Sunday, November 6, 2022

ငွေကြေးခဝါချမှုနှင့် အကြမ်းဖက်မှုကို ငွေကြေးထောက်ပံ့မှုတိုက်ဖျက်ရေးဆိုင်ရာ အသိပညာပေးဆွေးနွေး

နေပြည်တော် နိုဝင်ဘာ ၅

မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ ပြည်ပငွေလွှဲလုပ်ငန်း လိုင်စင်ရယူထားခြင်းမရှိဘဲ ဟွန်ဒီငွေလွှဲ လုပ်ငန်း ဆောင်ရွက်လျက်ရှိသည့် တာချီလိတ်မြို့နှင့်မူဆယ်မြို့တို့မှ လုပ်ငန်းရှင်များအား တရားဝင်လိုင်စင်ရယူ ဆောင်ရွက်နိုင်ရန်နှင့် ငွေကြေးခဝါချမှုနှင့်အကြမ်းဖက်မှုကို ငွေကြေးထောက်ပံ့မှုတိုက်ဖျက်ရေးဆိုင်ရာ အသိပညာပေးဆွေးနွေးပွဲကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ မြန်မာနိုင်ငံတော်ဗဟိုဘဏ်၌ ကျင်းပသည်။

အဆိုပါ ဆွေးနွေးပွဲတွင် မြန်မာနိုင်ငံတော်ဗဟိုဘဏ်ဥက္ကဋ္ဌ ဒေါ်သန်းသန်းဆွေက လက်ရှိမြန်မာနိုင်ငံ၏ ငွေကြေးခဝါချမှုနှင့် အကြမ်းဖက်မှုကို ငွေကြေးထောက်ပံ့မှုဆိုင်ရာ အကောင်အထည်ဖော်ဆောင်ရွက်ချက်များ၊ ယင်းလုပ်ငန်းစဉ်တွင်ပါရှိသော ပြည်ပငွေလွှဲလုပ်ငန်းများနှင့် စပ်လျဉ်းသည့် ဆုံးရှုံးနိုင်ခြေအန္တရာယ်များ၊ နယ်စပ်ဒေသများတွင် ခွင့်ပြုပေးလျက်ရှိသော ဘတ်-ကျပ်၊ ယွမ်-ကျပ် အစီအစဉ်များနှင့် ဟွန်ဒီငွေ လွှဲလုပ်ငန်းများ တရားဝင်လိုင်စင်ရယူ၍ လုပ်ကိုင်နိုင်ရေးဆိုင်ရာ ကိစ္စရပ်များကို ရှင်းလင်းပြောကြားသည်။

ထို့နောက် ငွေကြေးဆိုင်ရာ စုံစမ်းထောက်လှမ်းရေးအဖွဲ့နှင့် အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာန တာဝန်ရှိသူများ က ငွေကြေးခဝါချမှုနှင့် အကြမ်းဖက်မှုကို ငွေကြေးထောက်ပံ့မှု တိုက်ဖျက်ရေးဆိုင်ရာ ပြည်ပငွေလွှဲလုပ်ငန်းများ နှင့်စပ်လျဉ်းသည့် ကိစ္စရပ်များကိုလည်းကောင်း၊ မြန်မာနိုင်ငံတော်ဗဟိုဘဏ် နိုင်ငံခြားသုံးငွေစီမံခန့်ခွဲမှုဌာန ညွှန်ကြားရေးမှူးက ပြည်ပငွေလွှဲလုပ်ငန်းလိုင်စင်နှင့် နိုင်ငံခြားငွေ ရောင်းဝယ်လဲလှယ် ခွင့်လုပ်ငန်းလိုင်စင် လျှောက်ထားခြင်းဆိုင်ရာ လိုအပ်သောအချက်အလက်များကိုလည်းကောင်း ရှင်းလင်းဆွေးနွေးကြပြီး ဟွန်ဒီ ငွေလွှဲလုပ်ငန်းဆောင်ရွက်သည့် လုပ်ငန်းရှင်များ၏ သိရှိလိုသော မေးမြန်းချက်များကို ပြန်လည် ဖြေကြားကြသည်။

အဆိုပါဆွေးနွေးပွဲသို့ မြန်မာနိုင်ငံတော်ဗဟိုဘဏ် ဒုတိယဥက္ကဋ္ဌများ၊ မြန်မာနိုင်ငံတော် ဗဟိုဘဏ်ဌာန အကြီးအကဲများနှင့် တာဝန်ရှိသူများ တက်ရောက်ကြကြောင်း သိရသည်။

သတင်းစဉ်

No comments:

Post a Comment