Sunday, November 6, 2022

လုမ္ဗိနီက မြန်မာတို့၏အလှူဒါနများ

 

မောင်သံငြိမ်း


ရှင်တော်ဂေါတမမြတ်ဗုဒ္ဓအလောင်းအလျာ သိဒ္ဓတ္ထမင်းသားဖွားမြင်တော်မူရာ နီပေါနိုင်ငံ “လုမ္ဗိနီ” ဒေသ၌ မြန်မာတို့၏ကုသိုလ်အလှူဒါနကြောင့် သာသနိကအဆောက်အအုံများ ခံ့ညားစွာတည်ရှိနေမှုကို သတိရစိမ့်သောငှာ ဤဆောင်းပါးကို တင်ပြအပ်ပါသည်။

မြတ်ဗုဒ္ဓ၏ ဘဝဖြစ်စဉ်တွင် “ဖွား၊ ပွင့်၊ ဟော၊ စံ” ဟူသည့် သံဝေဇနိယလေးဌာန ရှိပါသည်။ဖွား= ဖွားမြင်တော်မူရာ လုမ္ဗိနီအင်ကြင်းဥယျာဉ်၊ ပွင့် = သဗ္ဗညုတရွှေဉာဏ်တော်ရရှိ ဘုရားအဖြစ်ရောက်ရှိ (ပွင့်)တော်မူရာဗုဒ္ဓဂယာ၊ ဟော = ဓမ္မစကြာ တရားဦး ဟောတော်မူရာမိဂဒါဝုန်တော၊ စံ = စံပရိနိဗ္ဗာန် စံတော်မူရာကုသိနာရုံဒေသဌာနများဖြစ်ကြပါ သည်။

အထက်ပါ သံဝေဇနိယလေးဌာနအနက် လုမ္ဗိနီမှအပ ကျန်သုံးဌာနမှာ အိန္ဒိယနိုင်ငံအတွင်းတည်ရှိပြီး ဖွားမြင်တော်မူရာ လုမ္ဗိနီဒေသမှာ နီပေါနိုင်ငံအတွင်း တည်ရှိပါသည်။ ဗုဒ္ဓဂယာ၊ မိဂဒါဝုန်ကဲ့သို့ သာမန်ဗုဒ္ဓဘာသာဘုရားဖူးများ အရောက်အပေါက် နည်းခဲ့ပါသည်။ လုမ္ဗိနီသွားရန် အိန္ဒိယနိုင်ငံဗီဇာအပြင် နီပေါနိုင်ငံ ပြည်ဝင်ဗီဇာထပ်မံလိုအပ်သဖြင့်လည်းကောင်း၊ လုမ္ဗိနီတွင်တည်းခိုညအိပ်ရန် အခက်အခဲရှိသဖြင့်လည်းကောင်း၊ ယခင်က အလွန်ဆုံးနေ့ချင်းပြန်မျှသာရောက်ရှိသူများပါ သည်။ ကွယ်လွန်သူ ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ဟောင်း ဦးသန့် ဆောက်လုပ်လှူဒါန်းခဲ့သည့် အခန်းအနည်းငယ်ပါ နှစ်ထပ်အုတ်တိုက်တစ်လုံး၊ တိုးရစ်ဘားမားကလှူဒါန်းသည့်ခြင်ထောင်၊ ခေါင်းအုံးအချို့သာရှိပါသည်။ ချို့တဲ့မှုမှာကုသိနာရုံထက် အနည်းငယ်သာသာပါသည်။

ဗုဒ္ဓဘာသာဝင်များအထွတ်အမြတ်ထားရာ ရှင်တော်မြတ်ဗုဒ္ဓဖွားမြင်တော်မူသည့် လုမ္ဗိနီဒေသ၏ ဖွံ့ဖြိုးမှုအနေအထားမှာ ယခင်ကအားရဖွယ်ရာမတွေ့ရပါ။ မြန်မာဗိသုကာလက်ရာ ဆင်းတုတော်ကြီးတစ်ဆူနှင့် အမြဲသီတင်းသုံးခြင်းမရှိသည့် မြန်မာ ဘုန်းတော်ကြီးတစ်ပါးရှိတတ်ပါသည်။ ဒေသခံထေရဝါဒဗုဒ္ဓဘာသာဓမ္မောဒယစာဘအသင်းမှ ဘုန်းတော်ကြီးနှင့် ဒေသခံများကကူညီပြသပေးသည့် မြတ်ဗုဒ္ဓဖွားမြင်တော်မူရာနေရာပြ အသောကကျောက်တိုင်နှင့် ဖွားမြင်တော်မူပုံထွင်းထုထားသည့် ယိုယွင်းနေသော ကျောက်ရုပ်ပြားတည်ရှိရာ မယ်တော်မာယာဗိမာန်ဟူသည့် အုတ်တိုက်ငယ် တစ်လုံးကိုသာဖူးတွေ့ရပါသည်။ ၎င်းတို့ဓလေ့ ချယ်သထားသောဆေးအနီ၊ အဝါနှင့် ပန်းအဝါ အချို့ကိုသာ သပ်ရပ်မှုမရှိတွေ့ရှိရပါသည်။

ထိုကဲ့သို့သောအခြေအနေမှ မွန်မြတ်လှသည့် လုမ္ဗိနီဒေသအခြေအနေမှာ ထူးထူးခြားခြား ပြောင်းလဲသွားသည်ကို ၁၉၈၈ ခုနှစ် နောက်ပိုင်းတွင် ဝမ်းမြောက်ဖွယ်ရာတွေ့ရှိခဲ့ရပါသည်။ ဖြစ်စဉ်မှာ နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှုတည်ဆောက်ရေးအဖွဲ့လက်ထက် သာသနာရေးဝန်ကြီးဌာန၏အစီအစဉ်ဖြင့် ဗုဒ္ဓဂယာဘုရားဖူးများ ယခင်ကထက် ပိုမို စေလွှတ်ပေးခဲ့သဖြင့် အရောက်အပေါက်များလာခဲ့ပါသည်။ လုမ္ဗိနီအထိသွားရောက်ဘုရားဖူးသူ များလာပါသည်။ သာသနာတော်ထွန်းကားပြန့်ပွားရေးကို အစဉ်တစိုက်ကြိုးပမ်းဆောင်ရွက်ခဲ့ သည့် တပ်မတော်အစိုးရ (နဝတနှင့် နယကလက်ထက်အစိုးရ)များ၏ ဦးဆောင်မှုဖြင့် မြန်မာနိုင်ငံပြည်တွင်းမှာသာမက ပြည်ပနိုင်ငံများအထိ မြန်မာပြည်သူအများ သွားရောက်လှူဒါန်းနိုင်ခဲ့ပါသည်။ မြန်မာတို့၏ အလှူဒါနများအနက် ရှင်တော်မြတ်ဗုဒ္ဓဖွားမြင် ခဲ့ရာ မြေလုမ္ဗိနီဒေသ၏ဖွံ့ဖြိုးတိုးတက်မှုကို ကောက်နုတ်ဖော်ပြအပ်ပါသည်။

ထိုမျှသာမကသေး တပ်မတော်အစိုးရလက်ထက် အထူးခြားဆုံးမြန်မာတို့၏ အလှူဒါန သာသနိကအဆောက်အအုံများ ဆောက်လုပ်လှူဒါန်းနိုင်မှုကို ဆက်လက်တင်ပြလိုပါသည်။ တစ်ဆက်တည်းဖွားမြင်တော်မူရာ လုမ္ဗိနီဒေသအကြောင်း ကြည်ညိုသဒ္ဓါပွားများစေရန် ဦးစွာ ဖော်ပြလိုပါသည်။

လုမ္ဗိနီ

ရှင်တော်မြတ်ဗုဒ္ဓဖွားမြင်တော်မူရာ “လုမ္ဗိနီ” သာမောအင်ကြင်းတောမှာ ဘုရားအလောင်းတော် သိဒ္ဓတ္ထမင်းသား၏ဖခမည်းတော် ကပ္ပိလဝတ်ပြည့်ရှင် သုဒ္ဓေါဒနမင်းကြီးစံမြန်းရာ ကပ္ပိလဝတ် ပြည်နှင့် မိဖုရားကြီးသီရိမဟာမာယာဒေဝီ၏ ဇာတိမြေဒေဝဒဟပြည်အကြားတွင်တည်ရှိပါ သည်။ “လုမ္ဗိနီ” ဟုခေါ်တွင်ရခြင်းမှာ မယ်တော်သီရိမဟာမာယာဒေဝီ၏ ဖခမည်းတော်ဖြစ်သည့် ဒေဝဒဟပြည့်ရှင်မင်းကြီး၏မိဖုရားကြီး “လုမ္ဗိနီ” က ၎င်းအတွက် သာယာလှပသော ဥယျာဉ်ကြီးတစ်ခုပျိုးထောင်ပေးရန် ဘုရင်ကြီးအားလျှောက်ထားသဖြင့် မိဖုရားကြီးအတွက် ဥယျာဉ်တစ်ခုပျိုးထောင်ပေးရာ ဥယျာဉ်ကို မိဖုရားကြီး၏အမည်ကိုအစွဲပြု၍ “လုမ္ဗိနီ” ဥယျာဉ်ဟု ခေါ်တွင်ခဲ့သည်ဟုသိရပါသည်။

မယ်တော်သီရိမဟာမာယာဒေဝီမိဖုရားကြီးသည် ဘုရားအလောင်းတော် ပဋိသန္ဓေစွဲတည်တော် မူပြီးဆယ်လအကြာ ရင့်မာခြင်းသို့ရောက်သောအခါ မိမိ၏ဇာတိရပ်မြေ ဆွေမျိုးတို့ဌာန ဒေဝဒဟပြည်သို့ သွားရောက်လိုသောဆန္ဒလှုံ့ဆော်ဖြစ်ပေါ်လာရာ မင်းကြီးထံ လျှောက်ထားပန်ကြားပြီး ခြွေရံသင်းပင်း၊ ဝင်းကိုယ်ရံတော်အဆောင်အယောင်များစွာဖြင့် ဒေဝဒဟပြည်သို့ ကြွချီတော်မူပါသည်။

လုမ္ဗိနီဥယျာဉ်သို့ဆိုက်ရောက်သောအခါ အင်ကြင်းပင်များသည် ပင်ရင်းပင်ခြေမှ အခက် အဖျားများတိုင် ပင်လုံးကျွတ်အပင်တိုင်းပွင့်လျက်ရှိပြီး အင်ကြင်းပင်များ၏ အပွင့်အခက်များအကြား ပျားပိတုန်းများနှင့် အမျိုးမျိုးသောငှက်အပေါင်းသည် သာယာနာပျော်ဖွယ်အသံဖြင့် ဝဲပျံကွန့်မြူး၊ တွန်ကျူးလျက်ရှိသည်ဟုဆိုပါသည်။ အဆိုပါ အချိန်တွင် သီရိမဟာမာယာဒေဝီမိဖုရားကြီးသည် အင်ကြင်းဥယျာဉ်အတွင်းသို့ သက်ဝင်ပျော်ပါး ကစားရွှင်မြူးလိုသောဆန္ဒ ထင်ရှားစွာဖြစ်ပေါ်လာသဖြင့် မင်္ဂလာအင်ကြင်းဥယျာဉ်တော်အတွင်းသို့ဝင်ရောက်ခဲ့ပြီး ဖြောင့်မတ်လုံးဝန်းသောပင်စည်ရှိပြီး ပန်းအတိတန်ဆာဆင်အပ်သော အင်ကြင်းပင်၏အခက်ကို လက်ဖြင့်လှမ်းယူလိုလာပါတော့ သည်။

ထိုအင်ကြင်းခက်သည်လည်း အသက်ရှိသူအလား လူအများ၏စိတ်နှလုံးကို ချောက်ချား နှောက်မွှေအံ့ဩစေလျက် အလိုအလျောက်အောက်သို့ညွတ်ကိုင်းကာ မိဖုရားကြီး၏ လက်ဝါးအပြင်သို့ အဆင်သင့်ကပ်ရောက်လာလေရာ မယ်တော်မိဖုရားကြီးသည် အင်ကြင်းခက်ကို လက်ယာလက်ဖြင့် ဆွဲကိုင်ရပ်တည်သောခဏ၌ ဘုရား အလောင်းတော်ကိုဖွားမြင်ကြောင်း ကမ္မဇလေတုန်လှုပ်လာခဲ့ပါသည်။

ထိုအချိန်ကာလ မဟာသက္ကရာဇ် ခြောက်ဆယ့်ရှစ်ခုနှစ် ကဆုန်လပြည့် သောကြာနေ့တွင် ကျေးဇူးတော်အစုံ ဂုဏ်တော်အနန္တနှင့် ပြည့်စုံတော်မူသော ရှင်တော်ဂေါတမမြတ်စွာဘုရား အလောင်းတော်သည် “လုမ္ဗိနီ” မည်သောမင်္ဂလာအင်ကြင်းတောအတွင်း မယ်တော်သီရိမဟာမာယာဒေဝီမိဖုရားကြီး၏ ဝမ်းကြာတိုက်မှ ကောင်းစွာမီးရှူး သန့်စင်ဖွားမြင်တော်မူခဲ့ပါသည်။

ဗုဒ္ဓဘာသာဝင်များအတွက် ဤမျှမွန်မြတ် အလေးထားအပ်သော လုမ္ဗိနီဒေသဖြစ်စဉ်သမိုင်းကို အနည်းငယ်ဖော်ပြရလျှင် လုမ္ဗိနီဒေသသည် ထိုစဉ်က နီပေါနိုင်ငံဟူ၍ နိုင်ငံတစ်ခုမဖြစ်လာမီ အိန္ဒိယနိုင်ငံ၏ အစိတ်အပိုင်းတစ်ခုမျှသာဖြစ်ပါသည်။ အခြားဘာသာဝင်အများစုနေထိုင်ရာ ဒေသတစ်ခုအတွင်းတည်ရှိနေပါသည်။ ဘုရားပွင့်တော်မူရာ ဒေသမဟုတ်သေး၍ အလေးမထားကြပါ။

အတိုချုံးဖော်ပြရလျှင် ခေတ်သစ်နီပေါနိုင်ငံဟူ၍ ခရစ်သက္ကရာဇ် ၁၈၁၆ ခုနှစ်မှ ပေါ်ပေါက်ခဲ့ရာ ထိုကာလမတိုင်မီက အိန္ဒိယလက်အောက်ခံ နယ်စွန်နယ်ဖျားအဖြစ် သတ်မှတ်ကြပါသည်။ အိန္ဒိယနိုင်ငံတွင် ခရစ်တော်မပေါ်မီ ၅ / ၆ ရာစုက ဘုရားပွင့်တော်မူပြီး ဗုဒ္ဓသာသနာ တစ်စထက်တစ်စထွန်းကားခဲ့သော်လည်း လုမ္ဗိနီကို အလေးမထားခဲ့ပါ။ ဗုဒ္ဓဂယာ တစ်ဝိုက်အိန္ဒိယနိုင်ငံအတွင်းသာ ထွန်းကားခဲ့ပါသည်။

ထူးထူးခြားခြား မြန်မာဗုဒ္ဓဘာသာဝင်များ ဂုဏ်ယူဝမ်းမြောက်ကုသိုလ်ရယူဖွယ်ရာရှင်တော် မြတ်ဗုဒ္ဓသက်တော်ထင်ရှားရှိစဉ် မြန်မာနိုင်ငံမှ တဖုဿနှင့် ဘလ္လိကကုန်သည်ညီနောင်တို့အား မြတ်စွာဘုရားကဆံတော်များပေးသနားခဲ့ခြင်း၊ မြန်မာနိုင်ငံတော်နှင့် ကမ္ဘာ့ဗုဒ္ဓဘာသာဝင်များ မွန်မြတ်လေးစားဖွယ်ဆံတော်များကို ဌာပနာတော်မူပြီး ရွှေတိဂုံစေတီတော်တည်ထားကိုးကွယ်နိုင်ခဲ့ခြင်းမှာ မြတ်ဗုဒ္ဓသာသနာ့သမိုင်းတွင် ရှေ့ဆုံးမှ ပါဝင်ခဲ့ဖူးကြောင်း သာဓကတစ်ရပ်ဖြစ်ပါသည်။

မဇ္ဈိမဒေသတွင် ဗုဒ္ဓဘာသာသမိုင်းကိုပြန်ကြည့်ပါက ထွန်းကားသည့်ကာလ၊ တိမ်မြုပ်ပျောက်ကွယ်သည့်ကာလ၊ အားပေးသည့်သာသနာ့ဒါယကာများ ပေါ်ပေါက်ခဲ့သည့်ကာလ၊ နှောင့်ယှက်ဖျက်ဆီးလိုသူများပေါ်ပေါက်သည့်ကာလဟူ၍ အမျိုးမျိုး ကြုံတွေ့ခဲ့ရပါသည်။

လုမ္ဗိနီဒေသမှာလောကဓံတရားအနိမ့်အမြင့်တွင် တစ်ချိန်က နှစ်ပေါင်းများစွာတိမ်မြုပ်ပျောက်ကွယ်လုနီးပါး ကြုံတွေ့ခဲ့ရပါသည်။ ဘီစီ ၃ ရာစုတွင် သာသနာ့ဒါယကာသီရိဓမ္မာသောကမင်းကြီး (အသောကမင်းကြီး)က လုမ္ဗိနီဥယျာဉ်သို့ရောက်ရှိ လာပြီး အရှင်ဥပဂုတ္တ၏ ညွှန်ပြချက်အရဘုရား ဖွားတော်မူရာနေရာတွင် အမှတ်အသားပြု ကျောက်တိုင်တစ်ခုစိုက်ထူခဲ့ရာ ယနေ့အထင်အရှားတွေ့မြင်နိုင်ပြီး ဖွားမြင်တော်မူရာနေရာပြ အသောက ကျောက်တိုင်ဟုခေါ်ဝေါ်လျက်ရှိကြပါသည်။

မြေပြင်အထက် ၁၃ ပေ ကျော်မြင့်ပြီးလုံးပတ် ခုနစ်ပေ သုံးလက်မရှိသည်။ မူလက ကျောက်တိုင် ထိပ်တွင် မြင်းရုပ်ပါရှိခဲ့သည်ဆိုသော်လည်း ယခုမတွေ့ရှိရပါ။ ထို့နောက် နှစ်ပေါင်း ၆၀၀ ကျော် ချုံနွယ်များပိတ်ဖုံးပြီး တိမ်မြုပ်ပျောက်ကွယ်ခဲ့ရကြောင်း သိရပါသည်။

၁၈၉၅ ခုနှစ်တွင်မှ ရှေးဟောင်းသုတေသီ ဒေါက်တာအေဖူရာနှင့် ဗိုလ်ချုပ်ကြီးခတ်ခါရမ်ရှား ရာနာ၏အကူအညီဖြင့် အသောကကျောက်တိုင်ကိုလည်းကောင်း၊ တောင်ကုန်းငယ်အဖြစ်တည်ရှိနေသော မယ်တော်သီရိမဟာမာယာဒေဝီဗိမာန်၊ ဖွားမြင်တော်မူခန်းကျောက်ရုပ်နှင့် ရှေးဟောင်းစေတီများ၏နေရာများကို ရှာဖွေတွေ့ရှိရကြောင်း၊ တူးဖော်မှုများကိုလည်း ဆက်လက်ပြုလုပ်ခဲ့ကြောင်း သိရှိရပါသည်။

၁၉၅၆ ခုနှစ်တွင် နီပေါနိုင်ငံ၏ ထေရဝါဒဗုဒ္ဓဘာသာအသင်း၊ ဓမ္မောဒယစာဘအသင်းက ကျောက်တိုင်အနီးကျောင်းတစ်ဆောင်ဆောက်လုပ်ခဲ့ရာ ထိုဒေသတစ်ဝိုက်အကြီးဆုံးသာသနိက အဆောက်အအုံတစ်ခုပေါ်ပေါက်ခဲ့ကြောင်း၊ ၁၉၅၆ တွင် နတ်ရွာစံသွားသည့် နီပေါဘုရင်မဟိန္ဒရာရောက်ရှိလာပြီး ဖွံ့ဖြိုးရေးလုပ်ငန်းများအတွက် ပထမဆုံးစိတ်ဝင်စားစွာ လမ်းညွှန်မိန့်ကြားခဲ့ကြောင်း သိရှိရပါသည်။ ၁၉၆၇ ခုနှစ်တွင်ကုလသမဂ္ဂအတွင်းရေးမှူးချုပ် ဦးသန့် လုမ္ဗိနီသို့ရောက်ရှိလာခဲ့ပြီး မြန်မာနိုင်ငံအပါအဝင် ၁၃ နိုင်ငံပါဝင်သော အပြည်ပြည် ဆိုင်ရာလုမ္ဗိနီဖွံ့ဖြိုးရေးကော်မတီတစ်ရပ်ဖွဲ့စည်းခဲ့ကြောင်း၊ လမ်းညွှန်ချက်များ ဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။ တည်းခိုရန်နှစ်ထပ်တိုက်တစ်လုံး ဦးသန့်ကိုယ်တိုင်လှူဒါန်းခဲ့ကြောင်း သိရပါသည်။

ထိုအချိန်အထိ တစ်ဦးချင်း အလှူဒါနများမှအပ ပြည်သူများ၏ အလှူအဖြစ် ဉာဏ်တော်ခြောက်ပေခန့် ကျောက်ဆင်းတုတစ်ဆူသာရှိသေးကြောင်း သိရှိရပါသည်။

ပထမဖွံ့ဖြိုးရေးအဖွဲ့

၁၉၈၅ ခုနှစ်တွင် (နတ်ရွာစံပြီး) ဘုရင်ဘီရင်ဒရာက ညီတော်ကို ဥက္ကဋ္ဌအဖြစ်ခန့်၍ ရှစ်ဦးပါ ဖွံ့ဖြိုးရေးအဖွဲ့ကိုဖွဲ့ပေးခဲ့သည်။ ၎င်းအဖွဲ့အနေဖြင့် သီရိလင်္ကာနိုင်ငံ အစိုးရအလှူ ၃၂ ခန်းပါ တည်းခိုရိပ်သာ၊ အိန္ဒိယနိုင်ငံအလှူပြတိုက်အဆောက်အအုံတစ်ခု၊ ဂျပန်ဗုဒ္ဓဘာသာအဖွဲ့တစ်ခုကလှူဒါန်းသည့် သုတေသနနှင့်စာကြည့်တိုက်တစ်ခုနှင့် ဂျပန်ဟုတ်ကီ ကလပ်မှ ၅၆ ခန်းပါ ကြယ်သုံးပွင့်ဟိုတယ်ကို ဆောက်လုပ်ခွင့်ပြုနိုင်ခဲ့ပါသည်။

အဆိုပါအဖွဲ့တွင် အဖွဲ့ဝင်အများစုမှာဗုဒ္ဓဘာသာဝင်များမဟုတ်ကြ၍ စိတ်ဝင်စားမှုနည်းပါးပြီး တိုးတက်သင့်သလောက်တိုးတက်အောင်မဆောင်ရွက်နိုင်ကြောင်း၊ အလွဲသုံးစားမှုများရှိ ကြောင်း စသည်ဖြင့် ထိုးနှက်ဝေဖန်ခြင်းခံရပါသည်။

ယခုပြင်ဆင်ဖွဲ့စည်းသည့် လုမ္ဗိနီဖွံ့ဖြိုးရေးအဖွဲ့

၁၉၉၁ ခုနှစ်မေလတွင် နီပေါနိုင်ငံ၌ အစိုးရအဖွဲ့အသစ်အပြောင်းအလဲဖြစ်ခဲ့ရာ လုမ္ဗိနီဖွံ့ဖြိုးရေးအဖွဲ့ကို ပညာရေးနှင့်ယဉ်ကျေးမှုဝန်ကြီး ဦးဆောင်ပြီး အဖွဲ့ဝင် ၂၁ ဦးဖြင့် ပြင်ဆင်ဖွဲ့စည်းခဲ့ပါသည်။ ရာထူးဌာနန္တအရ ပါဝင်သူအခြားဘာသာဝင်ငါးဦးခန့်မှလွဲ၍ ကျန်အဖွဲ့ဝင်အားလုံးမှာဗုဒ္ဓဘာသာဝင်များဖြစ်ကြပြီး သာသနာထွန်းကားပြန့်ပွားရေးကို အလေးထားဆောင်ရွက်နိုင်မည့်သူများဖြစ်ကြပါသည်။ အဖွဲ့ဖွဲ့စည်းပြီးတစ်နှစ်မပြည့်မီပင် အထူး တက်ကြွစိတ်ဝင်စားစွာဖြင့်ဆောင်ရွက်လျက်ရှိကြောင်း ကြားသိရပါသည်။

ထင်ရှားသည့်တိုးတက်မှုများမှာ ဂျပန်နိုင်ငံက အလှူငွေဒေါ်လာ တစ်သိန်းငါးသောင်း၊ ထိုင်းနိုင်ငံမှ ဆရာတော်တစ်ပါးက စီမံကိန်းဧရိယာအတွင်း လျှပ်စစ်သွယ်တန်းရန်၊ စာသင်ကျောင်းဆောက်ပေးရန်၊ မြေတူးမြေညှိစက်များလှူဒါန်းရန်ကမ်းလှမ်းခြင်း၊ ယိုကိုဟားမားမြို့တော်ဝန်က မီးသတ်ကားနှင့်လူနာတင်ယာဉ်လှူဒါန်းမှု၊ ဟိုတယ်ဆောက်ရန် ကမ်းလှမ်းမှုများပါဝင်ကြောင်း ကြားသိရပါသည်။

လုမ္ဗိနီဖွံ့ဖြိုးရေးအဖွဲ့ (Lumbini Development Trust)၏ စီမံကိန်းဧရိယာမှာ အလျား သုံးမိုင်၊ အနံ တစ်မိုင်ရှိပြီး ဖွားမြင်တော်မူရာနေရာပြအသောကကျောက်တိုင်နှင့် မယ်တော်မာယာဒေဝီဗိမာန် ရှေးဟောင်းအဆောက်အအုံများရှိသော တစ်မိုင်ပတ်လည်ကို “မြင့်မြတ်သောဥယျာဉ်” ၊ အလယ်တွင် တူးမြောင်းတစ်ခုတူးထားပြီး လက်ဝဲဘက်ကမ်းနှင့် လက်ျာဘက်ကမ်းတွင် ထေရဝါဒနှင့်မဟာယနဗုဒ္ဓဘာသာအဖွဲ့အစည်းများ ဆောက်လုပ်လှူဒါန်း ရန်အတွက်တစ်မိုင်ပတ်လည်ရှိ “ဘုန်းတော်ကြီးကျောင်းများဇုန်” သတ်မှတ်ပေးထားပါသည်။ ၎င်းဇုန်အတွင်း မီတာ ၁၈ဝ၊ ၁၂ဝ နှင့် ၆၀ ပတ် လည်မြေကွက်များ စုစုပေါင်း၄၁ ကွက်ပါဝင်ပါသည်။ တစ်ဖက်အစွန်း တစ်မိုင်ပတ်လည်တွင် အပန်းဖြေအနားယူရန်နှင့် ဟိုတယ်ဆိုင်ခန်းများဆောက်လုပ်ရန် “လုမ္ဗိနီရွာ” ဟု သတ်မှတ်ထားရှိပါသည်။

(ဆက်လက်ဖော်ပြပါမည်)

No comments:

Post a Comment