ရန်ကုန် အောက်တိုဘာ ၂၁
မြန်မာနိုင်ငံလုပ်သားများကျွမ်းကျင်မှု “စံ”သတ်မှတ်ပြဋ္ဌာန်းရေးအဖွဲ့(NSSA)၏ အမျိုးသားအဆင့် အလုပ်အကိုင်ဆိုင်ရာကျွမ်းကျင်မှု အသိအမှတ်ပြုလက်မှတ်ပေးအပ်ပွဲနှင့် အာဆီယံလုပ်ငန်းခွင် ဘေးအန္တရာယ်ကင်းရှင်းရေးနှင့် ကျန်းမာရေးကွန်ရက်ဆု ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြသည့် စက်ရုံ၊ အလုပ်ရုံများအား အသိအမှတ်ပြုလက်မှတ်ပေးအပ်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် ရန်ကုန်မြို့ ဆောက်လုပ်ရေးဝန်ကြီးဌာန ဗဟိုသင်တန်းကျောင်း သုဝဏ္ဏခန်းမ၌ ကိုဗစ်-၁၉ ဆိုင်ရာ စည်းမျဉ်းစည်းကမ်း များနှင့်အညီ ကျင်းပသည်။
အခမ်းအနားတွင် မြန်မာနိုင်ငံလုပ်သားများကျွမ်းကျင်မှု “စံ” သတ်မှတ်ပြဋ္ဌာန်းရေးအဖွဲ့(NSSA)ဥက္ကဋ္ဌ၊ အလုပ်သမားဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဝင်းရှိန်က မြန်မာနိုင်ငံလုပ်သားများကျွမ်းကျင်မှု “စံ” သတ်မှတ်ပြဋ္ဌာန်းရေးအဖွဲ့ (NSSA)မှ ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်တွင် လုပ်သား ၅၀၀၀ စစ်ဆေးအကဲဖြတ် ရန်လျာထားပြီး အလုပ်အကိုင်အမျိုး အစားအလိုက် ကျွမ်းကျင်လုပ်သားများမွေးထုတ်၍ အသိအမှတ်ပြုလက်မှတ်များ ထုတ်ပေးလျက်ရှိကြောင်း၊ ကျွမ်းကျင်လုပ်သားများ မွေးထုတ်ပေးခြင်းဖြင့် လုပ်သားများ၏ လူမှုစီးပွားဘဝတိုးတက်စေနိုင်ပြီး တိုင်းပြည်ဖွံ့ဖြိုးတိုးတက်မှု အတွက် များစွာအထောက်အပံ့ ဖြစ်စေကြောင်း၊ ကျွမ်းကျင်လုပ်သား အများဆုံးလိုအပ်သော အလုပ်အကိုင်များကိုသာ ဦးစားပေး စစ်ဆေးအကဲဖြတ်လျက်ရှိကြောင်း။
လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးတိုးတက်ရေးအတွက် ကျွမ်းကျင်လုပ်သားမွေးထုတ်ရေးလုပ်ငန်းသည် အလုပ်ရှင်၊ အလုပ်သမား၊ နိုင်ငံတော်အတွက်များစွာ အကျိုးရှိစေ၍ ကျွမ်းကျင်မှုအသိအမှတ်ပြုခံရသည့် လုပ်သားများအနေဖြင့် အခြေခံကျွမ်းကျင်လုပ်သားအဆင့်မှ ကျွမ်းကျင်လုပ်သား၊ ဘက်စုံကျွမ်းကျင် လုပ်သား၊ ကြီးကြပ်သူနည်းပညာရှင်(ကျွမ်းကျင်မှုအဆင့်-၄ အထိ)အသိအမှတ်ပြုခံရရေး ကြိုးစား ဆောင်ရွက်စေလို ကြောင်း၊ မြန်မာ့လုပ်သားထုကျွမ်းကျင်မှု ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစဉ်တွင်အစိုးရ၊ ပုဂ္ဂလိကလုပ်ငန်းရှင်များ၊ ပညာရပ်ဆိုင်ရာကျွမ်းကျင်သူများ၊ ပုဂ္ဂလိကသင်တန်းကျောင်းများ ပူးပေါင်းပါဝင် ဆောင်ရွက်ပေး လျက်ရှိသဖြင့် မိမိတို့အသက်မွေး ဝမ်းကျောင်းလုပ်ငန်းအလိုက် ကျွမ်းကျင်မှုအသိအမှတ်ပြု လက်မှတ်များ ရယူရန် စဉ်ဆက်မပြတ် လေ့လာသင်ယူမှုပြုနိုင်ရေး လုပ်ဖော်ကိုင်ဖက်လုပ်သားများကို အသိပေးစေလို ကြောင်း ပြောကြားသည်။
ထို့နောက် ဒုတိယဝန်ကြီးနှင့် တာဝန်ရှိသူများသည် ကျွမ်းကျင်လုပ်သား ၅၄၃ ဦး၊ ကျွမ်းကျင်မှု စစ်ဆေး အကဲဖြတ်ရေးဌာနရှစ်ခု၊ Inspector ခုနစ်ဦးနှင့် Assessor ၁၄ ဦးတို့ကို အမျိုးသားအဆင့် အလုပ်အကိုင်ဆိုင်ရာ ကျွမ်းကျင်မှုအသိအမှတ်ပြု လက်မှတ်များပေးအပ်ခဲ့ပြီး ASEAN လုပ်ငန်းခွင် ဘေးအန္တရာယ်ကင်းရှင်းရေးနှင့် ကျန်းမာရေးကွန်ရက်ဆု ဝင်ရောက်ယှဉ်ပြိုင်ခဲ့သည့် စက်ရုံ၊ အလုပ်ရုံများမှ တာဝန်ခံများကို ဂုဏ်ပြုလက်မှတ်ပေးအပ်သည်။
NSSA အနေဖြင့် ၂၀၁၄ ခုနှစ်မှ ၂၀၂၂ ခုနှစ် အောက်တိုဘာလအထိ အလုပ်အကိုင်အမျိုးအစားပေါင်း ၃၁ မျိုးအတွက်လုပ်သား ၂၁၀၉၇ ဦးကို စစ်ဆေးအကဲဖြတ်၍ ကျွမ်းကျင်မှုအဆင့်-၁ လုပ်သား ၁၇၉၃၉ ဦး၊ ကျွမ်းကျင်မှုအဆင့်-၂ လုပ်သား ၁၂၃၇ ဦးနှင့် ကျွမ်းကျင်မှု အဆင့်-၃ လုပ်သား ငါးဦးအပါအဝင် အရည်အသွေးပြည့်ဝသူ ၁၉၁၈၁ ဦးကို မွေးထုတ်ပေးနိုင်ခဲ့ပြီး ကျွမ်းကျင်မှုစစ်ဆေးအကဲဖြတ်ရေးဌာန ၁၉၉ ခုကို အသိအမှတ်ပြုနိုင်ခဲ့ကြောင်း သိရသည်။
ဆက်လက်၍ ဒုတိယဝန်ကြီးသည် ဒဂုံအရှေ့မြို့နယ်ရှိ West Wood Myanmar Co.,Ltd၊ Sanyuan Oversea Myanmar Co.,Ltd နှင့် General Enterprise Garnment သို့ ရောက်ရှိပြီး လုပ်ငန်းခွင် တည်ငြိမ်အေးချမ်းရေးအတွက် အလုပ်ရှင်နှင့်လုပ်သားများမှ ကောင်းမွန်သည့်လုပ်ငန်းခွင် ဆက်ဆံရေးတည် ဆောက်ရန်လိုကြောင်း၊ ကုန်ထုတ်စွမ်းအားမြင့်မားစေရေးအတွက် ကျွမ်းကျင် လုပ်သားများ ပြုစုပျိုးထောင် နိုင်သည်နှင့်အမျှ ထုတ်ကုန်များကို အရည်အသွေးမီ၊ အချိန်မီ ထုတ်လုပ်နိုင်မည် ဖြစ်ကြောင်း၊ အလုပ်သမား ရေးရာဥပဒေများနှင့်စပ်လျဉ်း၍ သိရှိလိုသည်များကို မိမိတို့ဦးစီးဌာန၊ အဖွဲ့ရုံးများသို့ ဆက်သွယ်မေးမြန်း နိုင်ကြောင်း မှာကြားသည်။
ရန်ကုန်တိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီးနှင့် မန္တလေးတိုင်းဒေသကြီးရှိ စက်ရုံ၊ အလုပ်ရုံများတွင် လုပ်ငန်းခွင်ဘေးအန္တရာယ်ကင်းရှင်းရေးနှင့် ကျန်းမာရေးစီမံခန့်ခွဲမှုစနစ်ကို ကိုယ်တိုင်ဆောင် ရွက်နိုင်ရန်လုပ်ငန်းခွင်ဘေး အန္တရာယ်ကင်းရှင်းရေးနှင့် ကျန်းမာရေးကော်မတီ ၁၃၀၀ ကျော် ဖွဲ့စည်းနိုင်ခဲ့ပြီး ဦးစီးဌာနမှ လုပ်ငန်းခွင်ပတ်ဝန်းကျင်အခြေအနေ တိုင်းတာအကဲဖြတ်ခြင်းကို အကြိမ်(၉၀၀)ကျော် တိုင်းတာ ပေးနိုင်ခဲ့ကြောင်း သိရသည်။
သတင်းစဉ်
No comments:
Post a Comment