Saturday, November 19, 2022

(၄၈)နှစ်မြောက် ရခိုင်ပြည်နယ်နေ့ကို ဂုဏ်ပြုကြိုဆိုသောအားဖြင့် ပထမအကြိမ် သုတေသနစာတမ်းဖတ်ပွဲကျင်းပ

 


စစ်တွေ နိုဝင်ဘာ ၁၈

(၄၈) နှစ်မြောက် ရခိုင်ပြည်နယ်နေ့ကို ဂုဏ်ပြုကြိုဆိုသောအားဖြင့် ပထမအကြိမ် ဒေသဆိုင်ရာ စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေး သုတေသနစာတမ်းဖတ်ပွဲကို ယနေ့နံနက်ပိုင်းက စစ်တွေတက္ကသိုလ် ဘွဲ့နှင်းသဘင်ခန်းမ၌ကျင်းပရာ ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာ အောင်ကျော်မင်း၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ စစ်တွေတက္ကသိုလ် ပါမောက္ခချုပ်နှင့် တက္ကသိုလ်မှ ဆရာ ဆရာမများ၊ စာတမ်းဖတ်ကြားကြမည့် ပညာရှင်များနှင့် ကျောင်းသား ကျောင်းသူများ တက်ရောက်ကြသည်။

ရှေးဦးစွာ အခမ်းအနားကို စစ်တွေတက္ကသိုလ်မှ ဆရာ ဆရာမများနှင့် ကျောင်းသား ကျောင်းသူများက စစ်တွေတက္ကသိုလ်ဂုဏ်ရည်ကို သီကုံးဖွဲ့ဆိုထားသော ဘဝမီးအိမ် ထွန်းညှိရာမြေ တေးသီချင်းဖြင့် သီဆိုကပြဖျော်ဖြေကြသည်။

ထို့နောက် ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာအောင်ကျော်မင်းက ယခုနှစ်တွင် ထူးထူးခြားခြား အစီအစဉ်တစ်ရပ်အဖြစ် ရခိုင်ပြည်နယ်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ဒေသဆိုင်ရာ စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေး သုတေသနစာတမ်းဖတ်ပွဲ (1st Regional Conference on Sustainable Development Rakhine State) RCSD ကို ပထမဆုံးအကြိမ် နှစ်ရက်တိုင်တိုင် ပြုလုပ်မည်ဟု သိရသည့်အတွက် ပွဲဖြစ်မြောက်အောင် ကူညီပံ့ပိုးပေးသော ရခိုင်သဟာယအသင်းနှင့် လက်ခံကျင်းပသော စစ်တွေတက္ကသိုလ်အပါအဝင် ပံ့ပိုးဆောင်ရွက်သူအားလုံးကို ရခိုင်ပြည်နယ် အစိုးရအဖွဲ့နှင့် ရခိုင်ပြည်နယ်သူ ပြည်နယ်သားများကိုယ်စား အထူးပင်ကျေးဇူးတင်ပါကြောင်း၊ ယခုကဲ့သို့ စာတမ်းဖတ်ပွဲ ပြုလုပ်ခြင်းအားဖြင့် ရခိုင်ပြည်နယ်၏ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေးကို အထောက်အကူဖြစ်စေသော ဆန်းသစ်ကောင်းမွန်သည့် အသိပညာများရရှိပြီး ပြည်နယ်၏ အရေးပါသော စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများနှင့် အခြားစီးပွားရေး လုပ်ငန်းများ တိုးတက်လာရန် ရည်ရွယ်မျှော်မှန်းထားပါကြောင်းနှင့် တက္ကသိုလ်၊ ကောလိပ်များက ဆရာ ဆရာမများ အနေဖြင့်လည်း အရည်အချင်းထက်မြက်လာပြီး ပိုမိုကောင်းမွန်အသုံးဝင်သည့် သုတေသန လုပ်ငန်းများ ဆောင်ရွက်လာနိုင်လိမ့်မည်ဟု မျှော်လင့်ပါကြောင်း ပြောကြားသည်။

ဆက်လက်၍ စစ်တွေတက္ကသိုလ်ပါမောက္ခချုပ် ဒေါက်တာခင်မောင်ဇော်က သုတေသန စာတမ်းဖတ်ပွဲနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြပြီး ရခိုင်သဟာယအသင်းမှ ဒေါက်တာ ဇေယျဦးက သုတေသန စာတမ်းဖတ်ပွဲကျင်းပနိုင်ရေးအတွက် ဆောင်ရွက်ထားရှိမှုနှင့် စပ်လျဉ်း၍ ရှင်းလင်းတင်ပြသည်။

ရခိုင်ပြည်နယ်အတွင်း၌ရှိသည့် တက္ကသိုလ်၊ ကောလိပ်များက ဆရာ ဆရာမများအနေဖြင့် တက္ကသိုလ်အချင်းချင်း ချိတ်ဆက်ပြီး မိမိနှင့်သက်ဆိုင်သည့် ပညာရပ်နယ်ပယ်တွင် ပိုမိုဆန်းသစ် ကောင်းမွန်သော နည်းပညာများ ရရှိလာနိုင်စေရန်၊ ဆရာ ဆရာမများ၏ သုတေသနအရည်အသွေးများ ပိုမိုတိုးတက်ကောင်းမွန်လာစေနိုင်ရန်နှင့် သုတေသနလုပ်ငန်းများမှ ရရှိလာသည့် သုတေသနရလဒ်များကို ရခိုင်ပြည်နယ်အတွင်းရှိသော စီးပွားရေးလုပ်ငန်းရှင်များ၊ စိုက်ပျိုးရေး၊ မွေးမြူရေးလုပ်ငန်းရှင်များနှင့် ချိတ်ဆက်ပြီး အသေးစားစက်မှု၊ လက်မှုလုပ်ငန်းများ၊ လယ်ယာစိုက်ပျိုးရေးနှင့် မွေးမြူရေးလုပ်ငန်းများတွင် လက်တွေ့အသုံးချနိုင်ရန် ရည်ရွယ်ကျင်းပခြင်းဖြစ်သည်။

အဆိုပါ စာတမ်းဖတ်ပွဲတွင် Key note Speaker ခြောက်ဦးက စာတမ်းခုနစ်စောင်၊ စစ်တွေတက္ကသိုလ်က စာတမ်း ၁၂ စောင်နှင့် ကွန်ပျူတာတက္ကသိုလ်(စစ်တွေ)က စာတမ်း ငါးစောင်တို့ကို ဖတ်ကြားသွားမည်ဖြစ်ကြောင်း သိရသည်။

သတင်းစဉ်

No comments:

Post a Comment