Sunday, November 20, 2022

ကိုယ်ရောစိတ်ပါ ကျန်းမာကြံ့ခိုင်ကြစေဖို့ ကိုယ်လက်လှုပ်ရှားကစားစို့

ကိုငြိမ်းငယ်(ကျွန်းဒေါင့်)

လူ့ဘဝတွင် အသက်ရှင်သန် နေထိုင်ရစဉ်အတွင်း ကျန်းမာစွာနေထိုင်ရခြင်း၏တန်ဖိုးသည် အလွန်ကြီးမားလှ ပါသည်။ လူသားတို့သည် အများအားဖြင့် ကျန်းမာခြင်း၏တန်ဖိုးကို နေထိုင်မကောင်းဖြစ်ချိန်၊ ရောဂါဘယ ထူပြောလာချိန်မှသာ သိရှိလာတတ်ပါသည်။ ကျန်းမာခြင်း၏တန်ဖိုးရှိမှုအပေါ် အမှတ်တမဲ့ ထားလေ့ရှိကာ သတိမမူကြဘဲ ဖျားနာပြီး ရောဂါဘယဖြစ်ပွား၍ မထနိုင်မသွားနိုင်၊ မစားနိုင် မသောက်နိုင်ဖြစ်ချိန်မှ ကျန်းမာခြင်း၏ တန်ဖိုးရှိပုံကို သတိရကြသည်။ ရခဲလှသော လူ့ဘဝတွင် လူဖြစ်ရကျိုးနပ်စေရန်၊ လူဖြစ်မရှုံးစေရန် အခြေခံလိုအပ်သည့် ကျန်းမာရေးကောင်းမွန်ခြင်း၊ ကြံ့ခိုင်သွက်လက်ခြင်းတို့ကို ရရှိပိုင်ဆိုင်နိုင်ရန် လိုအပ်ပါသည်။ ကိုယ်ရောစိတ်ပါ ကျန်းမာကြံ့ခိုင်မှသာလျှင် လောကီအလုပ်၊ လောကုတ္တရာအလုပ်များကိုပေါက်မြောက်အောင်မြင်အောင် စွမ်းဆောင်နိုင်မည်ဖြစ်သည်။

အခြေခံအချက်မှာ ကာယဗလပင်ဖြစ်

ကာယဗလ၊ ဉာဏဗလ၊ ဘောဂဗလ၊ မိတ္တဗလ၊ စာရိတ္တဗလတည်းဟူသော ဗလငါးတန်တွင် အခြေ ခံအချက်မှာ ကာယဗလပင်ဖြစ်သည်။ နိုင်ငံတစ်နိုင်ငံရှိ နိုင်ငံသားတို့ မကျန်းမာလျှင် ထိုနိုင်ငံသားများ၏ ကြီးပွားရေး၊ စီးပွားရေး၊ လူမှုရေးများမှ အစပြု၍ တိုင်းပြည်ထူထောင်ရေးလုပ်ငန်းများ၊ ခေတ်မီဖွံ့ဖြိုး ရေးလုပ်ငန်းများ စသည်တို့တွင် ထိရောက်စွာ ကြိုးစားပြုလုပ်နိုင်ကြမည်မဟုတ်ပေ။ အသက် ဉာဏ်စောင့်၊ ဥစ္စာကံစောင့်ဟူသော စကားလည်းရှိပါသည်။ မိမိအသက်ခန္ဓာ၏ အသက်ရှည်ခြင်း၊ ကျန်းမာခြင်းအတွက် မိမိ၏ဉာဏ်ဖြင့် ထိန်းသိမ်းစောင့်ရှောက်ရမည်ဟု ဆိုလိုခြင်းဖြစ်သည်။ လူသားတို့အတွက် အခြေခံကျပြီး အရေးကြီးသော ကျန်းမာရေးကို မိမိတို့ကိုယ်တိုင် ဂရုတစိုက် ထိန်းသိမ်း စောင့်ရှောက်ရန်လိုအပ်ပါသည်။

ကြိုတင်ကာကွယ်ခြင်းသည် ကုသခြင်းထက် ပို၍ကောင်းမွန်ပါသည်။ ထိုစကားအတိုင်း ရောဂါ မဖြစ်ခင်က ကြိုတင်ကာကွယ်မှုပြုကြရပေမည်။ လိုအပ်သော ကြိုတင်ကာကွယ်မှုများမှာ တစ်ကိုယ် ရေသန့်ရှင်းမှုကို ဂရုစိုက်ခြင်း၊ အိမ်တွင်းအိမ်ပြင် ပတ်ဝန်းကျင်ကို သန့်ရှင်းအောင် ပြုလုပ်ခြင်း၊ အမှည့်လွန်သော အစားအစာများနှင့် ယင်နားစာများကို မစားသုံးခြင်း၊ ဆေးလိပ်၊ အရက်၊ မူးယစ်ဆေးဝါး စသည်တို့ကို ရှောင်ကြဉ်ခြင်းတို့ပင်ဖြစ်သည်။ ထို့ပြင် အာဟာရဖြစ်စေသည့် အစားအစာများကို စည်းကမ်းတကျ စားသောက်ခြင်းနှင့် ကိုယ်လက်လှုပ်ရှား အားကစားတစ်ခုခုကို ပုံမှန်ပြုလုပ်ပေးခြင်းသည် ကျန်းမာကြံ့ခိုင်သောဘဝကို တည်ဆောက်ခြင်းပင်ဖြစ်သည်။

ကျွန်ုပ်တို့ မြန်မာလူမျိုးအများစုတွင် အထူးသဖြင့် အသက်ငါးဆယ်ကျော်ပုဂ္ဂိုလ်များ ပြောလေ့ ရှိသောစကားရှိသည်။ “ငါတော့အသက်အရွယ်လေးရလာပြီ ကျန်းမာရေးလိုက်စားဦးမှပါ ဟူ၍ဖြစ် သည်။ အသက်ကြီးမှ ကျန်းမာရေးလိုက်စားရမည်ဟူ သော အတွေးမှားအမြင်မှားသည် လူအများစုတွင် စွဲကပ်နေကြသည်။ အမှန်မှာ ငယ်ရွယ်စဉ်ကတည်းကပင် ကိုယ်လက် လှုပ်ရှားခြင်း၊ အားကစားတစ်ခုခုကို ပုံမှန်ပြုလုပ်ခြင်း၊ အနေအထိုင်နှင့် အစားအသောက် ဆင်ခြင်ခြင်းတို့ကို ပြုလုပ်သွားမှသာ အသက်အရွယ်ကြီးရင့်သည်အထိ ကျန်းမာရေး ကောင်းမွန်နိုင်မည်ဖြစ်သည်။

အလွယ်တကူပြုလုပ်နိုင်သော အားကစားနည်း

လူသားတိုင်း ကျန်းမာကြံ့ခိုင်စေရန်၊ အနာရောဂါကင်းရှင်းစေရန်၊ အသက်ရှည်နုပျိုရန်အတွက် ကျွန်ုပ်တို့သည် ကိုယ်လက်လှုပ်ရှား အားကစားပြုလုပ်ခြင်း၊ ကစားခုန်စားခြင်းတို့ကို ပုံမှန်ပြုလုပ်ရန် လိုအပ်ပါသည်။ ကျန်းမာရေးအတွက် နေ့စဉ်ကိုယ်လက်လှုပ်ရှား အားကစားပြုလုပ်ရာတွင် လူတိုင်းအတွက် အဆင်ပြေသော၊ အလွယ်တကူ ပြုလုပ်နိုင်သော အားကစားနည်းမှာ လမ်းလျှောက်ခြင်းပင်ဖြစ်သည်။ လမ်းလျှောက်ခြင်းသည် ဆင်းရဲ ချမ်းသာမရွေး၊ လူတန်းစားမရွေး အလွယ်တကူ ပြုလုပ်နိုင်သော အားကစားနည်းပင်ဖြစ်သည်။ လမ်းလျှောက်ရင်းဖြင့် သွေးပူလေ့ကျင့်ခန်း၊ အသက်ရှူလေ့ကျင့်ခန်းများကို ပေါ့ပေါ့ပါးပါး ပြုလုပ်နိုင်ပါသည်။ ထိုသို့ပြုလုပ်မှသာ သွေးလည်ပတ်မှု ကောင်းမွန်ခြင်း၊ အကြောအခြင်များ၊ အရိုးအဆစ်များ လှုပ်ရှားမှုရှိခြင်း၊ လေကောင်းလေသန့်ရှူရှိုက်ရခြင်း၊ ကိုယ်စိတ်ပေါ့ပါး လန်းဆန်းခြင်း၊ ခန္ဓာကိုယ် အလေးချိန်လျှော့ချနိုင်ခြင်း စသည်ဖြင့် များစွာသော ကောင်းကျိုးများကို ရရှိနိုင်မည်ဖြစ်သည်။ ဗုဒ္ဓမြတ်စွာဘုရားကလည်း တရားအားထုတ်ရာတွင် စင်္ကြံလျှောက်၍ အားထုတ်နိုင်ကြောင်းကို ညွှန်ပြခဲ့ပါသည်။

နေ့စဉ်ပုံမှန်လမ်းလျှောက်ခြင်းဖြင့် ခြေသလုံးကြွက်သားများ ပိုမိုသန်မာလာစေပါသည်။ ခြေသလုံး ကြွက်သားနှင့် နှလုံးသည် ဆက်နွှယ်မှုရှိပါသည်။ ခြေသလုံးကြွက်သားသန်မာလေ နှလုံးအားကောင်း လေဖြစ်သည်။ တစ်နည်းအားဖြင့် လမ်းလျှောက်ခြင်းကြောင့် နှလုံးရောဂါထိခိုက်မှုအန္တရာယ်ကို လျှော့ချပေးနိုင်ပါသည်။ သွေးတိုးရောဂါဖြစ်ပွားမှုကို လျော့နည်းစေပြီး ခန္ဓာကိုယ်တွင်းမှ ကိုလက်စထရောအဆီများကိုလည်း လောင်ကျွမ်းစေပါသည်။ နံနက်စောစောလမ်းလျှောက်ပြီး အသက်ရှူခြင်း၊ သွေးပူ လေ့ကျင့်ခန်းများပြုလုပ်ခြင်းကြောင့် လူတစ်ယောက်သည် သူ၏အလုပ်၊ မိသားစုအတွက်၊ တစ်နေ့တာအတွက် လန်းဆန်းတက်ကြွနေပြီး လုပ်ငန်းတာဝန်များကို အကောင်းဆုံးလုပ်ဆောင်နိုင်မည် ဖြစ်သည်။

ဝါသနာထုံလာရန်လှုံ့ဆော်မှုများဆောင်ရွက်

ကျန်းမာကြံ့ခိုင်စေရန်အတွက် ကိုယ်လက်လှုပ်ရှား အားကစားနည်းများတွင် လမ်းလျှောက် ခြင်းအပြင် ဘောလုံး၊ ဘော်လီဘော၊ ပိုက်ကျော်ခြင်း၊ ဝိုင်းခြင်း၊ ဘတ်စကက်ဘော၊ စက်ဘီးစီး၊ ရေကူး၊ အပြေး၊ လက်ဝှေ့၊ ရိုးရာသိုင်းပညာ စသည်ဖြင့် ခန္ဓာ ကိုယ်လှုပ်ရှား၍ ဆောင်ရွက်ရသော အားကစား နည်းမျိုးစုံပါဝင်သည်။ ယနေ့ခေတ်တွင် ပိုမို တွင်ကျယ်လာသော အားကစားခန်းမ (Body Fitness Center)များသည်လည်း နေရာနှင့် အချိန် ကန့်သတ်ချက်ရှိသောသူများအတွက် ကဏ္ဍတစ်ခုအနေဖြင့် အထောက်အကူပြုနေပါသည်။ တစ်မျိုးသားလုံး ကျန်းမာကြံ့ခိုင်ရေးအတွက် ကျန်းမာရေး လိုက်စားခြင်းအလေ့အထကို ဝါသနာထုံလာရန်နှင့် စွဲမြဲလာစေရန် လှုံ့ဆော်မှုများကို ဆောင်ရွက်ရမည် ဖြစ်သည်။ နေ့စဉ် ကိုယ်လက်လှုပ်ရှားခြင်းဖြင့် ကျန်းမာရေးကောင်းမွန်စေပြီး ရောဂါဖြစ်ပွားမှုကို လျော့ကျစေခြင်း၊ သက်တမ်းစေ့နေနိုင်ခြင်း၊ တိုင်းပြည်ဖွံ့ဖြိုးတိုးတက်မှုကို နည်းအမျိုးမျိုးဖြင့် အထောက်အကူပြု နိုင်ခြင်း စသည့်အကျိုးကျေးဇူးများ ရရှိနိုင်ပါသည်။

ကိုယ်လက်လှုပ်ရှား လေ့ကျင့်ခန်းများ လုပ်ဆောင်ရာတွင် စက်ဘီးစီးခြင်း၊ ခပ်သွဲ့သွဲ့ပြေးခြင်း၊ အေရိုးဗစ်ကစားခြင်း၊ ခပ်သွက်သွက် လမ်းလျှောက်ခြင်းကဲ့သို့ မပြင်းထန်သော လေ့ကျင့် ခန်းများကို နေ့စဉ်နာရီဝက်ခန့် ပြုလုပ်ပေးပါက ချွေးထွက်၍ ခန္ဓာကိုယ်တွင်းမှ အပူအပုပ်များထွက်ခြင်း၊ သွေးကြောများပွင့်၍ သွေးလည်ပတ်မှု ပိုမိုကောင်းမွန်ခြင်း၊ ကြွက်သားများနှင့် အရိုးအဆစ်များ သန်မာခြင်း၊ အဆီကျစေခြင်း၊ အဆုတ်နှင့် နှလုံး ကောင်းမွန်စေခြင်းတို့ကို ဖြစ်ပေါ်စေပါသည်။ အထူးသဖြင့် ဆီးချိုရောဂါသည်များအတွက် လေ့ကျင့်ခန်း ပုံမှန်ပြုလုပ်ခြင်းသည် ဆေးသောက်ခြင်းထက် ပိုမိုကောင်းမွန်ကြောင်း၊ လမ်းလျှောက်ခြင်း၊ ကခြင်း၊ ရေကူးခြင်း၊ စက်ဘီးစီးခြင်း၊ လှေကားထစ်တက်ခြင်းနှင့် လက်ထောက်တွန်းတင်ပြုလုပ်ခြင်း စသည် တို့ကို ပြုလုပ်ပေးသင့်ကြောင်း ဆရာဝန်များက အကြံပြုထားပါသည်။

ကိုယ်လက်လှုပ်ရှားမှုသည် ရောဂါကုထုံး တစ်ခုဖြစ်သကဲ့သို့ လူငယ်လူရွယ်များ၊ လူလတ်နှင့် လူကြီးများအတွက်လည်း ရောဂါကာကွယ်ရေး လုပ်ငန်းတစ်ခုပင်ဖြစ်သည်။ ကျန်းမာကြံ့ခိုင်ခြင်း ဖြင့် ပျော်ရွှင်ဖွယ်မိသားစုဘဝကို ပိုင်ဆိုင်နိုင်မည်ဖြစ်သည်။ ထို့ပြင် မလိုလားအပ်သော ဆေးကုသမှု ကုန်ကျစရိတ်များ၊ စိတ်ဆင်းရဲရမှုများကိုလည်း ရှောင်လွှဲနိုင်မည်ဖြစ်သည်။ လူမမာရှိသောအိမ်များ၊ မိသားစုဘဝများသည် အပြည့်အဝမပျော်ရွှင်နိုင် ကြသည်ကို ကျွန်ုပ်တို့ပတ်ဝန်းကျင်တွင် တွေ့နိုင် ပါသည်။ ထို့ကြောင့် ကိုယ်လက်လှုပ်ရှားအားကစား ပြုလုပ်ခြင်းသည် ခန္ဓာကိုယ်နှင့် စိတ်ဓာတ်ကိုပါ ကျန်းမာကြံ့ခိုင်စေခြင်း၊ ပျော်ရွှင်ဖွယ်လူမှုဘဝကို ပိုင်ဆိုင်စေခြင်း၊ ငွေကုန်ကျမှုများကို ကြိုတင် ကာကွယ်ခြင်းနှင့် ဘဝအောင်မြင်ရေးတို့အတွက် များစွာအထောက်အကူပြုကြောင်း ထင်ရှားစွာတွေ့မြင်နိုင်ပါသည်။

လူ့ဘဝသည် ရခဲလှသောကြောင့် အလွန်တန်ဖိုးကြီးပါသည်။ ရခဲလှသောလူ့ဘဝတွင် အသက်ရှင်နေစဉ်ကာလ၌ ကျန်းမာရေးကောင်းမွန်မှသာ လူဖြစ်ရကျိုးနပ်ပေလိမ့်မည်။ ကျန်းမာရေး ကောင်းမွန်ရန်အတွက် အထက်တွင်ဖော်ပြခဲ့သော လေ့ကျင့်ခန်းအမျိုးမျိုးမှ လမ်းလျှောက်ခြင်းသည် အရိုးရှင်းဆုံးနှင့် ပြုလုပ်ရန်အလွယ်ကူဆုံး လေ့ကျင့်ခန်းတစ်ခု ဖြစ်သည်။ ထို့ပြင် လေကောင်းလေသန့်ကိုပါ ရရှိနိုင်ပါသည်။ လမ်းလျှောက်ချိန်တွင် အလုပ်မှဖိအားများနှင့် စိတ်ဖိစီးမှုများကို လျော့ကျစေပြီး လန်းဆန်းတက်ကြွမှု၊ မိမိကိုယ်ကို ယုံကြည်မှု၊ ပတ်ဝန်းကျင်ကို အကောင်းမြင်တတ်မှု စသည်တို့ကို ဖြစ်ပေါ်စေနိုင်ပါသည်။ ထို့ကြောင့် လူသားတိုင်း ကိုယ်လက်လှုပ်ရှားမှုများကို ပြုလုပ်ခြင်းဖြင့် ကျန်းမာကြံ့ခိုင်၍ ပျော်ရွှင်အောင်မြင် သောလူမှုဘဝများကိုလည်း တည်ဆောက်ရယူနိုင်ကြပါစေကြောင်း ရေးသားလိုက်ပါသည်။ ။

No comments:

Post a Comment