Thursday, October 27, 2022

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ၊ ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ်၊ ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း၊ သီလဝါအထူးစီးပွားရေးဇုန် စီမံခန့်ခွဲမှုကော်မတီမှ တာဝန်ရှိသူများအားတွေ့ဆုံ အမှာစကားပြောကြား

 

နေပြည်တော် အောက်တိုဘာ ၂၇

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ၊ ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ်၊ ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းသည် ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးစိုးသိန်း၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တပ်မတော်အရာရှိကြီးများ၊ ရန်ကုန်တိုင်းစစ်ဌာနချုပ် တိုင်းမှူးနှင့် တာဝန်ရှိသူများလိုက်ပါ၍ ယနေ့မွန်းလွဲပိုင်းတွင် သီလဝါအထူးစီးပွားရေးဇုန် စီမံခန့်ခွဲမှုကော်မတီမှ တာဝန်ရှိသူများအား သီလဝါအထူးစီးပွားရေးဇုန် စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌရုံး အစည်းအဝေးခန်းမ၌ တွေ့ဆုံ၍ အမှာစကားပြောကြားသည်။





ဦးစွာ သီလဝါအထူးစီးပွားရေးဇုန် ဖြစ်ပေါ်တိုးတက်မှုနှင့် လုပ်ငန်းဆောင် ရွက်မှုအခြေအနေများအား သီလဝါအထူးစီးပွားရေးဇုန် စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ ဦးရဲနိုင်ထွန်းက ရှင်းလင်းတင်ပြပြီး သီလဝါအထူးစီးပွားရေးဇုန်ဆိုင်ရာ ဗီဒီယိုဖိုင်ကိုပြသည်။ ထို့နောက် မြန်မာအထူးစီးပွားရေးဇုန်ဆိုင်ရာ လုပ်ငန်းအဖွဲ့ဥက္ကဋ္ဌ၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးအောင်နိုင်ဦးက သီလဝါ အထူးစီးပွားရေးဇုန် လက်ရှိဆောင်ရွက်နေမှု အခြေအနေများ၊ တွေ့ကြုံရသော အခက်အခဲများအပေါ် နိုင်ငံတော်ကဖြေရှင်း ဆောင်ရွက်ပေးမှုအခြေအနေများ၊ လုပ်ငန်းဆက်လက် ဆောင်ရွက်သွားမည့် အခြေအနေများအား ရှင်းလင်းတင်ပြသည်။

ဆက်လက်၍ တက်ရောက်လာကြသူများက အတူးစီးပွားရေးဇုန်အတွင်း ရင်းနှီးမြှုပ်နှံကာ လုပ်ငန်းများ ဆောင်ရွက်နေမှုများအား ရှင်းလင်းတင်ပြကြသည်။

ယင်းနောက်နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ၊ ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ်၊ ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းက တင်ပြချက်များအပေါ် လိုအပ်သည့်အချက်များအလိုက် ပြန်လည်ရှင်းလင်း ညှိနှိုင်းပြီးနောက် အမှာစကားပြောကြားရာတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ရှေ့လုပ်ငန်းစဉ် တတိယအချက်ဖြစ်သော ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် ထိခိုက်ခဲ့သည့် စီးပွားရေးလုပ်ငန်းများအား ဖြစ်နိုင်သမျှနည်းလမ်းများဖြင့် အမြန်ဆုံးကုစားသွားမည်ဟူသည့် အချက်ကို သီလဝါအထူးစီးပွားရေးဇုန်မှလည်း တစ်စိတ်တပိုင်း အကောင်အထည်ဖော်နေမှုပင် ဖြစ်ကြောင်း၊ ဝန်ကြီးချုပ်၏ လမ်းညွှန်ချက်ဖြစ်သည့် နိုင်ငံ့စီးပွားရေးအတွက် ထုတ်ကုန်တိုးမြှင့် ထုတ်လုပ်နိုင်ရန်နှင့် ပို့ကုန်တိုးမြှင့်နိုင်ရန် ကြိုးပမ်းဆောင်ရွက်သွားရန်နှင့် ကျောက်ဖြူ၊ ထားဝယ် SEZ များလည်း အလားတူအမြန်ဆုံး အောင်မြင်ပြီးမြောက်အောင် ဆောင်ရွက်ရန်လိုကြောင်း၊ လာရောက်ရင်းနှီးမြုပ်နှံသည့် နိုင်ငံများမှ ကုမ္ပဏီများ၏ ယုံကြည်မှုရရှိနေအောင် ဆောင်ရွက်ပေးရန်လိုကြောင်း၊ ငွေကြေးဆိုင်ရာ အရေးယူဆောင်ရွက်ရေးအဖွဲ့ (Financial Action Task Force-FATF) ၏ ထုတ်ပြန်ချက်နှင့် ပါတ်သက်၍ ဗဟိုဘဏ်မှလည်း တရားဝင်ရှင်းလင်းထားပြီးဖြစ်၍ ပုံမှန်ငွေကြေးစီးဆင်းမှုနှင့် နိုင်ငံစီးပွားရေးပုံမှန်လည်ပတ်နေမှုကို သံသယရှင်းလင်းအောင် လိုအပ်ပါက ဗဟိုဘဏ်မှ နားလည်သူများကို လာရောက် ရှင်းလင်းပြောကြားစေမည် ဖြစ်ကြောင်း၊ FDI များ ပိုမိုဝင်ရောက်လာစေရေး Brochure များကို ရုရှား၊ တရုတ်နှင့်အခြားသော စိတ်ဝင်စားသည့် ဒေသတွင်းနိုင်ငံတို့၏ ဘာသာစကားတို့ဖြင့် ဖြန့်ဝေကြေညှာပေးရန်လိုကြောင်း၊ ကျန်ရှိနေသော မြေသိမ်းဆည်းရေးကိစ္စများအား ဥပဒေနှင့်အညီ အမြန်ပြီးစီးစေရေး ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့မှ ကူညီဆောင်ရွက် ပေးသွားရန်လိုကြောင်း၊ ရေလုံလောက်စွာရရှိရေး မြို့တော်စည်ပင်အနေဖြင့် စီမံပေးထားပြီးဖြစ်ကြောင်း၊ အထူးစီးပွားရေး ဇုန်မှလုပ်ငန်းများနှင့် MSME များ ချိတ်ဆက်ပေးရာတွင် မူလ SEZ ၏ ရည်မှန်းချက်နှင့် ကိုက်ညီပြီး နိုင်ငံစီး ပွားဖွံ့ဖြိုးမှုကို အထောက်အကူပြုမည့် ထုတ်ကုန်တိုးမြှင့်ထုတ်လုပ်နိုင်ရေး ရည်ရွယ်ဆောင်ရွက်ရန်နှင့် SEZ ၏ ဥပဒေ အရကန့်သတ်ချက်များအပေါ်တွင်လည်း ညှိနှိုင်းဆွေးနွေး ဆောင်ရွက်ရန်လိုကြောင်း၊ လုံခြုံရေးနှင့်ပတ်သက်၍ ဇုံတစ်ခုလုံးကို လွှမ်းခြုံနိုင်သည့် လုံခြုံရေးစနစ် ဆောင်ရွက်နိုင်ရေး လုံခြုံရေးကုမ္ပဏီများကို တင်ဒါစနစ်ဖြင့် ခေါ်ယူဆောင်ရွက်သွားရန်လိုကြောင်း။

သီးနှံကိုအခြေခံသည့် ကုန်ထုတ်လုပ်ငန်းများ Value Added ထုတ်လုပ်ရာတွင် နိုင်ငံ၏ဒေသအလိုက် သီးနှံများထွက်ရှိသည့် အချိန်ကာလမတူညီ မှုပေါ်မူတည်၍ ဒေသအလိုက်အစုအဖွဲ့များ၊ အသင်းအဖွဲ့သမဝါယမပုံစံစုဖွဲ့ ချိတ်ဆက်၍ ဆောင်ရွက်ရန်နှင့် သီးနှံများအပေါ် ပိုးသတ်ဆေး ဓာတ်မြေဩဇာများသုံးစွဲမှုကို စံနှုန်းကိုက် သုံးစွဲရန်အသိပညာပေးရန် လိုကြောင်း၊ SEZ သည် နိုင်ငံတော်၏စီးပွားရေးကို တဖက်တစ်လမ်းမှ အဓိက အထောက်အကူပြု၍ နိုင်ငံတော်၏ GDP ၌လည်းသက် ရောက်လျက်ရှိကြောင်း၊ အောင်မြင်နေသောစံပြဇုံ တစ်ခုဖြစ်၍ အောင်မြင်သထက် အောင်မြင်အောင်ကြိုးပမ်း ဆောင်ရွက်သွားရန်လိုကြောင်း၊ ရှိပြီးသား ကုမ္ပဏီများ လုပ်ငန်းပိတ်သိမ်းမှုမရှိစေရေး အတတ်နိုင်ဆုံးလိုအပ်ချက်ကို ပြည့်စုံအောင် ဖြည့်ဆည်းပေးရန်နှင့် ကုမ္ပဏီအသစ်များ ဝင်ရောက်လာရေး ဆောင်ရွက်ရန်လိုကြောင်း၊ နိုင်ငံမှာ ဖွံ့ဖြိုးတိုးတက်ရေး အဖက်ဖက်မှ ကြိုးပမ်းနေရချိန်ဖြစ်၍ အလုပ်အကိုင် အခွင့်အလမ်းများ ပိုမိုရရှိခြင်းဖြင့် နိုင်ငံ့စီးပွားရေးဖွံ့ဖြိုးတိုးတက်ရေးကို အထောက်အကူပြုနိုင်မည်ဖြစ်၍ ကျန်ရှိသည့်ဟက်တာများ ပိုမိုရောင်းချနိုင်ရေးညှိနှိုင်း ဆောင်ရွက်ရန်လိုကြောင်းဖြင့် ပြောကြားသည်။

ဆက်လက်၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ၊ ဒုတိယ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်၊ ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယ ဗိုလ်ချုပ်မှူးကြီး စိုးဝင်းနှင့် အဖွဲ့ဝင်များသည် ခင်းကျင်းပြသထားသည့် သီလဝါအထူးစီးပွားရေးဇုန်မှ ထုတ်လုပ်သော ကုန်ပစ္စည်းများအား ကြည့်ရှုကြပြီး သီလဝါအထူးစီးပွား ရေးဇုန်ဧည့်ခန်းမဆောင်၌ တာဝန်ရှိသူများအား လိုအပ်သည်များမှာကြားသည်။

ထို့နောက် သီလဝါအထူး စီးပွားရေးဇုန်အတွင်းရှိ KUBOTA Myanmar Co., Ltd စက်ရုံ၏ လုပ်ငန်းဆောင်ရွက်မှုများအား လှည့်လည်ကြည့်ရှုကြရာ တာဝန်ရှိသူများက လိုက်လံရှင်းလင်းတင်ပြကြပြီး သိရှိလိုသည်များမေးမြန်းကာ လိုအပ်သည်များ ပေါင်းစပ် ဆောင်ရွက်ပေးသည်။

သီလဝါအထူးစီးပွားရေးဇုန်၌ ယနေ့အထိ နိုင်ငံပေါင်း ၂၁ နိုင်မှ ကုမ္ပဏီပေါင်း ၁၁၄ ခု လာရောက် ရင်းနှီးမြှုပ်နှံလျက်ရှိကြောင်းသတင်းရရှိသည်။

No comments:

Post a Comment