Saturday, October 29, 2022

စည်းလုံးညီညွတ်မှုအားမာန်များဖြင့် အေးချမ်းသာယာဝပြောရေးထမ်းရွက်

 

မြန်မာနိုင်ငံ၏ ဖြစ်ပေါ်ခဲ့သောအခြေအနေများနှင့် လက်ရှိဖြစ်ပေါ်နေသော အခြေအနေများကို အားလုံးသိရှိပြီးဖြစ်သည်။ ၂၀၂၀ ပြည့်နှစ်ရွေးကောက်ပွဲတွင် မဲမသမာမှုများဖြစ်ပေါ်ခဲ့၍ တာဝန်ရှိသူများက ဖြေရှင်းပေးရန်တောင်းဆိုခဲ့ကြသည်ကို တွေ့ရမည်ဖြစ်သည်။ ထိုစဉ်က နိုင်ငံ့တာဝန်ယူထားသူများက တပ်မတော်သာမက နိုင်ငံရေးပါတီများ၏ ဖြေရှင်းပေးရန် တောင်းဆိုမှုများကို လျစ်လျူရှု၍ နိုင်ငံတော်အာဏာကို အဓမ္မနည်းလမ်းဖြင့်ရယူရန် ကြိုးစားလာသဖြင့် တပ်မတော်သည် ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်အညီ နိုင်ငံတော်တာဝန်ကို မလွှဲမရှောင်သာဘဲ ထိန်းသိမ်းဆောင်ရွက်ခဲ့ရသည်။

ထိုအခါ နိုင်ငံတော်အာဏာကို မတရားသည့်နည်းလမ်းဖြင့် ရယူရန်ကြံစည်ထားပြီးနောက် အာဏာလက်လွှတ်လိုက်ရသည်ကို မကျေနပ်သဖြင့် အစွန်းရောက်နိုင်ငံရေးသမားများက CRPH ၊ NUG အကြမ်းဖက်အဖွဲ့များကိုဖွဲ့စည်း၍ ပြည်တွင်းမှ ပြည်သူများကို သွေးထိုးမြှောက်ပင့်ပေးပြီး PDF အမည်ခံအကြမ်းဖက်အဖွဲ့များ အသီးသီးပေါ်ပေါက်လာခဲ့သည်။ CRPH ၊ NUG အကြမ်းဖက်အဖွဲ့များနှင့် ၎င်းတို့၏ လက်ဝေခံ PDF အကြမ်းဖက်အဖွဲ့များသည် နိုင်ငံအတွင်း၌ အကြမ်းဖက်လုပ်ရပ်များကို ထိုအချိန်မှစ၍ ယနေ့ထက်တိုင် တစိုက်မတ်မတ်လုပ်ဆောင်နေကြ သည်။ အပြစ်မဲ့ပြည်သူများ၊ သီလရှင်နှင့်သံဃာတော်များ၊ ပညာရေးနှင့်ကျန်းမာရေးဝန်ထမ်း များ၊ အပြစ်မဲ့ပြည်သူများအား လူမဆန်စွာသတ်ဖြတ်နှိပ်စက်ခဲ့ကြသည်။

ပြည်သူတို့၏ အသက်အိုးအိမ်စည်းစိမ်တို့ကို ကာကွယ်စောင့်ရှောက်ရန်တာဝန်ရှိသော တပ်မတော်နှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များက CRPH ၊ NUG အကြမ်းဖက်အဖွဲ့များနှင့် ၎င်းတို့၏လက်ဝေခံ PDF အကြမ်းဖက်သမားများအား ဥပဒေနှင့်အညီ ကိုင်တွယ် ဆောင်ရွက်လျက်ရှိသည်။ လက်ရှိအခြေအနေတွင် အကြမ်းဖက်အဖျက်သမားများ လက်ချက်ကြောင့် အပြစ်မဲ့ပြည်သူများ ထိခိုက်သေကျေပျက်စီးရသလို အကြမ်းဖက်အဖျက်သမားသောင်းကျန်းသူများအား ဥပဒေနှင့်အညီ ထိရောက်စွာတိုက်ခိုက် နှိမ်နင်းလျက်ရှိရာ အကြမ်းဖက်အဖျက်လုပ်ရပ်ကို ထိန်းသိမ်းဆောင်ရွက်နိုင်ခဲ့ပြီး အဖျက်လက်နက်ခဲယမ်းအမြောက်အမြားကို သိမ်းဆည်းရမိနိုင်ခဲ့သည်။ တပ်မတော်သည် အကြမ်းဖက်အဖျက်သမားများကို အကြမ်းဖက်နှိမ်နင်းရေးဥပဒေနှင့်အညီ ထိရောက်စွာနှိမ်နင်း နိုင်ခဲ့ပြီ။ အကယ်၍ မနှိမ်နင်းနိုင်ပါက တိုင်းပြည်ပျက်စီးခြင်းများ ဖြစ်ပေါ်နိုင်သည်။

ပြည်တွင်း/ပြည်ပ သွေးခွဲသူများနှင့် အဖျက်သမားများက ၎င်းတို့၏ ရည်မှန်းချက် မျှော်မှန်းသလိုဖြစ်မလာသောအခါ နိုင်ငံ၏ဖြစ်ပေါ်နေသော ပကတိအခြေအနေမှန်များကို မျက်ကွယ်ပြု၍ တပ်မတော်၏ အမျိုးသားရေးတာဝန်အရ လုပ်ဆောင်နေမှုများနှင့် သမိုင်းအစဉ်အလာကြီးမားပြီး ခိုင်မာစွာတည်ဆောက်ထားသော တပ်မတော်ကို သွေးခွဲရန် ကြိုးပမ်းမှုအမျိုးမျိုးကို ပြည်ဖျက်မီဒီယာများကိုအသုံးချ၍ လုပ်ဆောင်နေကြသည်။ ထို့အပြင် တပ်မတော်က နိုင်ငံတော်တာဝန်ကို ခေတ္တထိန်းသိမ်းထားမှုကို မလိုလားသည့် ပြည်ပနိုင်ငံကြီးအချို့က ပကတိအမှန်တရားများကို မှန်ကန်စွာ ဆင်ခြင်သုံးသပ်ခြင်းမပြုဘဲ ပြည်ဖျက်မီဒီယာများနှင့် မသမာသူများဖြန့်ဝေသည့် မမှန်သတင်းများ၊ ချဲ့ကားသတင်းများ၊ ကောလာဟလလုပ်ကြံသတင်းများကို အတည်ယူ၍ မြန်မာနိုင်ငံရပ်တည်မှုနှင့် အုပ်ချုပ်ရေးယန္တရားပျက်ပြားစေရန် ဘက်ပေါင်းစုံမှဖိအားပေးမှုများ၊ ထိုးနှက်တိုက်ခိုက်မှုများကို ပြုလုပ်လျက်ရှိသည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည် အဖျက်အန္တရာယ်များနှင့် စိန်ခေါ်မှုများကိုကျော်လွှား၍ နိုင်ငံတော်၏ရှေ့လုပ်ငန်းစဉ်(၅)ရပ်နှင့် ဦးတည်ချက်(၉)ရပ်ပါရည်မှန်းချက်များကို အဆင့်လိုက်မမှိတ်မသုန် အကောင်အထည်ဖော်ဆောင်ရွက်နေသည်။ ထို့အပြင် အမျိုးသားရေး ရည်မှန်းချက်(၂)ရပ်ဖြစ်သည့် တိုင်းပြည်သာယာဝပြောရေး၊ စားနပ်ရိက္ခာဖူလုံရေးနှင့် နိုင်ငံရေးလုပ်ငန်းစဉ် (၂)ရပ်ဖြစ်သည့် စစ်မှန်စည်းကမ်းပြည့်ဝသော ပါတီစုံဒီမိုကရေစီ စနစ်ခိုင်မာစေရေး၊ဒီမိုကရေစီနှင့်ဖက်ဒရယ်စနစ်ကိုအခြေခံသော ပြည်ထောင်စုတည်ဆောက် ရေးတို့ကို ကြိုးပမ်းဆောင်ရွက်နေသည်။ နိုင်ငံရေးနှင့် စီးပွားရေးသည် အပြန်အလှန် အမှီသဟဲပြုနေသဖြင့် နိုင်ငံ့စီးပွားရေးကို မြှင့်တင်နိုင်ရန် နိုင်ငံ့စီးပွားရေး၏အခြေခံဖြစ်သော စိုက်ပျိုးမွေးမြူရေးနှင့် အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများကို အားပေးမြှင့်တင်ပေးနေသည်။

မြန်မာနိုင်ငံတွင် နှစ်ပေါင်း ၇၀ ကျော် ဆိုးမွေများကို ခံစားနေရသည့် လက်နက် ကိုင်ပဋိပက္ခများချုပ်ငြိမ်းစေရန် ကြိုးပမ်းဆောင်ရွက်လျက်ရှိသည်။ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီအနေဖြင့် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ကို စစ်မှန်စည်းကမ်းပြည့်ဝသည့် ဒီမိုကရေစီနိုင်ငံဖြစ်ပေါ်လာစေရန် ပြန်လည်တည့်မတ်ဆောင်ရွက်ပေးနေသလို နိုင်ငံတော်နှင့် တိုင်းရင်းသားပြည်သူအားလုံး ကောင်းမွန်သည့်အခြေအနေတစ်ခုရောက်အောင် အခက်အခဲများ၊ စိန်ခေါ်မှုများကြားမှ ဆောင်ရွက်ပေးလျက်ရှိရာ ရည်မှန်းချက်များအောင်မြင်စေရန်အတွက် စည်းလုံးညီညွတ်သောအားမာန်များဖြင့် ဝိုင်းဝန်းလက်တွဲဆောင်ရွက်ကြရန် တိုက်တွန်းအပ်ပါ ကြောင်း။    

ကြေးမုံအယ်ဒီတာ့အာဘော်

No comments:

Post a Comment