Saturday, October 29, 2022

မိသားစုအကျိုး၊ နိုင်ငံ့အကျိုး ပြည်ပဝင်ငွေ ကြိုးပမ်းရှာဖွေ

 

မြန်မာနိုင်ငံ၏လူဦး‌ရေတွင် အလုပ်လုပ်နိုင်သည့်အရွယ်ရှိ လူဦးရေအချိုးအစားများသည့်အတွက် လူဦးရေဆုလာဘ်ရရှိထားသော နိုင်ငံဟုပင်ဆိုကြသည်။ မြန်မာနိုင်ငံတွင် လူဦးရေ ၇၀ ရာခိုင်နှုန်းမှာ ကျေးလက်ဒေသများတွင် နေထိုင်ကြသည့်အနက် အရွယ်ကောင်းလူငယ်များစွာတို့မှာ ရွှေ့ပြောင်းအလုပ်သမားများအဖြစ်နှင့် ပြည်ပနိုင်ငံများသို့ ရောက်ရှိနေကြသည်။ အရှေ့တောင်အာရှနိုင်ငံများတွင် အင်ဒိုနီးရှားနှင့် ဖိလစ်ပိုင်နိုင်ငံတို့ပြီးလျှင် မြန်မာနိုင်ငံသည် ပြည်ပသို့အလုပ်သမားတင်ပို့မှု တတိယအများဆုံးနိုင်ငံဟူ၍လည်း ဆိုကြသည်။

ပြည်ပနိုင်ငံများသို့ထွက်ခွာ၍ ရွှေ့ပြောင်းအလုပ်သမားများအဖြစ် အလုပ်လုပ်ကြခြင်းမှာ ပြည်တွင်းအလုပ်အကိုင် အခွင့်အလမ်းနည်းပါးခြင်းနှင့် ပြည်ပနိုင်ငံများမှ လုပ်ခလစာ၏ ဆွဲဆောင်ခြင်း စသည့်အကြောင်းများက အဓိကဖြစ်သည်။ ကျေးလက်ဒေသများတွင် ရွှေ့ပြောင်းအလုပ်သမားအဖြစ် ပြည်ပသို့ အဆင်ပြေပြေ၊ မှန်မှန်ကန်ကန်သွားရောက်အလုပ် လုပ်ကိုင်နေသူရှိသည့် အိမ်မှာအိမ်ကြီးရခိုင်တင့်တောင့် တင့်တယ်ဖြစ်နေလေ့ရှိသည်။ မြန်မာအများစုမှာ အနီးဆုံးအိမ်နီးချင်းနိုင်ငံဖြစ်သည့် ထိုင်းနိုင်ငံတွင် သန်းနှင့်ချီ၍ အလုပ်လုပ်နေ ကြပြီး မလေးရှားတွင်သိန်းနှင့်ချီ၍လုပ်နေကြသည်။ စင်ကာပူ၊ ကိုရီးယား၊ ဂျပန်နှင့် ယူအေအီး၊ ကာတာ၊ ဂျော်ဒန် စသည်တို့တွင်လည်းရှိနေသည်။ ပြည်ပသို့ သွားရောက်အလုပ်လုပ်ကိုင်နေသူများက ပြည်တွင်းရှိ ၎င်းတို့၏မိသားစုများထံ ပြန်လည်လွှဲပို့သည့်ငွေများမှာ ၎င်းတို့ မိသားစုအတွက်ဝင်ငွေဖြစ်သလို နိုင်ငံအတွက်လည်း နိုင်ငံခြားမှရရှိသည့်ဝင်ငွေဖြစ်သည်။

ပြည်ပရောက် ရွှေ့ပြောင်းအလုပ်သမားများက ပြည်တွင်းသို့လွှဲပို့လာသည့်ငွေများမှာ အမျိုးသားဝင်ငွေတွင်ပါဝင်ပြီး နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးတွင် အရေးပါသည့်အလျောက် ပြည်ပသို့ အလုပ်သမားများစေလွှတ်ထားရသည့် အမိနိုင်ငံများက အလေးထားကြသည်။ ပြည်ပသို့ အလုပ်သမားသန်းနှင့်ချီ၍ပို့ထားသော ဖိလစ်ပိုင်နိုင်ငံသို့ ပြည်ပရောက် ၎င်း၏ နိုင်ငံသားသူနာပြုများနှင့် အိမ်အကူများ စသူတို့က ပြန်ပို့ငွေသည် အမေရိကန်ဒေါ်လာ သန်းထောင်ပေါင်းများစွာရှိပြီး ၎င်းတို့နိုင်ငံအတွက်လည်း လွန်စွာအရေးပါသည့် ဝင်ငွေဖြစ်သည်။ မိမိတို့နိုင်ငံအနေဖြင့်မူ ထိုင်း၊ မလေးရှား၊ စင်ကာပူနှင့် အခြားနိုင်ငံများသို့ ရောက်ရှိနေသည့် မိမိနိုင်ငံသားများထံမှ ပြန်ပို့ငွေမှာ ၂၀၁၄ ခုနှစ်မှ ၂၀၂၂ ခုနှစ်ဇူလိုင်လအထိ ကိုးနှစ်ခန့်ကာလအတွင်း အမေရိကန်ဒေါ်လာ သန်းပေါင်း ၆၀၀၀ ကျော်ဖြစ်ရာ အင်ဒိုနီးရှား၊ ဖိလစ်ပိုင်တို့နှင့်နှိုင်းယှဉ်ပါက လွန်စွာနည်းပါးသည့် အခြေအနေပင်ဖြစ်သည်။

ယခုအခါ ပြည်ပရောက်မြန်မာနိုင်ငံသားများ နိုင်ငံခြားငွေဖြင့် ရရှိသောဝင်ငွေများကို ပြည်တွင်းသို့ ဘဏ်များမှ တရားဝင်လွှဲပို့ခြင်းအတွက် အမေရိကန်တစ်ဒေါ်လာ သို့မဟုတ် ယင်း နှင့်ညီမျှသည့် နိုင်ငံခြားငွေပေါ်တွင် ကျပ် ၃၀ အပိုဆောင်းပေးသွားမည်ဖြစ်ကြောင်း ဗဟိုဘဏ်က ကြေညာချက်ထုတ်ပြန်လိုက်ပြီဖြစ်သည်။ နိုင်ငံခြားငွေလုပ်ငန်း လိုင်စင်ရဘဏ်များ မှတစ်ဆင့် ပြည်တွင်းသို့ လုံခြုံစိတ်ချစွာလွှဲပို့နိုင်သည့်အပြင် တစ်ဒေါ်လာချင်းစီအတွက်လည်း အပိုဆောင်းပံ့ပိုးငွေကို ရရှိကြမည်ဖြစ်ရာ မိသားစုအတွက်ရော နိုင်ငံအတွက်ပါအကျိုးရှိစေမည့် ပြည်ပဝင်ငွေများကို ကြိုးပမ်းရှာဖွေ၍ တိုးတက်ကြီးပွားနိုင်ကြပါစေကြောင်း။    

မြန်မာ့အလင်း အယ်ဒီတာ့အာဘော်

No comments:

Post a Comment