Sunday, November 20, 2022

မန္တလေးမြို့ရှိ မြနန်းစံကျော်ရွှေနန်းတော် သွားရောက်စစ်ဆေး

နေပြည်တော် နိုဝင်ဘာ ၁၉

သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကိုကိုသည် ယနေ့နံနက်ပိုင်း တွင် မန္တလေးတိုင်းဒေသကြီး အောင်မြေသာစံမြို့နယ် မြနန်းစံကျော်ရွှေနန်းတော်သို့ ရောက်ရှိကာ အရှေ့ပိုင်း မင်းခန်းတော်ဆောင်များ၊ မိဖုရားဆောင်များ၊ အနောက်ပိုင်း မင်းခန်းတော်ဆောင်များ၊ နန်းတွင်း ကျောက်စာရုံ (၁)၊ (၂)၊ အမြောက်ပြတိုက်၊ နန်းမြင့် မျှော်စင်နှင့် မင်းတုန်းမင်းနှင့် မိဖုရားခေါင်ကြီးတို့၏ ဂူဗိမာန်တော်များကို လှည့်လည်ကြည့်ရှု စစ်ဆေးသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးက မြနန်းစံကျော်ရွှေနန်းတော်သည် ကုန်းဘောင်ခေတ်၏ နောက်ဆုံးနန်းတော်ကြီးဖြစ်ကြောင်း၊ မြန်မာတို့၏ ယဉ်ကျေးမှုအဆင့်အတန်းကို သက်သေဖော်ညွှန်းရာ မြန်မာတို့၏ အမွေအနှစ်အစစ်အမှန်ဖြစ်သော၊ သမိုင်းတန်ဖိုး၊ ရှေးဟောင်းယဉ်ကျေးမှုအမွေအနှစ်တန်ဖိုး၊ ဗိသုကာနှင့် အနုလက်ရာတန်ဖိုးများပြည့်ဝသော နန်းတော်ကြီးဖြစ်ကြောင်း၊ သို့ဖြစ်၍ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာနဝန်ထမ်းများ သာမက မြန်မာနိုင်ငံသားအားလုံး မြတ်နိုးတန်ဖိုးထား ထိန်းသိမ်းစောင့်ရှောက်ကြရန်လိုကြောင်း တာဝန်ရှိ သူများကို မှာကြားသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန အနုပညာဦးစီးဌာန က အမျိုးသားဇာတ်ရုံ (မန္တလေး) ၌ အများပြည်သူတို့ကို တင်ဆက်ကပြမည့် “အသက်ထက်မြတ်သော ဂုဏ်သိက္ခာကဇာတ်ကို မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမောင်ကိုနှင့် မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များ၊ သာသနာရေးနှင့် ယဉ်ကျေးမှု ဝန်ကြီးဌာနမှ တာဝန်ရှိသူများနှင့်အတူ ကြည့်ရှုအားပေးသည်။

အဆိုပါကဇာတ်သည် ပြည်တွင်းအင်အားဖြင့် ဖြေရှင်းနိုင်သောကိစ္စကို တိုင်းတစ်ပါးအားကိုးဖြင့် တိုင်းပြည်နှင့်လူမျိုးအပေါ် သစ္စာဖောက်၍ မှားယွင်းပြုမူခဲ့သော အမှုကိစ္စအတွက် မျက်မှောက်ခေတ် အခြေအနေနှင့်ထင်ဟပ်၍ သင်ခန်းစာယူတတ်ကြစေရန် ဖြစ်ရပ်မှန် သမိုင်းနောက်ခံ တင်ဆက်ဖျော်ဖြေသော ကဇာတ်ဖြစ်၍ နေပြည်တော်တွင် နှစ်ကြိမ် ဖျော်ဖြေတင်ဆက်ခဲ့ပြီး ယခုမန္တလေးမြို့ အမျိုးသားကဇာတ်ရုံတွင်နှစ်ကြိမ် ထပ်မံဖျော်ဖြေ တင်ဆက်ခြင်းဖြစ်ကြောင်းနှင့် အခြားနေရာများတွင်လည်း ဖျော်ဖြေတင်ဆက်သွားရန် စီစဉ်လျက်ရှိကြောင်း သိရသည်။

သတင်းစဉ်

No comments:

Post a Comment