Saturday, October 22, 2022

မြန်မာ့ရိုးရာယဉ်ကျေးမှု ဗဟိုအဆင့် အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲတွင် ဆုဆွတ်ခူးရရှိခဲ့သည့် ရှမ်းပြည်နယ်ကိုယ်စားပြု ပြိုင်ပွဲဝင်များအား ဂုဏ်ပြုချီးမြှင့်ပွဲ ကျင်းပ

 


တောင်ကြီး       အောက်တိုဘာ   ၂၂

(၂၃)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး ဗဟိုအဆင့် ပြိုင်ပွဲတွင် ဆုဆွတ်ခူးရရှိခဲ့သည့် ရှမ်းပြည်နယ်ကိုယ်စားပြု ပြိုင်ပွဲဝင်များအား ဂုဏ်ပြုချီးမြှင့်ပွဲကို အောက်တိုဘာ(၂၁)ရက် နံနက် (၁၀)နာရီက တောင်ကြီးမြို့ တောင်ကြီးတက္ကသိုလ် ဘွဲ့နှင်းသဘင်ခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။

ဂုဏ်ပြုချီးမြှင့်ပွဲတွင် ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာကျော်ထွန်းက မြန်မာနိုင်ငံအတွင်း နေထိုင်ကြသော တိုင်းရင်းသားမျိုးနွယ်များ၏ အမျိုးဂုဏ် ဇာတိဂုဏ်မြင့်မားရေး၊ ယဉ်ကျေးမှုအမွေအနှစ် စရိုက်လက္ခဏာများ မပျောက်ပျက်စေရေး၊ ပိုမိုခိုင်မာသော တိုင်းရင်းသားစည်းလုံး ညီညွတ်မှုရရှိစေရန် ရည်ရွယ်ကျင်းပသည့် ၂၀၂၂ခုနှစ် (၂၃)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး  ပြိုင်ပွဲကို အောင်မြင်စွာ ကျင်းပနိုင်ခဲ့ပြီးဖြစ်ပါကြောင်း ၊ အဆိုပါ ဝါသနာရှင် ပထမတန်းနှင့် ဒုတိယတန်းအဆင့်၊ အဆင့်မြင့်ပညာအဆင့်၊ အခြေခံပညာ အဆင့်နှစ်ဆင့်၏ ပြိုင်ပွဲအသီးသီးတွင် ရှမ်းပြည်နယ်ကိုယ်စားပြု ပြိုင်ပွဲဝင်မောင်မယ် ကျား (၃၉)ဦးနှင့် မ(၆၂)ဦး စုစုပေါင်း (၁၀၁)ဦး ပါဝင်ယှဉ်ပြိုင်ခဲ့ပြီး ရွှေ(၁)ခု၊ ငွေ(၈)ခု၊ ကြေး (၅)ခု၊ နှစ်သိမ့်ဆု (၅)ဆု စုစုပေါင်း ဆု(၁၉)ခု ရရှိခဲ့သည့်အတွက် ရှမ်းပြည်နယ်အစိုးရအဖွဲ့မှ ပြိုင်ပွဲဝင်မောင်မယ်များအား ဂုဏ်ယူဝမ်းမြောက်မိပါကြောင်း၊ အခြေခံပညာအဆင့် ဒိုးပတ်ပြိုင်ပွဲတွင် ထပ်အိမ်ဂူဘုန်းတော်ကြီးသင် ပညာရေးကျောင်း အဖွဲ့အနေဖြင့် ပထဦးဆုံးယှဉ်ပြိုင်ပွဲတွင် ရွှေတံဆိပ် ဆွတ်ခူးနိုင်ခဲ့ပြီး အခြားဆိုင်းဝိုင်း အဖွဲ့လိုက်၊ အိုးစည်အဖွဲ့လိုက် ၊ ဆိုင်းဝိုင်းတစ်ဦးချင်းနှင့် ပုလွေပြိုင်ပွဲအားလုံးတွင်လည်း ငွေ၊ ကြေး ဆုတံဆိပ်များ ဆွတ်ခူးနိုင်ခဲ့ပါကြောင်း၊ (၂၃)ကြိမ်မြောက်အတီးပြိုင်ပွဲတွင် ရှမ်းပြည်နယ်ကိုယ်စားပြု ထပ်အိမ်ဂူအဖွဲ့ ဟာ ပြည်နယ်ဂုဏ်ကို ဆောင်နိုင်ခဲ့သော အဖွဲ့အဖြစ် မှတ်တမ်းတင်ဂုဏ်ပြုရမည်ဖြစ်သလို အခြားသော အဆို၊ အကနှင့်အရေး ပြိုင်ပွဲများတွင် ထိုက်သင့်သောအောင်မြင်မှု ရရှိခဲ့ကြသည့် ပြိုင်ပွဲဝင်မောင်မယ်များကိုလည်း မှတ်တမ်းတင် ဂုဏ်ပြုရမည်ဖြစ်ကြောင်း ပြောကြားပါသည်။

ထို့နောက် ဆုချီးမြှင့်ပွဲ ဆက်လက်ကျင်းပခဲ့ရာ ရွှေတံဆိပ်ရရှိခဲ့သည့် ဒိုးပတ်အဖွဲ့အား ဂုဏ်ပြုချီးမြှင့်ငွေ ကျပ်(၁၅)သိန်း၊ ငွေတံဆိပ်ဆုရရှိခဲ့သည့် အိုးစည်အဖွဲ့အား ဂုဏ်ပြုချီးမြင့်ငွေ ကျပ်(၁၂)သိန်း၊ ဝါသနာရှင် ပထမအတန်း အရေးပြိုင်ပွဲတွင် ငွေတံဆိပ်ဆုရရှိသည့် ပြိုင်ပွဲဝင်အား ချီးမြှင့်ငွေ ကျပ်(၄)သိန်းနှင့် ဝါသနာရှင် ဒုတိယအတန်း ဒုံမင်းအတီးပြိုင်ပွဲတွင် ငွေတံဆိပ်ဆုရရှိခဲ့သည့် ပြိုင်ပွဲဝင်အား ဂုဏ်ပြုချီးမြှင့်ငွေ ကျပ်(၄)သိန်း တို့အား ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာကျော်ထွန်းက ပေးအပ်၍လည်းကောင်း၊ ငွေတံဆိပ်ဆုများ ရရှိခဲ့ကြသည့် အဆင့်မြင့်ပညာအဆင့် (အက)ပြိုင်ပွဲဝင်အား ဂုဏ်ပြုချီးမြင့်ငွေ ကျပ်(၄)သိန်း၊ အဆင့်မြင့်ပညာအဆင့် (စန္ဒာယားအတီး)ပြိုင်ပွဲဝင်အား ဂုဏ်ပြုချီးမြင့်ငွေ ကျပ်(၄)သိန်း၊ အခြေခံပညာအဆင့်အသက် (၁၅)နှစ်မှ (၂၀)နှစ် စောင်းအတီးပြိုင်ပွဲဝင်အား ဂုဏ်ပြုချီးမြင့်ငွေ ကျပ်(၄)သိန်း တို့အား ပြည်နယ်လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး မှ ပေးအပ်၍လည်းကောင်း ၊ ငွေတံဆိပ်များ ရရှိခဲ့သည့် အခြေခံပညာအဆင့် အသက်(၁၅)နှစ်မှ (၂၀)နှစ် နှဲအတီးပြိုင်ပွဲဝင်အား ဂုဏ်ပြုချီးမြင့်ငွေ ကျပ်(၄)သိန်း ၊ အခြေခံပညာအဆင့် အသက် (၁၅)နှစ်မှ (၂၀)နှစ် ဆိုင်းတစ်ဦးချင်း အတီးပြိုင်ပွဲဝင်အား ၊ ဂုဏ်ပြုချီးမြင့်ငွေ ကျပ်(၄)သိန်းနှင့် ကြေးတံဆိပ်ရရှိခဲ့သည့် ဝါသနာရှင် ဒုတိယအတန်း အရေးပြိုင်ပွဲဝင်အား ဂုဏ်ပြုချီးမြင့်ငွေ ကျပ်(၃)သိန်းတို့ကို ပြည်နယ်စီးပွားရေးရာဝန်ကြီးမှ ပေးအပ်၍လည်းကောင်း ၊ ကြေးတံဆိပ်များ ရရှိခဲ့ကြသည့် အခြေခံပညာအဆင့် အသက်(၁၅)နှစ်မှ (၂၀)နှစ် စန္ဒယားအတီးပြိုင်ပွဲဝင်အား ဂုဏ်ပြုချီးမြင့်ငွေ ကျပ်(၃)သိန်း၊ အခြေခံပညာအဆင့် အသက်(၁၅)နှစ်မှ (၂၀)နှစ် ပတ္တလားအတီးပြိုင်ပွဲဝင်အား ဂုဏ်ပြုချီးမြင့်ငွေ ကျပ်(၃)သိန်း ၊ အခြေခံပညာအဆင့် အသက်(၁၅)နှစ်မှ (၂၀)နှစ် ပုလွေပြိုင်ပွဲဝင်အား ဂုဏ်ပြုချီးမြင့်ငွေ ကျပ်(၃)သိန်းတို့ကို ပြည်နယ်သယံဇာတရေးရာဝန်ကြီး မှ ပေးအပ်၍လည်းကောင်း ၊  ကြေးတံဆိပ်ရရှိခဲ့သည့် အခြေခံပညာအဆင့် အသက် (၁၅)နှစ်မှ (၂၀)နှစ် အကပြိုင်ပွဲဝင်အား ဂုဏ်ပြုချီးမြင့်ငွေကျပ်(၃)သိန်း၊ နှစ်သိမ့်ဆုရရှိသည့် ဆိုင်းအဖွဲ့အား  ဂုဏ်ပြုချီးမြင့်ငွေ ကျပ်(၈)သိန်း၊ နှစ်သိမ့်ဆုရရှိခဲ့သည့် ဝါသနာရှင် ဒုတိယအတန်း အကပြိုင်ပွဲဝင်အား ဂုဏ်ပြုချီးမြင့်ငွေ ကျပ်(၁)သိန်းတို့ကို ပြည်နယ်လူမှုရေးရာဝန်ကြီးမှ ပေးအပ်၍လည်းကောင်း၊ နှစ်သိမ့်ဆုများ ရရှိခဲ့ကြသည့် အခြေခံပညာအဆင့် အသက်(၁၅)နှစ်မှ(၂၀)နှစ် ကာလပေါ်အဆိုပြိုင်ပွဲဝင်အား ဂုဏ်ပြုချီးမြင့်ငွေကျပ်(၁)သိန်း၊ နှစ်သိမ့်ဆုရရှိခဲ့သည့် အခြေခံပညာအဆင့် အသက်(၁၀)နှစ်မှ(၁၅)နှစ် နှဲပြိုင်ပွဲဝင်အား ဂုဏ်ပြုချီးမြင့်ငွေကျပ်(၁)သိန်းနှင့် အခြေခံပညာအဆင့် အသက်(၁၀)နှစ်မှ(၁၅)နှစ် ပုလွေပြိုင်ပွဲဝင်အား ဂုဏ်ပြုချီးမြင့်ငွေ ကျပ်(၁)သိန်းတို့ကို ပြည်နယ်တိုင်းရင်းသားရေးရာဝန်ကြီးမှ ပေးအပ်ခဲ့ပါသည်။

ထို့နောက် ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင် ပြည်နယ်လူမှုရေးရာဝန်ကြီး ဦးအောင်မြင့်က ဗဟိုအဆင့်ပြိုင်ပွဲတွင် လိုက်ပါဆောင်ရွက်သည့် ကြီးကြပ်သူအဖွဲ့များဖြစ်သည့် တောင်ကြီးတက္ကသိုလ် ဒုတိယပါမောက္ခချုပ် ဒေါက်တာအောင်နေမျိုး၊ ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန ညွှန်ကြားရေးမှူး ဦးဘုန်းကျော်၊ တောင်ကြီးခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဦးမြတ်သူ၊ တောင်ကြီးပညာရေးဒီဂရီကောလိပ် တွဲဖက်ပါမောက္ခဒေါ်ပိုးပိုးငြိမ်တို့အား ဂုဏ်ပြုချီးမြှင့်ငွေတစ်ဦး(၂)သိန်းစီ ပေးအပ်ခဲ့ပါသည်။

ဆက်လက်ပြီး ရှမ်းပြည်နယ်(၂၃)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲအောင်နိုင်ရေးကော်မတီ အတွင်းရေးမှူး ဒုတိယပါမောက္ခချုပ် ဒေါက်တာအောင်နေမျိုးက ပြိုင်ပွဲနှင့်စပ်လျဉ်းပြီး အတွေ့အကြုံများ ရှင်းလင်းတင်ပြပြီး (၂၃)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး ဗဟိုအဆင့် ပြိုင်ပွဲတွင် ငွေတံဆိပ်ဆုရှင် မစုယွန်းရွှေရည်က အကအလှများဖြင့် လည်းကောင်း ၊ ရွှေတံဆိပ်ရှင် ဒိုးပတ်အဖွဲ့မှ အတီးဖြင့်ဖျော်ဖြေခဲ့ကြကြောင်းသိရသည်။

အင်းသားလေး(တောင်ကြီး)

No comments:

Post a Comment