Saturday, October 22, 2022

FATF ဥက္ကဋ္ဌ၏ မြန်မာနိုင်ငံနှင့်ပတ်သက်သော အချက်အလက်များ ထုတ်ပြန်မှုအပေါ် မြန်မာနိုင်ငံတော်ဗဟိုဘဏ်၏ သတင်းထုတ်ပြန်ချက်

 

၁။ ငွေကြေးဆိုင်ရာအရေးယူဆောင်ရွက်ရေးအဖွဲ့ (Financial Action Task Force-FATF) ၏ မျက်နှာစုံညီအစည်းအဝေးကို ၂၀၂၂ခုနှစ်၊ အောက်တိုဘာလ ၂၀ ရက်နှင့် ၂၁ ရက်တို့တွင် FATF ရုံးစိုက်ရာ ပြင်သစ်နိုင်ငံ၊ ပဲရစ်မြို့၌ ကျင်းပခဲ့ပါသည်။ အဆိုပါအစည်းအဝေးများသို့ မြန်မာကိုယ်စားလှယ် အဖွဲ့ပါဝင်တက်ရောက်ခဲ့ပြီး နိုင်ငံတကာငွေကြေးရန်ပုံငွေအဖွဲ့၊ ကမ္ဘာလုံးဆိုင်ရာ ကွန်ရက်အဖွဲ့ဝင် ၁၀၆ ဦးနှင့် လေ့လာသူအဖွဲ့ အစည်းများကို ကိုယ်စားပြုသော ကိုယ်စားလှယ်များ၊ ကုလသမဂ္ဂ၊ ကမ္ဘာ့ဘဏ်၊ INTERPOL နှင့် Egmont Group of Financial Intelligence Units တို့မှ ကိုယ်စားလှယ်များ တက်ရောက်ကြပါသည်။ မြန်မာနိုင်ငံနှင့်ပတ်သက်သော အချက်အလက်များကို FATF ဥက္ကဋ္ဌ T. Raja Kumar က ထုတ်ပြန်ခဲ့သည်။

၂။ မြန်မာနိုင်ငံအား တိုးမြှင့်စောင့်ကြည့်ခွင့်ရှိသည့် နိုင်ငံနှင့် ဒေသများစာရင်း (Jurisdictions under increased monitoring) မှ စိစစ်ဆောင်ရွက်မှုများပြုလုပ်ရန် တောင်းဆိုခြင်းခံရသည့် အန္တရာယ် မြင့်မားမှုရှိသောနိုင်ငံနှင့် ဒေသများစာရင်း (High-Risk Jurisdictions subject to a Call for Action)သို့ ပြောင်းရွှေ့ ထည့်သွင်းခြင်းခံရသော်လည်း လက်ရှိ Black List တွင် ရှိပြီးဖြစ်သည့် မြောက်ကိုရီးယားနိုင်ငံနှင့် အီရန်နိုင်ငံတို့ကဲ့သို့ FATF မှ အဖွဲ့ဝင်နိုင်ငံများနှင့် အခြားနိုင်ငံများမှ တိုးမြှင့်အရေးယူဆောင်ရွက်မှုများပြုလုပ်ရန် တောင်းဆိုခြင်းခံရသည့် နိုင်ငံနှင့် ဒေသများစာရင်း (Jurisdictions subject to a FATF call on its members and other jurisdictions to apply countermeasures) သို့ထည့်သွင်း၍ တန်းတူအရေးယူဆောင်ရွက်ခြင်းခံရမည့် အဆင့်မျိုး မဟုတ်ပါကြောင်း အသိပေးအပ်ပါသည်။

၃။ မြန်မာနိုင်ငံအပါအဝင် ကမ္ဘာပေါ်ရှိနိုင်ငံနှင့်ဒေသအားလုံးသည် FATF မှ ထုတ်ပြန်သည့် အကြံပြုချက် ၄၀ (40 Recommendations) ကို လိုက်နာဆောင်ရွက်ကြရပါသည်။ ယင်းအကြံပြုချက် (၄၀)တွင်ငွေကြေးခဝါချမှုတိုက်ဖျက်ရေး (Anti Money Laundering-AML)၊ အကြမ်းဖက်မှုကိုငွေကြေး ထောက်ပံ့မှုတိုက်ဖျက်ရေး (Countering the Financing of Terrorism-CFT) နှင့် လူအများအပြား သေကျေစေနိုင်သော လက်နက်များပြန့်ပွားစေရန် ငွေကြေးထောက်ပံ့မှုအပေါ် ဘဏ္ဍာရေးအရပစ်မှတ်ထား အရေးယူဆောင်ရွက်ရေး (Targeted Financial Sanction of Proliferation) စသည်တို့နှင့် သက်ဆိုင်သည့် လိုက်နာဆောင်ရွက်ရန် အချက်များဖြစ်ပါသည်။ မြန်မာနိုင်ငံသည် FATF တွင် အဖွဲ့ဝင် နိုင်ငံမဟုတ်သော်လည်း FATF ပုံစံဖွဲ့ စည်းထားသည့် ဒေသဆိုင်ရာအဖွဲ့ တစ်ခု ဖြစ်သည့် အာရှပစိဖိတ် ဒေသငွေကြေးခဝါချမှု တိုက်ဖျက်ရေးအဖွဲ့ (Asia Pacific Group on Money Laundering-APG) တွင် အဖွဲ့ဝင်နိုင်ငံအဖြစ် ပါဝင်လျက်ရှိပါသည်။

၄။ မြန်မာနိုင်ငံအနေဖြင့် FATF ၏ အကြံပြုချက်များကို လိုက်နာဆောင်ရွက်လျက်ရှိရာ မူလအကဲဖြတ်စဉ်က အကြံပြုချက် (၄၀)တွင် စံနှုန်းသတ်မှတ်ချက် အချက်(၂၀) ကျော်အားသတ်မှတ် ကာလအတွင်း ပြည့်မီမှုမရှိခဲ့သော်လည်း လက်ရှိအချိန်တွင် စံနှုန်းသတ်မှတ်ချက် (၂၄) ချက်ပြည့်မီမှုရှိပြီး ဖြစ်ပါသည်။

၅။ မြန်မာနိုင်ငံသည် ယခင်ကလည်း အလားတူစာရင်းတွင် ၂၀၁၁ ခုနှစ်၊ ဇွန်လမှ ၂၀၁၆ ခုနှစ်၊ ဖေဖော်ဝါရီလအထိရောက်ရှိခဲ့ပြီး ပြန်လည်လွတ်မြောက်အောင် ဆောင်ရွက်ခဲ့သည့် ယခင်အတွေ့အကြုံများအရ ယင်းစာရင်းမှ အလျင်အမြန် ပြန်လည်လွတ်မြောက်စေရန် စီမံဆောင်ရွက်လျက်ရှိရာ လာမည့် တစ်နှစ်အတွင်း ဆောင်ရွက်မည့် Action Plan များ ချမှတ်ရေးဆွဲ ပြီးဖြစ်ပါသည်။

၆။ မြန်မာနိုင်ငံအနေဖြင့် ပြည်ပနှင့်ငွေကြေးလွှဲပြောင်းမှု ပြုလုပ်ရာတွင် ပြည်ပအဆက်အသွယ် ဘဏ်များကအလေးထားစိစစ်ခြင်းကို တိုးမြှင့်လုပ်ဆောင်ခြင်း (Enhance Due Diligence-EDD) ကိုသာ ကြုံတွေ့ကြရမည်ဖြစ်ရာ သက်ဆိုင်ရာဘဏ်များအနေဖြင့် လက်ရှိဆောင်ရွက်နေကျ မေးခွန်းများ မေးမြန်းခြင်းနှင့် ငွေကြေးလွှဲပြောင်းမှုဆိုင်ရာ အထောက်အထားအချက်အလက်များ တောင်းခံခြင်းစသည်ဖြင့် ယခင်အတိုင်း ဆက်လက်ဆောင်ရွက်နိုင်မည်ဖြစ်ပါသည်။ မြန်မာနိုင်ငံအား စိစစ်ဆောင် ရွက်မှုများပြုလုပ်ရန် တောင်းဆိုခြင်းခံရသည့် အန္တရာယ်မြင့်မားမှုရှိသော နိုင်ငံနှင့်သေများ စာရင်းတွင်ထည့်သွင်းခံရခြင်းသည် မြန်မာနိုင်ငံအတွက် စိုးရိမ်ဖွယ်ရာအခြေအနေ မဟုတ်သည့်အတွက် ပြည်သူများစိုးရိမ်မှုလွန်ကဲခြင်းများ ထားရှိရန်မလိုအပ်ဘဲ ယင်းသို့ထည့်သွင်း ခံရမှုကိုအကြောင်းပြု၍ ငွေကြေးဈေးကွက်အတွင်း မသမာမှုများမပြုလုပ်ကြပါရန်နှင့် မြန်မာနိုင်ငံတော်ဗဟိုဘဏ်၏ စည်းမျဉ်းစည်းကမ်းများနှင့် မကိုက်ညီသည့် ဆောင်ရွက်မှုများ တွေ့ရှိရပါက လိုအပ်သလို အရေးယူဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း အသိပေးထုတ်ပြန် အပ်ပါသည်။

No comments:

Post a Comment