Friday, October 28, 2022

ပဲခူးတိုင်းဒေသကြီးအတွင်း အသေးစား၊ အငယ်စားနှင့်အလတ်စား(MSME) စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေး ကျင်းပ

 


ပဲခူး အောက်တိုဘာ ၂၈

ပဲခူးတိုင်းဒေသကြီးအတွင်း အသေးစား၊ အငယ်စားနှင့်အလတ်စား (MSME) စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယမန်နေ့မွန်းလွဲပိုင်းက ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ တော်ဝင်ဟံသာအစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။

ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးမျိုးဆွေဝင်းက ပဲခူးတိုင်းဒေသကြီးသည် ရေ၊ မြေ အခြေခံကောင်းများ ပိုင်ဆိုင်ထားပြီး ဒေသအလိုက်နာမည်ကြီးသည့် ဒေသထွက်ကုန်များရှိကြောင်း၊ ဒေသထွက်ကုန်များတွင် လူသုံးကုန်၊ စားသုံးကုန်နှင့် အခြားစက်မှု၊ လက်မှုထုတ်ကုန်များပါရှိကြောင်း၊ အဓိကအားဖြင့် စားသုံးကုန်များသည် နာမည်ကြီးသော်လည်း ပြည်ပသို့တင်ပို့နိုင်သည့် ထုပ်ပိုးမှုစနစ်များ လိုအပ်လျက်ရှိကြောင်း၊ အရသာကောင်းမွန်သော်လည်း ထုပ်ပိုးမှုစနစ် ခေတ်မီအောင် ပြောင်းလဲနိုင်မှသာ ကောင်းမွန်ပြီး ရေရှည်တည်တံ့သည့် ဈေးကွက်တစ်ခုကို ပိုင်ဆိုင်နိုင်မှာဖြစ်ကြောင်း၊ မိမိတို့အစိုးရအဖွဲ့အနေဖြင့် လိုအပ်သော နည်းပညာများ၊ ထုပ်ပိုးသည့်စက်ပစ္စည်းများနှင့် အခြားချိတ်ဆက်ဆောင်ရွက်ပေးရမည့် ကဏ္ဍများအား စီစဉ်ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း၊ ပဲခူးမြို့တန်ဆောင်တိုင်မီးထွန်းပွဲကာလတွင် ဒေသထွက်ကုန်အရောင်းပြခန်းများ ထည့်သွင်းသွားမည်ဖြစ်၍ ခရိုင်အလိုက် ဒေသထွက်ကုန်များအား တစ်နေရာတည်း ဝယ်ယူနိုင်မည်ဖြစ်ပြီး နိုင်ငံတကာအဆင့်မီ ထုပ်ပိုးမှုစက်များ၊ ထုပ်ပိုးမှုစနစ်များကိုလည်း ပြသသွားမည်ဖြစ်၍ စားသုံးကုန်လုပ်ငန်းများအတွက် အလွန်အကျိုးရှိကြောင်း၊ မြို့နယ်အလိုက် မိမိတို့ ဒေသအတွင်းရှိ MSME လုပ်ငန်းများကို ဖော်ထုတ်၍ လိုအပ်ချက်များကို ဖြည့်ဆည်းပေးရန် လိုအပ်ကြောင်း၊ ဒေသအတွင်းထွက်ရှိသည့် ကုန်ကြမ်းများမှ တန်ဖိုးမြှင့်ထုတ်ကုန်အဖြစ် တိုးတက်ထုတ်လုပ်နိုင်ရန် လိုအပ်ကြောင်းနှင့် ဒေသထွက်ကုန်များ အဆင့်မြင့်တိုးတက်လာခြင်းနှင့်အတူ ဈေးကွက်ချဲ့ထွင်လာနိုင်ပါက ယင်းဒေသအား ပြည်တွင်း/ပြည်ပ ခရီးသွားဧည့်သည်များ စိတ်ဝင်စားကာ လာရောက်ကြမည်ဖြစ်၍ အခြားဝန်ဆောင်မှုကဏ္ဍများအတွက်လည်း အကျိုးရှိနိုင်မည်ဖြစ်ကြောင်း၊ လမ်းညွှန်မှာကြားခဲ့သည်။

ထို့နောက် အစိုးရအဖွဲ့ တာဝန်ရှိသူများ၊ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများက ထုတ်ကုန်အလိုက် ထုပ်ပိုးမှုစနစ် အဆင့်မြှင့်နိုင်ရေး လိုအပ်သောနည်းပညာဆိုင်ရာကိစ္စရပ်များအား အကြံပြုတင်ပြခဲ့ကြပြီး တက်ရောက်လာကြသည့် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌများက မြို့နယ်အလိုက် MSME လုပ်ငန်းများဖော်ထုတ်ထားရှိမှုနှင့် ဒေသထွက်ကုန် အရောင်းပြခန်းများ ပါဝင်ပြသွားမည့် အခြေအနေများအား တင်ပြခဲ့ရာ တိုင်းဒေသကြီးဝန်ကြီးချုပ်က လိုအပ်သည်များ လမ်းညွှန်မှာကြားခဲ့ကြောင်း သိရသည်။

သက်ဖြိုးကြိုင် (ခရိုင်၊ ပြန်/ဆက်)

No comments:

Post a Comment