နေပြည်တော် အောက်တိုဘာ ၂၁
စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၊ အာမခံလုပ်ငန်းကြီးကြပ်ရေးအဖွဲ့၏ အကြိမ်(၃၀)မြောက် (ပုံမှန်)အစည်းအဝေး (၂/၂၀၂၂)ကို ယနေ့နံနက် ၉ နာရီတွင် စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။
အစည်းအဝေးသို့ အာမခံလုပ်ငန်းကြီးကြပ်ရေးအဖွဲ့ဥက္ကဋ္ဌ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်း၊ အာမခံလုပ်ငန်း ကြီးကြပ်ရေးအဖွဲ့ဝင်များဖြစ်ကြသော ဥပဒေရေးရာဝန်ကြီးဌာနနှင့် ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး၊ ပြည်တွင်းအခွန်များဦးစီးဌာန၊ မြန်မာနိုင်ငံတော်ဗဟိုဘဏ်၊ ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာနတို့မှ ညွှန်ကြားရေးမှူးချုပ်များနှင့် အာမခံလုပ်ငန်းကြီးကြပ်ရေးအဖွဲ့၏ အတွင်းရေးမှူး၊ ငွေရေးကြေးရေး ကြီးကြပ်စစ်ဆေးရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ်၊ ဒုတိယ ညွှန်ကြားရေးမှူးချုပ်နှင့် အရာထမ်းများတက်ရောက်ခဲ့ကြသည်။
အစည်းအဝေးတွင် အာမခံလုပ်ငန်းကြီးကြပ်ရေးအဖွဲ့ဥက္ကဋ္ဌက အဖွင့်အမှာစကားပြောကြားပြီး အတွင်းရေးမှူး က ယခင်အစည်းအဝေး (၂၉)ကြိမ်မြောက် (၁/၂၀၂၂ ) ၏ ဆောင်ရွက်ပြီးစီးမှုကို တင်ပြသည်။
ဆက်လက်၍ လိုင်စင်ရအာမခံကုမ္ပဏီများဖြစ်သည့် CB Life Insurance Co., Ltd. က ဆေးရုံတက်ခြင်းနှင့် ခွဲစိတ်ကုသခြင်းအတွက် ထပ်ဆောင်းအကာအကွယ် အာမခံအမျိုးအစားသစ် လုပ်ကိုင်ခွင့်ပြုရန်၊ KBZ MS General Insurance Co.,Ltd က အသေးစား ကျန်းမာရေးအာမခံ အမျိုးအစားသစ်လုပ်ကိုင်ခွင့်ပြုရန်၊ Prudential Myanmar Life Insurance Limited က Step-up Wrapper Campaign ပြုလုပ်ခွင့်ရရှိရန်နှင့် First National Insurance General Co., Ltd. က FNI Marketing Counter ဖွင့်လှစ်ခွင့်ပြုရေး တင်ပြခဲ့ကြသည်။ ထို့နောက် ပြည်တွင်းအာမခံကုမ္ပဏီလုပ်ငန်းလိုင်စင်ထုတ်ပေးရေးလုပ်ငန်းစဉ် ဆက်လက် ဆောင်ရွက်ခွင့် ပြုရန်ကိစ္စ၊ အာမခံလက်ခံခြင်းနှင့် မတည်ရင်းနှီးငွေတိုးမြှင့်ခြင်းကိစ္စ၊ ကော်ပိုရိတ် အာမခံကိုယ်စားလှယ် လျှောက်ထားခြင်းကို လိုင်စင်ထုတ်ပေးနိုင်ရေးကိစ္စ၊ အာမခံကိုယ်စားလှယ် သင်တန်းကျောင်း ဖွင့်လှစ်ခွင့် တင်ပြခြင်းကိစ္စနှင့် မှတ်တမ်းတင်ရန် ကိစ္စရပ်များကို ဆွေးနွေးခဲ့ကြသည်။
ယခုအခါ မြန်မာနိုင်ငံ၏ အာမခံလုပ်ငန်းကဏ္ဍတွင် ရာနှုန်းပြည့် နိုင်ငံခြားသားပိုင် အသက်အာမခံကုမ္ပဏီ ငါးခု၊ ဖက်စပ်အသက်အာမခံကုမ္ပဏီ သုံးခု၊ နိုင်ငံသားပိုင်အသက်အာမခံကုမ္ပဏီရှစ်ခု၊ ဖက်စပ်အထွေထွေ အာမခံကုမ္ပဏီ သုံးခု၊ နိုင်ငံသားပိုင်အထွေထွေအာမခံကုမ္ပဏီ ငါးခုနှင့် မြန်မာ့အာမခံလုပ်ငန်းအပါအဝင် အာမခံကုမ္ပဏီ ၂၅ ခုမှ အာမခံဝန်ဆောင်မှုများ ဆောင်ရွက်ပေးလျက်ရှိပြီး လက်ရှိတွင် ပုဂ္ဂလိကအာမခံ ကုမ္ပဏီများမှ အာမခံအမျိုးအစား ၃၉ မျိုးကို ဝန်ဆောင်မှုပေးလျက်ရှိကြောင်း သိရသည်။
သတင်းစဉ်
No comments:
Post a Comment