Saturday, October 22, 2022

အခြေခံတန်ဖိုးမြှင့်စားသောက်ကုန်ထုတ်လုပ်မှု နည်းပညာသင်တန်းနှင့် လူသုံးကုန်ထုတ်လုပ်မှုနည်းပညာသင်တန်းဆင်း




ဘားအံ အောက်တိုဘာ ၂၂

ဘားအံမြို့နယ်အတွင်းရှိ ရပ်ကွက်/ကျေးရွာများမှ သင်တန်းသား/သူများ တက်ရောက်လေ့လာသင်ယူခဲ့ပြီး ပြည်နယ်အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ ကျွမ်းကျင်ဝန်ထမ်းများသင်ကြားပို့ချပေးခဲ့သော အခြေခံတန်ဖိုးမြှင့်စားသောက်ကုန်ထုတ်လုပ်မှုနည်းပညာသင်တန်းနှင့် လူသုံးကုန်ထုတ်လုပ်မှုနည်းပညာသင်တန်းဆင်းပွဲကို ယမန်နေ့ နံနက် ၈ နာရီခန့်က အစိုးရနည်းပညာအထက်တန်းကျောင်း(ဘားအံ) နှစ်ထပ်ဆောင်အစည်းအဝေးခန်းမ၌ ကျင်းပသည်။

အဆိုပါသင်တန်းကို ပြည်နယ်အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနနှင့် အစိုးရနည်းပညာအထက်တန်း ကျောင်း(ဘားအံ)တို့ ပူးပေါင်းဖွင့်လှစ်ခြင်းဖြစ်ပြီး သင်တန်းဆင်းပွဲတွင် ကရင်ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦးက ပြည်သူဗဟိုပြု လူမှုစီးပွားရေးဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများကို အကောင်အထည်ဖော်ဆောင်ရွက်ပေးလျက်ရှိပြီး ကျေးလက်ဒေသဖွံ့ဖြိုးရေး၊ အသေးစားစက်မှုလက်မှုလုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေးအတွက် အသက်မွေးဝမ်းကျောင်းပညာရပ်များကို လေ့ကျင့်သင်ကြားပေးခြင်း အားပေးကူညီခြင်းနှင့် စနစ်တကျမှတ်ပုံတင်ခွင့်ပြုပေးခြင်းများကို ဆောင်ရွက်ပေးလျက်ရှိကာ ဒေသနှင့်ကိုက်ညီသည့် ယခုကဲ့သို့သော နည်းပညာပေးသင်တန်းများကို ဦးစားပေးဖွင့်လှစ်ပို့ချပေးလျက်ရှိကြောင်း၊ ယနေ့သင်တန်းဆင်းခဲ့ကြသည့် သင်တန်းများသည် ဒေသခံပြည်သူများအတွက် မဖြစ်မနေထိတွေ့ သုံးစွဲရသည့် စားသောက်ကုန်၊ လူသုံးကုန်ပစ္စည်းများဖြစ်သည့်အတွက် သင်တန်းသား/သူများအတွက် များစွာအကျိုးရှိစေမည်ဖြစ်ကြောင်း၊ သင်ကြားပေးခဲ့သည့် စာတွေ့၊ လက်တွေ့နည်းပညာများကို အသုံးပြု၍ မိမိတို့၏လက်တွေ့ နယ်ပယ်အသီးသီးတွင် ပိုမိုကျွမ်းကျင်တတ်မြောက်အောင် လေ့ကျင့်ကြိုးစားပြီး ကိုယ်ပိုင်လုပ်ငန်းငယ်များထူထောင်ကာ မိသားစုအပိုဝင်ငွေရရှိအောင် ဆောင်ရွက်ကြစေလိုကြောင်း ပြောကြားသည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်ဒေါ်ခင်ဆွေထွန်း၊ ပြည်နယ်လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးမျိုးမင်းနောင်၊ ပြည်နယ်စီးပွားရေးရာဝန်ကြီးဦးစောခင်မောင်မြင့်တို့က သင်တန်းထူးချွန်ဆု၊ သင်တန်းဆင်းအောင်လက်မှတ်များနှင့် သင်တန်းထွက်ကုန်များကို ပေးအပ်ခဲ့ကြပြီး သင်တန်းဆင်းသင်တန်းသူတစ်ဦးက ကျေးဇူးတင်စကားပြန်လည်ပြောကြားသည်။

အဆိုပါနည်းပညာပေးသင်တန်းနှစ်မျိုးကို အောက်တိုဘာလ ၁၇ ရက်နေ့မှ ၂၁ ရက်နေ့ထိ ၅ ရက်ကြာ စာတွေ့၊ လက်တွေ့ သင်ကြားပို့ချပေးခဲ့ပြီး အခြေခံတန်ဖိုးမြှင့်စားသောက်ကုန်ထုတ်လုပ်မှုနည်းပညာသင်တန်းတွင် သင်တန်းသား/သူ ၂၀ ဦး၊ လူသုံးကုန်ထုတ်လုပ်မှုနည်းပညာသင်တန်းတွင် သင်တန်းသား/သူ ၂၀ ဦး တက်ရောက်ခဲ့ကြကာ ပြည်နယ်ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများက သင်တန်းသား၊ သင်တန်းသူများအား ရင်းရင်းနှီးနှီးတွေ့ဆုံအားပေး စကားပြောကြား၍ သင်တန်းသား၊ သင်တန်းသူများ ကိုယ်တိုင်ထုတ်လုပ်ထားသော စားသောက်ကုန်ပစ္စည်းများနှင့် လူသုံးကုန်ပစ္စည်းများအား လှည့်လည်ကြည့်ရှုအားပေးခဲ့ကြကြောင်း သတင်းရရှိသည်။

စောမျိုးမင်းသိန်း(ပြန်/ဆက်)

No comments:

Post a Comment