Sunday, November 6, 2022

ရေကို မူလချွေတာကြစို့

 


စိုက်ပျိုးရေးအခြေခံသည့် စီးပွားရေးအပေါ် အဓိကအားထားနေရသည့် မိမိတို့နိုင်ငံအဖို့ ရာသီဥတုပြောင်းလဲမှုအပေါ်တွင် မျက်ခြည်မပြတ်သတိပြုနေရန် လိုအပ်သည်။ ရာသီအလိုက် သီးနှံများစိုက်ကြရာတွင် ပြောင်းလဲလာသည့် ရာသီဥတု၏ဒဏ်ကို ခံနိုင်ရည်ရှိသည့် သီးနှံပုံစံများ၊ သီးနှံမျိုးများ စသည်ဖြင့် လိုက်ပါပြောင်းလဲရန်လိုသကဲ့သို့ စိုက်နည်းစနစ်များကိုလည်း လိုအပ်သလိုလိုက်ပါပြောင်းလဲနိုင်ကြရမည်ဖြစ်သည်။ ထို့အပြင် စိုက်ပျိုးရေးလုပ်ငန်း၏ မရှိမဖြစ်သောရေကို အလေအလွင့်အနည်းဆုံးနှင့် အထိရောက်ဆုံးသုံးစွဲနိုင်ရန် အလေ့အကျင့်ပြုကြရမည်ဖြစ်သည်။

“ယခုနှစ်တွင် မိုးရွာသွန်းမှုနည်းပါးခဲ့သည့်အတွက် ယခင်နှစ်ကာလတူထက် မိုးရေချိန်နည်းပါးသောကြောင့် အချို့သောဆည်များအတွင်းသို့ ရေဝင်ရောက်မှုများ လျော့နည်းကြောင်း၊ ထို့ကြောင့် ဆည်ရေများကို စိုက်ပျိုးရေးလုပ်ငန်းများ၌သုံးစွဲရာတွင် ထိထိရောက်ရောက်ဖြင့် စနစ်တကျသုံးစွဲကြရန်လိုကြောင်း၊ ရေကို အဟောသိကံသုံးစွဲခြင်းများ မပြုလုပ်ဘဲ ရေကိုချွေတာသုံးစွဲကြရန်လိုကြောင်း၊ လာမည့်နွေရာသီ၌ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီးနှင့် စစ်ကိုင်းတိုင်းဒေသကြီး စသည့်မြေလတ်ဒေသများတွင် ရေရှားပါးမှုများဖြစ်ပေါ်နိုင်ကြောင်း၊ ထို့ကြောင့် ရေရရှိရေးအတွက် တာဝန်ရှိသူများက ကြိုတင်စဉ်းစားပြီး စီမံဆောင်ရွက်ထားကြရန်လိုကြောင်း”  နိုင်ငံတော်အကြီးအကဲ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြည်ထောင်စုအစိုးရအဖွဲ့အစည်းအဝေး အမှတ်စဉ် (၈/၂၀၂၂) အမှာစကားပြောကြားရာ၍ ထည့်သွင်းပြောကြားခဲ့သည်။

မိမိတို့နိုင်ငံတွင် သောက်သုံးရေနှင့်လုပ်ငန်းသုံးရေတို့ထက် စိုက်ပျိုးရေးအတွက်သုံးစွဲသည့်ရေက ၁၀ ဆခန့် ပိုမိုများပြားသည်။ စိုက်ပျိုးရေးကဏ္ဍတွင် ရေသုံးစွဲမှုကများပြားသလောက် ရေလေလွင့်မှုနှင့် အဟောသိကံဆုံးရှုံးမှုကလည်း လွန်စွာများပြားသည်။ လက်ရှိရေရယူသုံးစွဲနေမှုပုံစံမှာ သုံးစွဲမှုထက်လေလွင့်ဆုံးရှုံးမှု ပိုမိုများပြားနေသည့်ပုံစံဖြစ်ရာ တောင်သူများကို စိုက်ပျိုးရေအထိရောက်ဆုံးသုံးစွဲနိုင်ရေးနှင့် လေလွင့်ဆုံးရှုံးမှု အနည်းဆုံးဖြစ်စေရေးအတွက် အသိပညာနှင့် နည်းပညာများဖြန့်ဝေပေးနိုင်ရန်လိုအပ်သည်။ မြန်မာနိုင်ငံမှ စိုက်ပျိုးရေးပညာရှင်အများအပြားမှာ အစ္စရေးနိုင်ငံတွင် သွားရောက်ပညာဆည်းပူးခဲ့ကြသူများရှိရာ အစ္စရေးနိုင်ငံ၏ ရေစီမံခန့်ခွဲမှုပုံစံနှင့် စိုက်ပျိုးရေအလေအလွင့်အနည်းဆုံးနှင့် အထိရောက်ဆုံးအသုံးချနိုင်သည့် နည်းပညာတို့ကို မိမိတို့နိုင်ငံနှင့်ကိုက်ညီသည့်ပုံစံများအဖြစ် ပြောင်းလဲအသုံးပြုနိုင်ရန် တောင်သူများအား ပညာပေးမည်ဆိုပါက များစွာအကျိုးဖြစ်ထွန်းနိုင်မည်ဟု ယုံကြည်မိသည်။

အဖိုးတန်သယံဇာတများဖြစ်သည့် ရေအရင်းအမြစ်များ၊ မပျက်စီး၊ မဆုံးရှုံးအောင် ထိန်းသိမ်းစောင့်ရှောက်ရေး၊ ရေသုံးစွဲရာတွင် လေလွင့်ဆုံးရှုံးမှုအနည်းဆုံးဖြစ်အောင် အလေးထားဆောင်ရွက်ရေး၊ စွန့်ပစ်ရေများကို ပြန်လည်သန့်စင်၍ စိုက်ပျိုးရေအဖြစ်သုံးစွဲရေး စသည်တို့အပါအဝင် နည်းလမ်းများဖြင့် ရေကိုတန်ဖိုးထား၍ ချွေတာသုံးစွဲကာ ရာသီဥတုပြောင်းလဲမှုနှင့် သောက်သုံးရေ၊ စိုက်ပျိုးရေရှားပါးမှုတို့ဖြစ်ပေါ်လာသည့်အပေါ်တွင် စီမံခန့်ခွဲမှုနည်းလမ်းကောင်းများဖြင့် ရင်ဆိုင်ကျော်လွှားကြရမည်ဖြစ်ပါကြောင်း။    

မြန်မာ့အလင်းအယ်ဒီတာ့အာဘော်

No comments:

Post a Comment