Friday, October 21, 2022

(၄/ ၂၀၂၂) ကြိမ်မြောက် မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်အစည်းအဝေးက ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်အမျိုးအစား လျှပ်စစ်ဓာတ်အားထုတ်လုပ်မှုလုပ်ငန်းများအပါအဝင် လုပ်ငန်းသစ်(၁၃)ခုကိုခွင့်ပြု

 


နေပြည်တော် အောက်တိုဘာ ၂၁ 

မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်၏ (၄/၂၀၂၂) ကြိမ်မြောက်အစည်းအဝေးကို ယနေ့ နံနက်ပိုင်းတွင် နေပြည်တော်ရုံးအမှတ် ၁၈၊ ပြည်ထောင်စုအစိုးရအဖွဲ့ရုံး၌ကျင်းပရာ အဆိုပါ အစည်းအဝေးသို့ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်၊ မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှု ကော်မရှင်ဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်ကြီးမိုးမြင့်ထွန်း နှင့် ကော်မရှင်အဖွဲ့ဝင်များတက်ရောက်ကြသည်။

အစည်းအဝေးတွင် ဆောင်ရွက်ဆဲရင်းနှီးမြှုပ်နှံမှုလုပ်ငန်း(၁၁)ခု၏ မတည်ငွေရင်းတိုးမြှင့် ခြင်းအပါအဝင် လျှပ်စစ်ကဏ္ဍ၊ စက်မှုကဏ္ဍ၊ စိုက်ပျိုးရေးကဏ္ဍ၊ ဟိုတယ်နှင့်ခရီးသွားကဏ္ဍ၊ ဝန်ဆောင်မှုကဏ္ဍနှင့်အိမ်ရာ အဆောက်အဦကဏ္ဍတို့မှ ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းသစ်(၁၃)ခုကို ခွင့်ပြုပေးခဲ့သည်။ အဆိုပါလုပ်ငန်းများ၏ ရင်းနှီးမြှုပ်နှံမှုပမာဏမှာ အမေရိကန်ဒေါ်လာ(၁၉၈ ဒသမ ၀၁၇) သန်းနှင့်ငွေကျပ်(၁၆၇,၃၆၆ ဒသမ ၃၉၉)သန်း ဖြစ်ပြီး ပြည်တွင်းအလုပ်အကိုင် အခွင့်အလမ်းပေါင်း(၅,၆၈၅)ခုကို ဖန်တီးပေးနိုင်မည်ဖြစ်သည်။ ယနေ့ အစည်းအဝေးက ခွင့်ပြုခဲ့သောလုပ်ငန်းများတွင် ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်အမျိုးအစား လျှပ်စစ်ဓာတ်အား ထုတ်လုပ်ခြင်းလုပ်ငန်းများလည်း ပါဝင်သည်။

၂၀၂၂ ခုနှစ် စက်တင်ဘာလကုန်အထိ မြန်မာနိုင်ငံတွင်ရင်းနှီးမြှုပ်နှံထားသည့် နိုင်ငံ/ဒေသပေါင်း ၅၂ ခုအနက် ရင်းနှီးမြှုပ်နှံမှုအများဆုံးပြုလုပ်သော နိုင်ငံ/ဒေသများမှာ စင်ကာပူနိုင်ငံ၊ တရုတ်နိုင်ငံနှင့် ထိုင်းနိုင်ငံတို့ဖြစ်ပြီး စီးပွားရေးကဏ္ဍ ၁၂ ခုအနက် အများဆုံးရင်းနှီးမြှုပ်နှံ ထားသည့်ကဏ္ဍများမှာ လျှပ်စစ်ကဏ္ဍတွင် စုစုပေါင်း ရင်းနှီးမြှုပ်နှံမှု၏ ၂၈ ဒသမ ၂၁ ရာခိုင်နှုန်း ဖြင့်လည်းကောင်း၊ ရေနံနှင့်သဘာဝဓါတ်ငွေ့ကဏ္ဍတွင် စုစုပေါင်း ရင်းနှီးမြှုပ်နှံမှု၏ ၂၄ ဒသမ ၆၇ ရာခိုင်နှုန်းဖြင့်လည်းကောင်း၊ ကုန်ထုတ်လုပ်မှုကဏ္ဍတွင် စုစုပေါင်း ရင်းနှီးမြှုပ်နှံမှု၏ ၁၄ ဒသမ ၃၂ ရာခိုင်နှုန်းဖြင့်လည်းကောင်း ရင်းနှီးမြှုပ်နှံထားသည်။

မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်သည် ပြည်တွင်းပြည်ပရင်းနှီးမြှုပ်နှံသူများက တင်ပြလာသည့် ရင်းနှီးမြှုပ်နှံမှုအဆိုပြုလွှာများကို စိစစ်ခွင့်ပြုခြင်းကိုလည်းကောင်း၊ လက်ရှိရင်းနှီးမြှုပ်နှံသူများအတွက် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာဝန်ဆောင်မှုများကိုလည်းကောင်း မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုဥပဒေနှင့် အညီဆောင်ရွက် ပေးလျက်ရှိကြောင်း သိရသည်။

(သတင်းစဉ်)

No comments:

Post a Comment