Tuesday, November 8, 2022

တန်ဆောင်မုန်းလပြည့်နေ့တွင် နေပြည်တော်ကောင်စီနယ်မြေအတွင်းရှိ ဘုရား၊ စေတီ၊ ပုထိုးများ၌ ကုသိုလ်ဒါနပြုကြသူများဖြင့်စည်ကား

 

နေပြည်တော် နိုဝင်ဘာ ၇

တန်ဆောင်မုန်းလသည် မြန်မာ့ ၁၂ လရာသီတွင် ရှစ်လမြောက်လဖြစ်ပြီး တန်ဆောင်မုန်းလပြည့်နေ့သည် မြတ်စွာဘုရားရှင်က အဇာတသတ်မင်းကြီးအမှူးပြုသော ပရိသတ်တို့အား သာမညဖလသုတ်တော်ခေါ် ရဟန်းပြုရအကျိုးပြတရားတော်ကို ဟောကြားတော်မူသော နေ့ထူးနေ့မြတ်ဖြစ်သည်။

ယနေ့ကျရောက်သည့် ၁၃၈၄ ခုနှစ် တန်ဆောင်မုန်းလပြည့်နေ့တွင် နေပြည်တော်ကောင်စီနယ်မြေအတွင်းရှိ ဘုရား၊ စေတီ၊ ပုထိုးများတွင် ဘုရားဖူးလာရောက်ကြသူများ၊ ကုသိုလ်ကောင်းမှုပြုသူများ၊ ဥပုသ်သီလဆောက်တည်ကြသူများဖြင့် စည်ကားလျက်ရှိသည်။

နံနက်ပိုင်းတွင် နေပြည်တော်ဥပ္ပါတသန္တိစေတီတော်မြတ်ကြီး၏ (၁၄)ကြိမ်မြောက် တန်ဆောင်တိုင်ရွှေကြာသင်္ကန်းကပ်လှူပူဇော်ပွဲ အခမ်းအနားကို အဆိုပါစေတီ တော်လိုဏ်တော်၌ ကျင်းပသည်။

အခမ်းအနားတွင် နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးတင်ဦးလွင်၊ သာသနာရေးနှင့်ယဉ်ကျေးမှု ဝန်ကြီးဌာန ဒုတိယဝန်ကြီးဦးအေးထွန်း၊ နေပြည်တော်ကောင်စီဝင်များဖြစ်ကြသည့် ဗိုလ်မှူးကြီး မင်းနောင်၊ ဦးဇေယျာလင်း၊ ဦးမြင့်စိုး၊ နေပြည်တော်တိုင်းစစ်ဌာနချုပ် ဒုတိယတိုင်းမှူး ဗိုလ်မှူးချုပ်ကျော်စိုးဦးနှင့် တာဝန်ရှိသူများက စေတီတော်လိုဏ်တော်အတွင်းရှိ ဗုဒ္ဓပဋိမာ ရုပ်ပွားဆင်းတုတော်များနှင့် စေတီတော်အရှေ့မြောက်ထောင့်ရှိ မဟာဆုတောင်းပြည့် ဘုရားကြီးအား တန်ဆောင်တိုင်ရွှေကြာသင်္ကန်းကပ်လှူပူဇော်ပြီး ရုပ်ပွားတော်များအား မြသပိတ်တော်ဖြင့် ဆွမ်း၊ သစ်သီး၊ ပန်းမန်နှင့် သောက်တော်ရေတို့ကို ဆက်ကပ် လှူဒါန်းကြသည်။

ထို့နောက် (၁၄၁)ကြိမ်မြောက် အသံမစဲမဟာပဋ္ဌာန်းမြတ်ရွတ်ဖတ်ပူဇော်ပွဲ အောင်ပွဲအခမ်း အနားကို စေတီတော်ရင်ပြင်ရှိ ဓမ္မာရုံအတွင်း၌ ဆက်လက်ကျင်းပရာ ဥပ္ပါတသန္တိစေတီတော် မြတ်ကြီးဂေါပကအဖွဲ့၏ ဩဝါဒါစရိယ နေပြည်တော် လယ်ဝေးမြို့ အင်းသာအရှေ့ကျောင်းတိုက် ပဓာနနာယကအဘိဓဇ အဂ္ဂမဟာသဒ္ဓမ္မဇောတိက ဘဒ္ဒန္တ ပဏ္ဍိတထံမှ ဒုတိယဝန်ကြီးနှင့်ဇနီးနှင့် နေပြည်တော်တိုင်းစစ်ဌာနချုပ် ဒုတိယတိုင်းမှူးနှင့် ဧည့်ပရိသတ်များက ကိုးပါးသီလခံယူဆောက်တည်ကြပြီး ဆရာတော် သံဃာတော်များ ရွတ်ပွားသရဇ္စျာယ်ချီးမြှင့်တော်မူသည့် ပရိတ်တရားတော်များကို နာယူကြသည်။

ယင်းနောက် ဘဒ္ဒန္တပဏ္ဍိတအမှူးပြုသော ဆရာတော်၊ သံဃာတော်များအား ဒုတိယဝန်ကြီးနှင့် ဇနီး၊ နေပြည်တော်တိုင်းစစ်ဌာနချုပ် ဒုတိယတိုင်းမှူးနှင့် တာဝန်ရှိသူများက လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းကြပြီး အနုမောဒနာတရားနာယူကြကာ လှူဒါန်းမှုအစုစုအတွက် ရေစက်သွန်းလောင်းအမျှပေးဝေကြသည်။

ဥပ္ပါတသန္တိစေတီတော်မြတ်ကြီး၏ ပရိဝုဏ်အတွင်း ရတနာဆင်ဖြူတော် ထိန်းသိမ်းစောင့် ရှောက်ရေးဥယျာဉ်ရှိ ရတနာဆင်ဖြူတော်အဆောင်တွင် ဆင်စာကျွေးကြသူများ၊ နိဗ္ဗာန် ကုန်ဆိုင်များနှင့် အမှတ်တရပစ္စည်းအရောင်းဆိုင်များတွင်လည်း ဈေးဝယ်ကြသူများဖြင့် စည်ကားလျက်ရှိသည်။

ထို့ပြင် ညနေပိုင်းတွင် ဥပ္ပါတသန္တိစေတီတော်မြတ်ကြီးစေတီတော်ရင်ပြင်တွင် ဘုရားရှင်အား ရည်မှန်း၍ ဆီမီးပူဇော်ပွဲကျင်းပရာ ဘုရားဖူးပြည်သူများဖြင့် စည်ကားလျက်ရှိသည့်အပြင် စေတီတော်မြတ်ကြီးအနီးရှိ တပေါင်းကွင်း၌လည်း မီးရှူး၊ မီးပန်းများပစ်ဖောက်ရာ အများ ပြည်သူများလာရောက်ကြည့်ရှုကြသူများဖြင့် စည်ကားလျက်ရှိသည်။

အလားတူ နေပြည်တော်ကောင်စီနယ်မြေအတွင်းရှိ ဗုဒ္ဓဂယာ(နေပြည်တော်)၊ မဟာသကျရံသီ ရပ်တော်မူရုပ်ရှင်တော်မြတ်ကြီး၊ ရန်အောင်မြင်ရွှေလက်လှစေတီတော်၊ ရန်အောင်ချမ်းသာ ဘုရား၊ ဓါတုစယဓာတ်ပေါင်းစုစေတီတော်၊ ထာဝရငြိမ်းချမ်းရေးစေတီ၊ လှေခွင်းတောင်တန်ခိုးကြီးဘုရား၊ ကိုးနဝင်းစေတီတော်၊ ဆုတောင်းပြည့် လောကမာရဇိန် စေတီတော်၊ သံသရာငြိမ်းအေးစေတီတော်၊ ဘုရားကိုးဆူ၊ ကိုးခန်းကြီးဘုရား၊ လောကရန်နှိမ် စေတီ၊ ဖောင်တော်ချက်မစေတီ၊ လက်လုပ်တောင်စေတီ၊ မြို့ပေါ်ရပ်ကွက်များရှိ စေတီပုထိုးများ နှင့် ကျောင်းကန်ဇရပ်များတွင် ဘာသာရေးဝတ်အသင်းအဖွဲ့များ၊ ဒေသခံပြည်သူများ၊ ဝန်ထမ်း မိသားစုများ၊ အနယ်နယ်အရပ်ရပ်မှ ဘုရားဖူးလာရောက်ကြသူများသည် တရားဘာဝနာပွားများခြင်း၊ ဝတ်ရွတ်ပူဇော်ခြင်း၊ ရွှေသင်္ကန်းကပ်လှူပူဇော်ခြင်း၊ တရားသဘင် များကျင်းပခြင်း၊ ဆရာတော် သံဃာတော်များအား ဆွမ်းဆက်ကပ်လှူဒါန်းခြင်း၊ ဆွမ်းဆန်စိမ်း လောင်းလှူခြင်း၊ စတုဒိသာကျွေးမွေးလှူဒါန်းခြင်းများဖြင့် စည်ကားလျက်ရှိသည်။

ထို့ပြင် နေပြည်တော်ကောင်စီနယ်မြေအတွင်းရှိ မြို့နယ်၊ ရပ်ကွက်၊ လမ်းများ၌ မော်တော် ယာဉ်များ၊ ဆိုင်ကယ်များဖြင့် ဘုံကထိန်များလှည့်လည်ခြင်း၊ နိဗ္ဗာန်ဈေးပွဲတော်များကျင်းပခြင်း၊ Ocean Super Center ၊ Juction Center ၊ Naypyitaw Wholesale တို့တွင် ဈေးလာဝယ် ကြသူများ၊ အမျိုးသားအထိမ်းအမှတ်ဥယျာဉ်၊ ဆာဖာရီဥယျာဉ်၊ တိရစ္ဆာန်ဥယျာဉ်၊ လှေခွင်းတောင်အပန်းဖြေစခန်း၊ ငလိုက်ဆင်စခန်းနှင့်မ င်္ဂလာကန်တော်တွင် အပန်းဖြေ လာရောက်ကြသူများဖြင့် စည်ကားလျက်ရှိသည်။

ထို့အတူ နေပြည်တော်ရေပန်းဥယျာဉ်အတွင်း ကျင်းပလျက်ရှိသည့် ညဈေးရောင်းပွဲတော် အတွင်း ဖျော်ဖြေရေးအစီအစဉ်များအဖြစ် နိုင်ငံကျော်တေးသံရှင်များက DJ,Music Band များ နှင့်အတူ ပရိသတ်အကြိုက်တေးသီချင်းများဖြင့် ဖျော်ဖြေတင်ဆက်ကြရာ လာရောက် လည်ပတ်ကြည့်ရှုကြသူများဖြင့် စည်ကားလျက်ရှိသည်။

ညပိုင်းတွင်လည်း အဆိုပါဘုရားများ၌ ဆီမီးပူဇော်ပွဲများ၊ မြို့ပေါ်ရပ်ကွက်၊ ကျေးရွာများရှိ ဘုရားစေတီများနှင့် နေအိမ်များ၌ မြတ်စွာဘုရားရှင်အား ရည်မှန်း၍ ဆီမီးနှင့်မီးရောင်စုံ ထွန်းညှိ ပူဇော်ကြသူများ၊ မဲဇလီဖူးသုပ် ဒါနပြုကြသူများ၊ ပံ့သကူလိုက်လံကောက်ကြသူများဖြင့် စည်ကားလျက်ရှိသည်။

တန်ဆောင်မုန်းလပြည့်နေ့တွင် ဘုရားဖူးလာရောက်ကြသူများကို ကိုဗစ်-၁၉ရောဂါ ကာကွယ်ရေးအတွက် ကျန်းမာရေးဝန်ထမ်းများနှင့် ကြက်ခြေနီတပ်ဖွဲ့ဝင်များက နှာခေါင်းစည်း များဖြန့်ဝေခြင်း၊ ယာဉ်ထိန်းရဲတပ်ဖွဲ့ဝင်များက ဘုရားဖူးပြည်သူများ ယာဉ်အန္တရာယ်ကင်းရှင်းစွာ သွားလာနိုင်ရန်ဆောင်ရွက်ပေးခြင်းနှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များကလည်း ဘုရားဖူးပြည်သူများ စိတ်အေးချမ်းစွာကုသိုလ်ပြုနိုင်ရန် လုံခြုံရေးဆောင်ရွက်ပေးလျက်ရှိကိုလည်း တွေ့ရသည်။

တက်သစ်စ၊ ဓာတ်ပုံ- ကိုကြီးထိန်

No comments:

Post a Comment