပြင်အောင် ဆောင်ရွက်ကြရန်နှင့် တိုင်းရင်းသားရေးရာ ကိစ္စရပ်များကို အားသွန်ခွန်စိုက် ကြိုးစားဆောင်ရွက်ကြရန် မှာကြားလိုပါကြောင်း ပြောကြားသည်။

ဆက်လက်၍ ရှမ်းပြည်နယ် တိုင်းရင်းသားရေးရာဝန်ကြီး ဦးအောင်ကြည်ဝင်းက ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်တွင် ကျန်ရှိနေသော ဘဏ္ဍာရန်ပုံငွေ များကို ၂၀၂၃ ခုနှစ် မတ် ၃၁ ရက် မတိုင်မီအတွင်း ကျရောက်မည့် တိုင်းရင်းသားများ၏ နေ့ထူးနေ့မြတ်များအတွက် သုံးစွဲသွားမည်ဖြစ်၍ စာရင်းများပြုစုပေးစေလိုပါကြောင်း၊ တိုင်းရင်းသားအခွင့်အရေးများ ကာကွယ်စောင့်ရှောက်ရေးဦးစီးဌာနဘက်ကလည်း ရှမ်းပြည်နယ်(မြောက်ပိုင်း)တွင် တိုင်းရင်းသား အခွင့်အရေးများဆိုင်ရာ အသိပညာပေးဟောပြောခြင်းနှင့် ရပ်ရွာအခြေပြု အသက်မွေးဝမ်းကျောင်းပညာ လိုအပ်ချက် ဆန်းစစ်စီမံခြင်း စစ်တမ်းကောက်ယူနိုင်ရေးအတွက် ကြိုတင်ပြင်ဆင်ထားရန် လိုအပ်ပါကြောင်း၊ တိုင်းရင်းသားများ၏ ရိုးရာအစားအစာ၊ ယဉ်ကျေးမှု၊ အနုပညာဆိုင်ရာများနှင့်ပတ်သက်ပြီး ပြပွဲများကျင်းပနိုင်ရေးအတွက် ရှေ့လုပ်ငန်းစဉ်တွင် ထည့်သွင်း လျာထားရန် လိုအပ်မည်ဖြစ်ပါကြောင်း ပြောကြားသည်။

ညှိနှိုင်းပေါင်းစပ်ပေး

ယင်းနောက် ဝန်ထမ်းများက အထွေထွေဆွေးနွေးတင်ပြကြရာ ဆွေးနွေးတင်ပြချက်များအပေါ် ဒုတိယဝန်ကြီးနှင့် ရှမ်းပြည်နယ် တိုင်းရင်းသားရေးရာဝန်ကြီးတို့က ညှိနှိုင်းပေါင်းစပ်ပေးခဲ့ကြောင်း သိရသည်။

သတင်းစဉ်

No comments:

Post a Comment