Wednesday, October 26, 2022

ဘူမိဥယျာဉ်ဆိုင်ရာ လုပ်ငန်းကော်မတီ (၂/၂၀၂၂) အစည်းအဝေးကျင်းပ

 


နေပြည်တော် အောက်တိုဘာ ၂၆

ဘူမိဥယျာဉ်ဆိုင်ရာ လုပ်ငန်းကော်မတီ(၂/၂၀၂၂) အစည်းအဝေးကို ယနေ့မွန်းလွဲ ၂ နာရီတွင် နေပြည်တော်ရှိ သစ်တောဦးစီးဌာန အင်ကြင်းခန်းမ၌ ကျင်းပသည်။

ဦးစွာ ကော်မတီဥက္ကဋ္ဌ-၁၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးထွန်းအုံက ပြောကြားရာတွင် ယနေ့အစည်းအဝေးသည် မြန်မာနိုင်ငံတွင် ပထမဦးဆုံးအဖြစ် ဖွဲ့စည်းတည်ထောင်မည့် ပုပ္ပါးတောင်အမျိုးသားဘူမိဥယျာဉ်ဖြစ်မြောက်ရေးနှင့် သစ်တောနယ်မြေပြင်ပတွင် ကျရောက်နေသည့် အဆိုပြု Geosites များနှင့်စပ်လျဉ်း၍ ဆောင်ရွက်ထားရှိမှု၊ ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းစဉ်များ၊ အမျိုးသားအဆင့်အပြင် ကမ္ဘာ့အဆင့်ဘူမိဥယျာဉ်အတွက်ပါ ရည်မှန်းပြီး ဘူမိဥယျာဉ် ဖြစ်မြောက်ရေး ဆက်လက်ဆောင်ရွက်ရမည့် အစီအမံများ ဆွေးနွေးဆုံးဖြတ်ကြရန်ဖြစ်ကြောင်း၊

ကမ္ဘာ့ဘူမိဥယျာဉ်အစီအစဉ်သည် ကုလသမဂ္ဂပညာရေး၊ သိပ္ပံနှင့်ယဉ်ကျေးမှုအဖွဲ့ (UNESCO)၏ ဖွံ့ဖြိုးရေးနှင့် ထိန်းသိမ်းရေးကို ဟန်ချက်ညီညီဆောင်ရွက်နေသည့် အစီအစဉ်တစ်ခုဖြစ်ပြီး ကမ္ဘာ့ဘူမိဥယျာဉ်အဖြစ် သတ်မှတ်ခံရရန် အလားအလာကောင်းများပိုင်ဆိုင်သည့် ပုပ္ပါးတောင်ဒေသတွင် ထူးခြားသည့် ကျောက်ဖြစ်ရုပ်ကြွင်းများ၊ ပုဂံခေတ် ရှေးဟောင်းသံချက်ဖိုများ၊ ထူးခြားသည့် ဇီဝမျိုးစုံမျိုးကွဲများနှင့် အစွယ်(၂)ထပ်ဆင်၏ ကျောက်ဖြစ်ရုပ်ကြွင်းမေးရိုးများရှိပါကြောင်း၊

ပုပ္ပါးတောင်အမျိုးသားဘူမိဥယျာဉ်ကို သစ်တောဦးစီးဌာန၏ စီမံအုပ်ချုပ်မှုနယ်မြေအောက်တွင်ရှိသည့် Geosite (၁၅)ခုဖြင့် ကနဦးတည်ထောင်နိုင်ရန် ဆောင်ရွက်လျက်ရှိပြီး နောင်တွင်သစ်တောဦးစီးဌာန၏ စီမံအုပ်ချုပ်မှုနယ်မြေပြင်ပတွင်ရှိသည့် Geosite များကိုလည်း ဘူမိဥယျာဉ်၏ Geosites များအဖြစ် ဖော်ထုတ်ပြီး ထပ်တိုးဖွဲ့စည်းသွားမည်ဖြစ်ပါ၍ စီမံခန့်ခွဲရေးနှင့် သက်ဆိုင်သည့်ဌာန၊ အဖွဲ့အစည်းများ၊ ပညာရပ်နှင့် သုတေသနဆိုင်ရာအဖွဲ့အစည်းများအားလုံး ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်မှသာ အမျိုးသားဆင့် ဘူမိဥယျာဉ်တည်ထောင်ခြင်းနှင့် ကမ္ဘာ့အဆင့်ဘူမိဥယျာဉ် သတ်မှတ်ခံရရေးအောင်မြင် စွာအကောင်အထည် ဖော်နိုင်မည်ဖြစ်ပါ၍ ပုပ္ပါးတောင်အမျိုးသားဘူမိ ဥယျာဉ်သတ်မှတ် တည်ထောင်နိုင်ရေးနှင့် ရှေ့ဆက်ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များချမှတ်နိုင်ရန်အတွက် ဝိုင်းဝန်းအကြံပြု ဆွေးနွေးကြရန် တိုက်တွန်းပါကြောင်း ပြောကြားသည်။

ထို့နောက် တက်ရောက်လာကြသူများက အမျိုးသားဘူမိဥယျာဉ်ဖြစ်မြောက်ရေးနှင့်စပ်လျဉ်း၍ လုပ်ငန်း ဆောင်ရွက်ထားရှိမှုနှင့် ဆက်လက်ဆောင်ရွက်မည့် အစီအမံများအားတင်ပြကြပြီး ဒုတိယဝန်ကြီးက လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆွေးနွေးမှာကြားသည်။

အစည်းအဝေးသို့ ကော်မတီဒုတိယဥက္ကဋ္ဌ-၂၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမင်းသူ၊ အမြဲတမ်းအတွင်းဝန် ဦးလှမောင်သိန်းနှင့် သက်ဆိုင်ရာဝန်ကြီးဌာနများမှ ညွှန်ကြားရေးမှူးချုပ်များ၊ Online စနစ်ဖြင့် တိုင်းဒေသကြီး/ ပြည်နယ်အစိုးရအဖွဲ့များမှ ကိုယ်စားလှယ်များ၊ မန္တလေး/ မုံရွာ/ မြစ်ကြီးနား/ တောင်ကြီး/ ဘားအံ တက္ကသိုလ်များမှ ပါမောက္ခချုပ်များ၊ UNESCO အမျိုးသား ကော်မရှင်မှ အတွင်းရေးမှူးချုပ်၊ မြန်မာနိုင်ငံဘူမိသိပ္ပံအသင်း Geopark ကော်မတီမှ ဥက္ကဋ္ဌ၊ UNESCO မြန်မာနိုင်ငံရုံးမှ ကိုယ်စားလှယ်တို့ တက်ရောက်ကြကြောင်း သိရသည်။

(သတင်းစဉ်)

No comments:

Post a Comment