Wednesday, October 26, 2022

လာမည့် ပညာသင်နှစ်တွင် KG+12 ပညာရေးစနစ်၏နောက်ဆုံးအတန်းဖြစ်သော Grade-12 ကိုဖွင့်လှစ် သင်ကြားတော့မည်

 


နေပြည်တော် အောက်တိုဘာ ၂၆

လာမည့် ပညာသင်နှစ်တွင် KG+12 ပညာရေးစနစ်၏ နောက်ဆုံးအတန်းဖြစ်သော Grade-12 ကိုဖွင့်လှစ် သင်ကြားတော့မည်ဖြစ်၍ စာသင်ခန်းလိုအပ်ချက်နှင့် အခြားလိုအပ်ချက်များကို တွက်ချက်၍ စာရင်းပြုစု တင်ပြပေးကြရမည်ဖြစ်ပါကြောင်း၊ ခရိုင် ၅၀ တွင် စက်မှု-စိုက်ပျိုး-မွေးမြူရေးအထက်တန်းကျောင်း ၅၀ ကိုဖွင့်လှစ်သွားမည်ဖြစ်ပါကြောင်း၊ ထိုကျောင်းများတွင် KG+12 ပညာရေးစနစ်ကိုသင်ကြားမည်ဖြစ် သော်လည်း  Grade-9  အောင်မြင်ပြီးသည့် ကျောင်းသား ကျောင်းသူများအနေဖြင့် စိုက်ပျိုးရေး၊ မွေးမြူရေး၊ စက်မှုစသည်ဖြင့် မိမိတို့ဝါသနာပါရာကို အထူးပြု တက်ရောက်သင်ကြားနိုင်မည်ဖြစ်ပါကြောင်း ပြည်ထောင်စုဝန်ကြီး ဒေါက်တာညွန့်ဖေက ပြောကြားသည်။

 




ပညာရေးဝန်ကြီးဌာန မြို့နယ်ပညာရေးမှူးများ၊ လက်ထောက်ညွှန်ကြားရေးမှူးများ စီမံခန့်ခွဲမှုစွမ်းဆောင်ရည် မြင့်မားရေးအလုပ်ရုံဆွေးနွေးပွဲ (ဒုတိယအသုတ်) ဖွင့်ပွဲအခမ်းအနားကို ယနေ့ နံနက် ၉ နာရီတွင် နေပြည်တော်၊ ပညာရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပစဉ် ပြည်ထောင်စုဝန်ကြီးက ယင်းသို့ပြောကြားခဲ့ခြင်း ဖြစ်သည်။ 

ထို့အပြင် ပြည်ထောင်စုဝန်ကြီးက ပညာရေးကဏ္ဍ အကောင်အထည်ဖော်ဆောင်ရွက်ရာတွင် အရည်အချင်း ပြည့်ဝသည့် လူ့စွမ်းအားအရင်းအမြစ်များ ပြုစုပျိုးထောင်ပေးခြင်းသည် အရေးကြီးသည့် လုပ်ငန်းစဉ် ဖြစ်ပါကြောင်း၊ စီမံခန့်ခွဲမှုသည်လည်း အလွန်အရေးကြီးပါကြောင်း၊ လုပ်ငန်းတိုင်းတွင်စ နစ်ကျသောစီမံခန့်ခွဲမှု ကောင်းမွန်မှသာ ပညာရေးလုပ်ငန်းများအောင်မြင်မည်ဖြစ်ပါကြောင်း၊ ပညာရေးတွင် တာဝန်ယူရသော ဆရာကြီးဆရာမကြီးများအနေဖြင့် ပညာရေးဥပဒေနှင့် မူဝါဒများကိုသိရှိပြီး အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေး ပံ့ပိုးကူညီပေးကြရမည်ဖြစ်ပါကြောင်း၊ နိုင်ငံနှင့်ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် အသိပညာ၊ အတတ်ပညာကြွယ်ဝရေးသည် မဖြစ်မနေလိုအပ်ပါကြောင်း၊ ထို့ကြောင့် နိုင်ငံသားတိုင်း အနည်းဆုံး KG+9 ပြီးဆုံးသည်အထိ အခမဲ့ပညာသင်ယူနိုင်ရေးမူဝါဒကို ချမှတ်အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါကြောင်း၊  အလုပ်ရုံဆွေးနွေးပွဲတွင် မြို့နယ်ပညာရေးမှူးများက မိမိတို့တာဝန် ထမ်းဆောင်ရာဒေသ၏ သွားရေး၊ လာရေး၊ သင်ကြားသင်ယူရေးနှင့် စီမံခန့်ခွဲ ရေးဆိုင်ရာကိစ္စရပ်များ၊ အတွေ့အကြုံများ၊ အားသာချက်အားနည်းချက်များ၊ ကြုံတွေ့ရသည့် အခက်အခဲ၊ ပြဿနာဖြေရှင်းမှု စသည်များကို ဆွေးနွေးညှိနှိုင်း၊ အသိပညာဖလှယ်၍ ပညာရေးဖွံ့ဖြိုးတိုးတက်အောင် ဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက်ကြရမည်ဖြစ်ပါကြောင်း၊ အချင်းချင်းအသိပညာ၊ အတတ်ပညာအတွေးအမြင် များကိုဖလှယ်ခြင်းဖြင့် စွမ်းဆောင်ရည်များ တိုးတက်လာမည်ဖြစ်ပါကြောင်း။

စီမံခန့်ခွဲမှုစွမ်းဆောင်ရည်မြင့်မားရေး အလုပ်ရုံဆွေးနွေးပွဲသင်တန်းပြီးဆုံး၍ မိမိတို့မြို့နယ် ပြန်ရောက်သည့် အခါ မူလတန်း၊ အလယ်တန်း၊ အထက်တန်းကျောင်းအုပ်များနှင့်ထပ်ဆင့် အလုပ်ရုံဆွေးနွေးပွဲ မွမ်းမံသင်တန်းများကို ပြုလုပ်ကြရမည်ဖြစ်ပါကြောင်း၊ မိမိဝန်ထမ်းများကိုပြောဆို ဆက်ဆံရာတွင် နွေးနွေးထွေးထွေးနှင့်မိသားစုဆန်ဆန် ပြောဆိုဆက်ဆံကြစေလိုပါကြောင်း၊ မြို့နယ်ပညာရေးမှူးများနှင့် လက်ထောက်မြို့နယ်ပညာရေး၏ စီမံခန့်ခွဲမှုစွမ်းဆောင်ရည်မြှင့်တင်ပေးခြင်းအားဖြင့် သင်ကြားပို့ချမှုဆိုင်ရာ ဦးဆောင်မှု၊ ထိရောက်အောင်မြင်သော ကျောင်းစီမံခန့်ခွဲမှု၊ မိမိတို့မြို့နယ်အတွင်းရှိကျောင်းများ၏ ဖွံ့ဖြိုးတိုးတက်မှု၊ လူမှုဆက်ဆံရေးအဆင်ပြေတိုးတက်မှုနှင့် အသက်မွေးဝမ်းကျောင်းမှုဆိုင်ရာ အကြံပြု ဆွေးနွေးမှုစွမ်းရည်များ ပိုမိုမြင့်မားလာကြပြီး အခြေခံပညာရေးကဏ္ဍ ပညာရေးပြုပြင်ပြောင်းလဲမှုများ ထိရောက်စွာအကောင်အထည်ဖော်ဆောင်ရွက်နိုင်ကြမည်ဟု ယုံကြည်ပါကြောင်း ပြောကြားသည်။

ထို့နောက် အလုပ်ရုံဆွေးနွေးပွဲကို အစီအစဉ်အတိုင်းဆက်လက်ကျင်းပကြသည်။

ယနေ့ကျင်းပသည့် အလုပ်ရုံဆွေးနွေးပွဲသို့ ဒုတိယဝန်ကြီး ဦးဇော်ဝင်း၊ အမြဲတမ်းအတွင်းဝန် ဒေါက်တာစိုးဝင်း၊ ဦးစီးဌာနများမှ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ညွှန်ကြားရေးမှူးများနှင့် တာဝန်ရှိသူများ၊ တိုင်းဒေသကြီး/ ပြည်နယ်များမှ မြို့နယ်ပညာရေးမှူး (၁၂၈) ဦးနှင့် လက်ထောက်ညွှန်ကြားရေးမှူး (၂၇) ဦးတို့ တက်ရောက်ကြပြီး ဆွေးနွေးပွဲကို ယနေ့မှအောက်တိုဘာ ၃၀ ရက်အထိ ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

(သတင်းစဉ်)

No comments:

Post a Comment